Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Saturday, July 19, 2014

တတိယအရွယ်ရောက်မှ တရားရှာသင့်တာလား ?






ဘုန်းဘုန်းဘုရားတပည့်တော်နာမည်က မော်မော်မော်စန်းပါဘုရားအခုအသက်(၃၅) နှစ် ရှိပါပြီဘုရား၊ ရက်ရှည်အလုပ်ပိတ်ရက်တွေမှာ ရက်ရသလောက်လေးတရားစခန်းကိုဝင်ပါတယ်၊ အခြားရက်တွေမှာလဲ  ဆွမ်းခံကြွတဲ့ ကိုယ်တော်လေးတွေကို တတ်နိုင်သလောက် ဆွမ်းလောင်းပြီး ဘုရားရှိခိုး၊တရားနာတွေလဲ အချိန်ရတိုင်း ပြုလုပ်ပါတယ်ဘုရား။ အလုပ်နားရက်တွေမှာ သူများတွေလို ရုပ်ရှင်ကြည့်တာတို့ ပန်းခြံသွာတာတို့ကိုမလုပ်ပါဘူးဘုရား။ 

ဒီလိုနေတာကို တပည့်တော်မရဲ့ မိဘတွေကသဘောမကျကြပါဘူးဘုရား၊ “(၃၅)နှစ်ဆိုတာ အငယ်လေးပဲရှိသေးတာ ဘုရားတရားအလုပ်ဆိုတာ အသက်ကြီးမှလုပ်ရတာ၊ ဘုရားကတောင် ပထမအရွယ်မှာပညာရှာ၊ ဒုတိယအရွယ်မှာဥစ္စာရှာ၊တတိယအရွယ်မှ တရားရှာလို့ ဟောထာတယ်” ဆိုပြီးပြောပါတယ်ဘုရား။ သူတို့ကခုလိုအမြဲပြောပြောနေတော့ တပည့်တော်မ ဘာသာရေးလုပ်ရမှာကို     မ၀ံ့မရဲဖြစ်နမိပါတယ်ဘုရား။ ဒါကြောင့် တပည့်တော်မ အခုလိုငယ်ရွယ်တဲ့အချိန်မှာ တရားမရှာသင့်ဘူး၊ သင့်တယ်ဆိုတာကို ဖြေကြားပေးတော်မူပါဘုရား။

ကြည်ညိုရိုသေစွာဖြင့်
မမော်မော်စန်း၊
မရမ်းကုန်း၊ရန်ကုန်

          ဒကာမကြီးရေ ပထမဆုံးမြတ်စွာဘုရားကိုယ်တော်တိုင်တိုင်  မဟာသမယသုတ် မှာဟောကြားတော်မူထားတဲ့ တရားအားထုတ်ရန်မသင့်လျှော်တဲ့ အချိန်ကာလ(၅)မျိုးကို ပြောပြချင် ပါတယ်။ ဒီချိန်ကာလတွေကတော့

(၁) အိုးမင်မစွန်းဖြစ်သောအခါ
(၂) နာမကျန်းဖြစ်သောအခါ
(၃) ဆန်ရေစပါး၊ ပစ္စည်းဥစ္စာရှားပါးသောအခါ
(၄) သောင်းကျန်းသူများရဲ့ ဘေးရန်အန္တရာယ်ရှိသောအခါ
(၅) သံဃာတော်များဂိုဏ်းကွဲသောအခါ တို့ဖြစ်ပါတယ်။

          ဒီ(၅)မျိုးထဲက နံပါတ်(၁) နဲ့ နံပါတ်(၂) အရ အိုမင်းမစွမ်းဖြစ်သောအခါနဲ့ နာမကျန်းဖြစ် သောအခါမှာ တရားအားထုတ်ရန်မသင့်လျှော်ကြောင်း ဟောကြားထားတာမို့ ငယ်ရွယ်နုနယ် ကျမ္မာရေး ကောင်းစဉ်မှာ တရားအားထုတ် ရမယ်လို့ဆိုလိုပါတယ် ဒီလို ငယ်ရွယ်နုနယ် ကျမ္မာရေးကောင်းစဉ်မှာ တရားအလုပ် ဘာသာရေးအလုပ်လုပ်တာဟာ ဘုရားဟောနှင့်အညီ ဖြစ်တာမို့ ကောင်းမွန်လှပါတယ်။ 
 
အသက်အရွယ်ကြီးရင့်တဲ့အခါမှာ စိတ်သွားတိုင်း ကိုယ်မပါတာမို့ တရားအားထုတ်တဲ့အခါ ငယ်ရွယ်သူများလောက် အဆင်ပြေမှာမဟုတ်ပါဘူး။ ဒီအတိုင်းပဲ ကျမ္မာရေးမကောင်း နာမကျန်းဖြစ်တဲ့ အခါမှာ စိတ်ကတရားပေါ်မှာ အာရုံမထားနိုင်တော့ပဲ  ရောဂါအပေါ်မှာ အာရုံရောက်နေင်္ပြီး သမာဓိထူ ထောင်လို့မရ စိတ်လွင့်ပြားနေမှာမို့ ဘယ်လိုမှအဆင်ပြေမှာ မဟုတ်ပါဘူး။ 

စိတ်သွားတိုင်းကိုယ်ပါပြီး သမာဓိကောင်းကောင်းနဲ့ တရားထူးရဖို့အတွက် အိုးမင်းမစွမ်းမဖြစ် ခင် ကျမ္မာရေးကောင်းစဉ်မှာ တရားအလုပ်လုပ်တာဟာ အကောင်းဆုံးပဲဆိုတာ တရားအားထုတ်ဖူးသူ တိုင်းသိကြမှာပါ၊ လူအတော်များများဟာ ပထမအရွယ်မှပညာရှာ၊ ဒုတိယအရွယ်မှာဥစ္စာရှာ၊တတိယ အရွယ်မှာ တရားရှာ ဆိုတဲ့စကားကို ဘုရားဟောဆိုပြီး ထင်မှတ်လက်ခံထားကြပါတယ်။ အမှန်မှာ ဒီစကာက“စတုရင်္ဂဗလ”အမတ်ကြီးကဗုဒ္ဓစာပေ၊သက္ကတစာပေ၊ပြာကဋစာပေ၊ဟိန္ဒီစာပေများမှ ကောင်းနိုးရာရာတို့ကို ရွေးကာပြုစုထားတဲ့ “လောကနီတိ”ကျမ်းလာစကားတွေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ပထမအရွယ်မှပညာရှာ၊ ဒုတိယအရွယ်မှာဥစ္စာရှာ၊တတိယအရွယ်မှ တရားရှာ ဆိုတဲ့စကားဟာ အလုံးစုံ မမှန်နိုင်ပါဘူး။

လူဆိုတာ အသက်ကြီးတဲ့အခါမှသေမယ် အသက်ငယ်ရွယ်မှာမသေနိုင်ဘူးလို့ ဘယ်သူကမှ တထစ်ချမပြောနိုင်ပါဘူး။ပညာရှာတဲ့ ငယ်ရွယ်နုနယ်တဲ့အချိန်မှာလဲသေသွားနိုင်သလို၊ဥစ္စာရှာတဲ့ လူလတ်ပိုင်းအရွယ်မှာလဲ သေသွားနိုင်ပါတယ်။ ဒါ့ကြောင့် တတိယအရွယ်ပိုင်းဖြစ်တဲ့ ကြီးရင့်အိုမင်း တဲ့အခါမှ တရားရှာမယ်ဆိုရင် ဘုရားဟောတဲ့ မဟာသမယသုတ်တော်အရကော သေခြင်းတရား အရပါ လက်တွေ့မကျပါဘူ။

တရားအားထုတ်တယ်ဆိုတာကလည်း တရားစခန်းတွေ ရိပ်သာတွေမှာ သွားရောက်အားထုတ်မှ တရားအားထုတ်တာမဟုတ်ပါဘူး၊ သာမန် အချိန်တွေဖြစ်တဲ့စား၊သောက်၊နေထိုင်တဲ့ အချိန်တွေမှာ သတိလေးနဲ့ စားသောက်၊ပြောဆို၊နေထိုင်ပြီး မကောင်းတဲ့အလုပ်၊မကောင်းတဲ့အပြော၊ မကောင်းတဲ့ အကြံတွေကို မပြုလုပ်မပြောဆိုတာဟာ တရားသဖြင့်နေတာဖြစ်လို့ တရားကျင့်နေတာလို့ခေါ်ဆိုရမှာ ဖြစ်ပါတယ်။

များသောအားဖြင့် တရားစခန်းများ၊တရားရိပ်သာများကိုသွားရောက်ပြီး တရာအားထုတ်မှသာ တရားအလုပ် လုပ်ကြတာလို့ထင်မြင်မှတ်ယူလေ့ရှိပါတယ်၊ တရားစခန်းသွားပြီး မကောင်းတာကြံ၊ မကောင်းတာတွေးနေရင်တော့ တရားအလုပ်ကို လုပ်နေတယ်လို့ပြောဆိုလို့ မရနိုင်ပါဘူး၊ အချို့သူများဆိုရင် တရားစခန်းကပြန်လာရင်လည်း စိတ်ထားတွေထူးပြီးပြောင်းလဲမလာကြပါဘူး။ တရားစခန်းကပြန်လာရင် အနည်းဆုံးတော့ မသွားရခင်ထက်တော့ ပြောင်းလဲလာသင့်ပါတယ်။ 

ဘုရား၊တရားအလုပ်ဆိုတာ နောက်ဘ၀အတွက်သာမကပဲ လက်ရှိပစ္စုပ္ပန်ဘ၀မှာလဲ ချမ်းသားမှု၊ အေချမ်းမှုကို ပေးနိုင်ပါတယ်၊ ဘာသာရေးလုပ်တဲ့သူဟာ အခြားသူတွေထက်စာရင် ကိုယ်၊နှုတ်၊စိတ် သုံးပါးလုံး စောင့်စည်းကြတာမို့ ဘာသာရေးပြုလုပ်သူအပါအ၀င် သူ့ရဲ့ မိဘ၊မောင်နှမ ၊ဆွေမျိုးသားချင်း များသာမက ပတ်ဝန်ကျင်အသိုင်းအ၀န်းနှင့် နောက်ဆုံး နိုင်ငံနှင့် ကမ္ဘာတခုလုံးအထိ အေးချမ်းသာယာ စေပါတယ်။ ဘာသာရေးလုပ်သူတွေမရှိတဲ့ မိသားစုဟာ စာရိတ္တပျက်ပြားမှု များပြားတာကြောင့် အစဉ်အမြဲ ပူပန်ရတတ်ပါတယ်။ ရတနာသုံးပါးလေးစားပြီး ဘာသာရေးလုပ်လိုက် စားတဲ့ မိသားစုဟာ မိမိတို့ မိသားစု ၀န်းကျင်မှစလို့  ကမ္ဘာလောကကြီးထိ အေးချမ်းသာယာ ချမ်းမြေ့စေနိုင်ပါတယ်။

ဒါကြောင့် ဘာသာရေးဆိုတာ ငယ်သေးလို့မလုပ်သင့်သေးဘူးဆိုတာ လုံးဝမရှိပဲ စောစောလုပ်လေ အကျိုးရှိလေဖြစ်ပါတယ်၊ မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ မဟာသမယသုတ်တော်အရဆိုရင် တရားအလုပ်လုပ်သူ တနည်းပြောရရင် ဘာသာရေးလုပ်သူဟာ အိုးမင်မစွမ်းမဖြစ်ခင် နာမကျန်းမဖြစ်ခင် ငယ်ရွယ်နုပျို၊ရောဂါဘယာကင်းတဲ့အချိန်မှာ ပြုလုပ်ရန်အထူသင့်လျှော်တဲ့အချိန်ပင်ဖြစ်ပါတယ်။

“မိမိအကျိုး၊သူတပါးအကျိုး၊သည်ပိုးနိုင်သူများဖြစ်နိုင်ကြပါစေ”

ဓမ္မ၀ီရ အရှင်တေဇနိယ

Ph,D (Thesis)

Tuesday, July 15, 2014

"မူဆလင်ဒကာကြီးမေးသမျှ ဓမ္မ၀ီရအရှင် ဖြေဆိုသည်"

09 July, 2014


ဓမ္မ၀ီရအရှင်တေဇနိယ ဘလော့မှကူးယူပါသည်



အစ္စလာမ်ဘာသာဝင်မူဆလင်ဒကာကြီးစိုက်ယဒ်ဟာဂျီဘေလားလ်နူးရ်ကဗုဒ္ဓဘာသာနှင့်သက်ဆိုင်တဲ့ မေးခွန်းများကို အင်တာနက်လူမှုစာမျက်နှာမှတဆင့်  မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းေ ရးပါတီဥက္ကဋ္ဌ ဒကာ ကြီးဦးနေမျိုးဝေအား ဖြေရှင်းချက်တောင်း မေးမြန်းထားသည်ကို ဖတ်ရှုရပါ တယ်၊  ဦးနေမျိုးဝေက ၄င်းတို့၏ အစ္စလာမ်ဘာသာ၏ ကုရ်အာန် ကျမ်းအား ယုတ္တိကျကျ ထောက် ပြဝေဘန်မှုအပေါ် သူတို့မူဆလင်များဘက်မှ ကျနသေခြာလက်ခံနိုင်လောက်သည့်အထိ ဖြေရှင်း နိုင်ခြင်းမရှိပါပဲ၊ မိုးကြိုးကို ထန်လျှက်နှင့်ကာသည့်ပမာ ဗုဒ္ဓဘာသာကိုပင် ပြန်လည်၍မေးခွန်း ထုတ်ထားခြင်းဖြစ်ပါတယ်။

ထို မူဆလင်ဒကာကြီး၏ မေးခွန်းအားလုံးဟာ ဒကာ ဦးနေမျိုးဝေ က ကုရ်အာန်ကျမ်းအား ဝေဘန် သကဲ့သို့ ကျမ်းစာများထဲမှ ထုတ်နှုတ်ကာထောက်ပြထားသလိုမဟုတ်ပဲ ထေရ၀ါဒဗုဒ္ဓ ပိဋ ကတ်တော် များကို  အပေါ်ယံလေးမျှပင် လေ့လာခြင်းမရှိပါပဲ ကလေးဆန်ဆန်သဘောမျှ မေး ခွန်း ထုတ်ထားတာကို တွေ့ရှိရပါတယ်၊ ပါတီဥက္ကဋ္ဌ ဒကာဦးနေမျိုကို ဗုဒ္ဓဘာသာဟုထင်မှတ်တဲ့အတွက် လက်စားချေတဲ့သဘောနဲ့ ဗုဒ္ဓဘာသာကိုပြန်လည်၍ မေးခွန်းထုတ်တာဖြစ်နိုင်ပါတယ်၊ တကယ် တော့ ဒကာဦးနေမျိုးဝေဟာ ဗုဒ္ဓဘာသာဝင်တစ်ဦး မဟုတ်ပဲ မည်သည့်ဘာသာမှမကိုးကွယ်သော ဘာသာမဲ့တစ်ဦးသာဖြစ်ပါတယ်။ မူဆလင်ဒကာရဲ့ ဗုဒ္ဓဘာသာအပေါ် လုပ်ကြံမေးခွန်းများကို ဖြေရှ င်းပေးပါရန် ဓမ္မမိတ်ဆွေ စာဖတ် ပရိသတ်များမှ လျှောက်ထားကြသောကြာင့်ဖြေကြားပေးလိုက် ပါတယ်။
         
          ဒကာကြီးစိုက်ယဒ်ဟာဂျီဘေလားလ်နူးရ်မေးထားသောမေးခွန်းတွေထဲကပထမဆုံးမေးခွန်း ကိုဦး စွာဖြေပေးပါမယ်။ဒကာကြီးမေးထားတာက…

ရှင်ကြီး ဂေါတမရဲ့ ပိဋကတ်သုံးပုံတောင် သီရိလင်္ကာမှာ သက္ကတနဲ့ ရှိနေပြီး ကျနော်တို့နိုင် ငံမှာပါဠိနဲ့ ရှိနေပါတယ်။သက္ကတလို ရှိနေတဲ့ ပိဋကတ်သုံးပုံကို သုံးကြိမ်သုံးခါပဲပြင်ပြီး (သံဃယနာ တင်ပြီး) ပေမယ့်၊ ပါဠိလိုဖြစ်တဲ့ ပြည်တွင်းက ပိဋကတ်သုံးပုံက ဘာဖြစ်လို့ ခြောက်ကြိမ်ထိ ပြင်ထား ရပါသလဲ?၊ လူကြီးမင်း သတိလက်လွတ်ဖြစ်နေတာလေးတစ်ခုကို ထောက်ပြချင်ပါတယ်။ ကျနော် တို့ရဲ့ ကျမ်တော်မြတ်ကုရ်အာန် ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၁၄၀၀)ကျော်က မဟာတမန်တော်မြတ် (PBUH)ထံ ကောင်းကင်တမန်တော်ကြီးမှ တဆင့် အလ္လဟ်အသျှင်မြတ်မှ သူ့အချိန်နဲ့သူ လိုအပ်သ လို(၂၃)နှစ်တာကာလအတွင်းမှာ ချမှတ်ထုတ်ပြန် ခဲ့တဲ့ ကောင်းကင်ကျကျမ်းတစ်ဆောင်ဖြစ်ပါတ ယ် လို့ဗုဒ္ဓဘာသာရဲ့ သင်္ဂါယနာကိုမေခွန်းထုတ်ပြီး တစ်ဆက် တည်းမှာ သူတို့ရဲ့အုရ်အာန်ကျမ်းကို ကောင်းကင်ကျကျမ်ဖြစ်ကြောင်း အမွန်းတင်ထားပါတယ်။

ဒကာကြီးတော်စိုက်ယဒ်ဟာဂျီဘေလားလ်နူးရ်ရေ ယခုဦးဇင်းကိုယ်တိုင် သီရိလင်္ကာမှာ ရောက်ရှိ ပညာတော်သင်ယူနေပါတယ်၊ဒကာပြောသလို သီရိလင်္ကာမှာ ပိဋကတ်သုံးပုံကို သက္ကတ ဘာသာဖြင့် ရေး သားထားခြင်း၊မှတ်တမ်းတင်ထားခြင်း၊လုံးဝ(လုံးဝ)မရှိပါဘူးဒကာ၊ သီရိလင်္ကာမှ မဟုတ် ပါဘူး၊ထိုင်း၊ကမ္ဗောဒီးယား၊လာအို၊မြန်မာ စသောမည့်သည့်ထေရ၀ါဒ နိုင်ငံမှာမှ ပိဋကတ် တော်များကို သက္ကတဘာသာခြင်း ရေးသားထားခြင်း၊မှတ်တမ်းတင်ထားခြင်းမရိပါဘူးဒကာ။ ပါဠိ ဘာသာဖြင့်သာ စနစ်ကျကျ တည်ရှိပါတယ်။

          နောက်တစ်ခုက သင်္ဂါယနာကိစ္စပဲဖြစ်ပါတယ်၊  သင်္ဂါယနာ တင်ခြင်း၏မူလရည်ရွယ်ချက် ကိုကဗုဒ္ဓ မြတ်စွာ၏ ဒေသနာတော်မြတ်တို့ကို  ၊”တစုံတရာပြင်ဆင်ခြင်း၊ ပယ်နှုတ်ခြင်း၊ဖြည့်စွက်ခြင်း ” လုံးဝမပြုရ လေအောင် ဗုဒ္ဓမြတ်စွာ၏ လက်ထက်တော်ကာလကအတိုင်း မူရင်းကျကျ ဖြစ်ရအောင် ဗုဒ္ဓမြတ်စွာဟောကြားခဲ့တဲ့ ဒေသနာတော်တို့ကို မူရင်းအတိုင်းပြန်လည်အတည်ပြုခြင်းကိုပဲ သင်္ဂါယ နာတင်ခြင်းလို့ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဒါကိုဒကာကြီးက လေ့လာမှုမရှိပဲ ပြောင်းပြန်ပြောနေ ခြင်းဖြစ်ပါတယ်။ ထေရ၀ါဒကိုလက်ခံ ကျင့်သုံးတဲ့ နိုင်ငံအားလုံးမှာ သင်္ဂါယနာကို ခြောက်ကြိမ်ဟု အသိအမှတ်ပြုမှတ်တမ်းတင်ထားပါတယ် သေခြာလေ့လာပါလေ၊ သင်္ဂါယနာတင်တယ်ဆိုတာ ဘုရားဟောမူရင်းတွေကို ပြုပြင်ဖို့ဖြစ်တယ်လို့ ဒကာတော်စွတ်စွဲသလို ထေရ၀ါဒဗုဒ္ဓသာသနာဟာ သင်္ဂါယနာတင်ပြီး ဗုဒ္ဓမြတ်စွာ၏ ဒေသနာတော်တို့ကို ပြင်ဆင်ထားတယ်လို့ ခိုင်လုံးသော အထော က်အထားပြနိုင်ပါက၊ ဒကာကြီးတို့ အစ္စလာမ်ဘာသာ ကောင်းတာ မကောင်းတာမစဉ်းစားပဲ အစ္စ လာမ်ဘာသာထဲကို ဦးဇင်းကိုယ်တိုင်ဝင်ရောက်ပါမည်လို့ ရဲရဲကြီးကတိပေး လိုက်ပါရဲ့ဒကာကြီး။

          ဒကာကြီးပြောသလို ကုရ်အာန်စာအုပ်ဟာ ကောင်းကင်ပေါ်က ကျလာတယ်ဆိုတဲ့ တိကျခို င်လုံပြီး၊အာဂမယုတ္တိ၊သဘာဝယုတ္တိရှိရှိနဲ့ ကမ္ဘာကြီးကိုချပြနိုင်မည်ဆိုပါက အခြားဘာသာဝင်တွေ အားလုံဟာ သူတို့ရဲ့မူရင်းဘာသာကိုစွန့်ပယ်ပြီး ဒကာကြီးတို့ အစ္စလာမ်ဘာသာထဲ ၀င်ရောက် လာနိုင်ပါ တယ်၊ ဒါကြောင့် မူဆလင်အနွယ် အစ္စလာမ်ဘာသာဝင်များတိုးပွားများပြားလာနိုင်အော င် ကောင်းကင် ပေါ်ကနေ ကုရ်အာန် စာအုပ်ကျလာပုံကို ယုတ္တိရှိရှိ သက်သေပြသင့်ပါကြောင်း စေ တနာကောင်းဖြင့် အကြံပေးလိုပါတယ်။

        ဦးဇင်းတို့ဗုဒ္ဓဘာသာမှာတော့ ၀ါဒတခု၊အယူအဆတခုကို ရှေးအစဉ်အဆက် ပုဂ္ဂိုလ် တွေယုံကြည်လက်ခံလာလို့၊မိဘတွေ၊ဆရာသမားတွေ၊ဘာသာရေးခေါင်း ဆောင်စသူတွေလက်ခံထားလို့ဆိုပြီး မယုံကြည်ခိုင်းပဲ ကိုယ်ပိုင်အသိ ဉာဏ်နဲ့ ဖြစ်နိုင်မဖြစ်နိုင် ဝေဘန်ဆန်းစစ်ပြီးမှ ယုံကြည်ကြဖို့ တိုက်တွန်းထားပါတယ်။ ဘာသာရေလွတ်လပ် ခွင့်ကိုတောင်မကအတွေးအခေါ်လွတ်လပ်ခွင့်ကိုေ တာင် ပြည့်ပြည့်၀၀ကြီးပေးထားတာပါ။

           ဒကာကြီးရဲ့ ဒုတိယမေးခွန်းဖြစ်တဲ့ မဟာယာန ဗုဒ္ဓဘာသာနဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာတို့ တက်တက် စင်အောင် ကွဲနေတာတွေ ဘာကြောင့်ရှိနေတာလဲ?  ဟူသောမေးခွန်းကို ဆက်ပြီးဖြေ ကြားပေးပါမယ်။

          ထေရ၀ါဒ နှင့် မဟာယာနဟာ အပေါ်ယံအသွင်သဏ္ဍာန်အနည်းငယ်ကွဲလွဲနေတာမှန်ပေမဲ့ ‘အနှစ်သာရ’ နှင့် ရယ်မှန်းချက် ကတော့ လုံးဝအတူချည်းသာဖြစ်ပါတယ်။ 

ဥပမာ။       ။
 
ထေရ၀ါဒ နှင့် မဟာယာန နှစ်ခုလုံးသည်
(၁) မြတ်စွာဘုရားကို နှစ်ဖက်စလုံးက ဆရာ အဖြစ်လက်ခံကြတယ်။
(၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အ၀လက်ခံကြတယ်။
(၃) မဂ္ဂင်ရှစ်ပါး တရားကိုလဲ လက်ခံတာချင်း တူညီတယ်၊
(၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို လက်ခံတာလဲ တူညီတယ်၊
(၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးမှာ လက်မခံပဲ ပယ်မြစ်ပါတယ်။
(၆) အနိစ္စ ၊ဒုက္ခ၊အနတ္တ နဲ့ သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတယ်။

Mahayana and Theravada
Now, what is the difference between Mahayana and Theravada?
I have studied Mahayana for many years and the more I study it, the more I find there is hardly any difference between
Theravada and Mahayana with regard to the fundamental teachings.
1- Both accept Sakyamuni Buddha as the Teacher.
2- The Four Noble Truths are exactly the same in both schools.
3- The Eightfold Path is exactly the same in both schools.
4- The Paticca-samuppada or the Dependent Origination is the same in both schools.
5- Both rejected the idea of a supreme being who created and governed this world.
6- Both accept Anicca, Dukkha, Anatta and Sila, Samadhi, Panna without any difference.
ထိုကဲ့သို့ အနှစ်သာရပိုင်းမှာ ထေရ၀ါဒ နှင့် မဟာယာနဟာအားလုံးလက်ခံကျင့်သုံးခြင်းဟာအတူ တူပင် ဖြစ်ပါတယ်။

 ဦးဇင်းတို့၏ ၀ါဒနှစ်ခုလုံးဟာ ဒကာကြီးတို့မူဆလင် ဂိုဏ်း ကွဲများဖြစ်တဲ့  ဆွန်နီမူဆလင် နှင့်ဆီးရို က်မူဆလင်တွေလို အချင်းချင်း သတ်ဖြတ်ခြင်း၊ အကြမ်း ဖက်ခြင်း၊စသည်များပြုလုပ် ခြင်းနဲနဲမှမရှိပါဘူး ဒကာ၊ ဒကာတို့အစ္စလာမ်တွေဟာ ဘာသာမတူလူမျိုးခြားကိုအသာထားလို့ ဆွန် နီနဲ့ ဆီးရိုက်လို ဘာသာတူသူ အချင်းချင်းတောင် ကွဲလွဲမှုအည်ငယ်ကြောင့် တိုက်ခိုက်ရန်မူနေ ကြခြင်းဟာ ဒကာတော်တို့လက်ခံကျင့်သုံးနေတဲံ ဘာသာတရားရဲ့ အဆုံးအမတရားတော်များနှင့် အများကြီးသက် ဆိုင်ပါတယ်ဒကာ။လောကမှာ ‘ကိုးကွယ်စရာ များစွာရှိနိုင်ပေမဲ့လည်း စစ်မှန် သော၊အေးချမ်းငြိမ်းအေးသော၊ လွတ်မြောက်ကြောင်း အမှန်တရားကတော့ တစ်ခုတည်း ပဲရှိနိုင်ပါတယ်’ ဒကာကြီး။ 

ဒကာကြီးတို့ မူဆလင်များကိုယ်တိုင် အစ္စလာမ်ဘာသာကိုငါတို့ဘာ့ကြောင့်ကိုးကွယ်ဆည်း ကပ်နေကြသသလဲ …? ဆိုတဲ့ မေးခွန်းကိုပြန်လည်မေးခွန်းထုတ်ကြည့်ပါ၊ မှန်ကန်တဲ့ အဖြေရရှိနိုင် ဖို့အတွက် ဘာသာစွဲကင်းကင်းနဲ့ ပညာဉာဏ်ရှေ့ထားပြီးအဖြေထုတ်ကြည့်ကြပါ။ ဆင်းရဲဒုက္ခတွေ က လွတ်မြောက်ချင်လို့၊ကိုယ်စိတ် နှစ်ပါး အေးချမ်းသာယာချင်လို့၊လောကီလောကုတ္တရာ(ယခု နှင့်နောင်)အကျိုးရရှိချင်လို့စတဲ့ကောင်းမြတ်တဲ့ ရည်ရွယ်ချက်ကြောင့် အစ္စလာမ် ဘာသာကို ကိုးကွယ်နေခြင်းဖြစ်သည်ဆိုရင်၊အစ္စလာမ်ဘာသာက ငါတို့ လိုလားတောင်းတသလို အေးချမ်းမှုနှ င့် အမှန်တရားကို အမှန်တကယ်ပေးနိုင်စွမ်းရှိ၊မရှိ ဆိုတာကို တွေးတောဆင်ခြင် လေ့လာသင့်ပါ တယ်ဒကာကြီး။

ဘာသာတရားတခုကို ကိုးကွယ်တဲ့အခါမှာ  မိမိရဲ့ဘ၀နဲ့သံသရာတခုလုံးကိုပေဆပ်ပြီး ကိုး ကွယ်ရတာဖြစ်လို့ မိမိတို့ကိုးကွယ်နေတဲ့ ဘာသာတရားဟာ တကယ်အစစ်အမှန်ဟုတ်ရဲ့ လား၊ တကယ်ကော ငါတို့မျှော်လင့်သလို အေးချမ်းမှု၊လွတ်မြောက်မှုကို ပေးစွမ်းနိုင်သလားဆိုတာကို ဘာသာစွဲကင်းကင်းနဲ့ ကိုးကွယ်စရာဘာသာတရားကို ပညာဉာဏ်နဲ့အသိဉာဏ်ဆိုတဲ့ မှတ်ကျော က်ပေါ်မှာ တင်ပြီးစစ်ဆေးကြည့်ပါ၊ ဒီလိုမှတ်ကျောက်တင်စစ်ဆေးတဲ့အခါ ငါဟာဘယ်ဘာသာ ၀င်၊ဘယ်လူမျိုးစတဲ့ ငါစွဲတွေကိုပယ်ဖျောက်ပြီး ဘာသာမဲ့တယောက်လို စည်းဘေးထွက်ပြီးဘာ သာတွေကိုလေ့လာဆန်း စစ်ပါ၊ကိုယ်မျှော်လင့်တဲ့အတိုင်း ပေးစွမ်းနိုင်တယ်လို့ ယုံကြည်တဲ့ဘာ သာ၊ကိုးကွယ်ထိုက်တဲ့ ဘာသာကိုပဲကိုးကွယ် ပါဒကာတော်၊

 “ကုန်ရှုံးရင်တစ်ခေါက်၊ လင်ရှုံးရင် တစ်သက်၊ ကိုယ်ကွယ်မှု(ဆရာ) ရှုံးရင် တစ်သံသရာလုံးမှောက်” ဆိုပြီး ဦးဇင်းတို့မြန်မာ စကားပုံတစ်ခုရှိပါတယ် ၊ဒီစကားပုံဟာ ကိုးကွယ်မှုဘာသာတရားမှန်ကန်ဖို့ အရေး ကြီးပုံကို သတိ ပေးထားခြင်းဖြစ်ပါတယ်၊ လောကမှာတခဏသာအသုံးပြုမဲ့ ပစ္စည်းလေးတွေကိုတောင် ၀ယ်ယူတဲ့ အခါမှာ ကောင်း၊မကောင်း၊အပြစ်အနာဆာရှိ၊မရှိစစ်ဆေးကြည့်ကြသေရင် မိမိတို့ရဲ့ ဘ၀တခုလုံ၊ သံတရာတစ်လျှောက်လုံးတဲ့ သက်ဆိုင်တဲ့ ဘာသာတရားကိုရွေးချယ်တဲ့အခါ ပို၍စစ်ဆေးလေ့လာ မသင့်ပေဘူးလားဒကာတော်၊

“ထေရ၀ါဒချင်း အတူတူလို့ ပြောနေတဲ့ မိုးပြာဂိုဏ်းကိုရော လူကြီးမင်း ဘယ်လိုမြင်ပါ သလဲ?”ဆိုတဲ့ ဒကာစိုက်ယဒ်ဟာဂျီဘေလားလ်နူးရ် ရဲ့မေးခွန်းကိုဖြေရရင် ပထမအနေနဲ့ထေရ၀ါဒ ဆိုတဲ့ အဓိပ္ပါယ်ကို နာလည် သိမြင်အောင် ရှင်းပြပါမယ်။ ထေရ၀ါဒဆိုတာ  “ထေရာနံ ၀ါဒေါတိ ထေရ၀ါဒေါ၊ ဆိုတဲ့ ဒေသနာတော်နဲ့အညီ ဗုဒ္ဓမြတ်စွာဟောကြားတော်မူထားတဲ့ တရားဒေသနာ တော်တို့ကို ဗုဒ္ဓမြတ်စွာသက်တော်ထင်ရှား ရှိတော်မူစဉ်ကာလကအတိုင်း၊ “ပြုပြင်ခြင်း၊ဖြည့်စွ က်ခြင်း၊ပယ်နှုတ်ခြင်းအလျဉ်းမရှိပဲ ဗုဒ္ဓမြတ်စွာ၏ တရားတော်မြတ်အတိုင်း သင်ယူခြင်း၊လိုက် နာခြင်း၊ဟောပြောပို့ချခြင်း၊ကျင့်သုံးခြင်းအားဖြင့် နေတော်မူကြတဲ့သံဃာတော်မြတ်တို့၏ ၀ါဒကို ထေရ၀ါဒဟု ခေါ်ဆိုတာဖြစ်ပါတယ်”

သို့ဆိုလျှင်ဗုဒ္ဓမြတ်စွာ၏ ဒေသနာတရားတော်အတိုင်းသင်ကြားခြင်း၊လိုက်နာခြင်း၊ ဟောေ ပြာပို့ချ ခြင်း၊ကျင့်သုံးခြင်းမရှိတဲ့ အဓမ္မ၀ါဒီ မိုးပြာဂိုဏ်းဟာ ထေရ၀ါဒဟုတ်၊မဟုတ်ဆိုတာကို  ဒကာ ကြီးတို့တွင် မူကြိုအဆင့်မျှ အသိပညာရှိမည်ဆိုကနားလည်သဘောပေါက်ပါလိပ်မယ်လို့်ထင်ပါတယ်။မိုးပြာဂိုဏ်းရဲ့ နောက်ကွယ်မှနေပြီး ဘယ်သူတွေကအားပေးအားမြှောက် ထောက် ပန့်ပေး နေ တယ် ဆိုတာကို ဒကာကြီး တို့ မူဆလင်ထိပ်ပိုင်းကို လေ့လာကြည့်ရင် သိရှိနိုင်ပါလိပ်မယ်ဒကာ ကြီး။

နောက်ဆုံးမေးခွန်းဖြစ်သော အရိမ္မတေယ(အရိမေတ္တယျ ဟုရေးမှသာမှန်၏) မြတ်စွာ ဘုရားပွင့်မယ့် ကိစ္စကို ဘယ်လိုယုံကြည်ထားပါသလဲ? မေးခွန်းကိုလည်း ဥပမာလေးတခု ပြောပြ လိုက်လျှင် ဒကာကြီးအ နေဖြင့်  ရှင်းလင်းသဘောပေါက်သွားပါလိပ်မယ်။

လောကမှာ အမြတ်ဆုံးဖြစ်တဲ့ဘုရားအဖြစ်ကိုရှိဖို့ဆိုတာကိုအသာထား B.A,B.Sc,ကဲ့သို့ ဘွဲ့လေးတစ်ဘွဲ့ရရှိရန်အ တွက်ကိုပင် ငယ်စဉ်အစကလေးဘ၀မှစပြီးမူကြိုတန်း၊မူလတန်း၊ အလယ် တန်း၊ အထက်တန်းအပြင် တက္ကသိုလ်အထိ နှစ်ပေါင်းများစွာ အချိန်တွေ၊ငွေတွေ ပေးဆပ်ဖြည့် ဆည်း ခဲ့ကြရတာမ ဟုတ်ပါလား၊ မူကြို၊မူလတန်းမှ အထက်တက္ကသိုလ်အထိ တက်ရောက်သင် ယူခဲ့ခြင်းမရှိပဲ ဘယ်ဘုရားကမှ ရော့အင့် B.A,M.A,ဘွဲ့တွေရစေဆိုပြီးလုပ်ပေးလို့မရနိုင်ပါဘူး၊ အကယ်၍ လုပ်ပေးမယ်လို့ပြောရင်လဲ ဒါဟာအမှန်တရားနဲ့ကင်းကွာသွားပါလိပ်မယ်၊ ဘုရားကိုအား ကိုးပြီး စာမကျက်ပဲနေမည်ဆိုက ဘယ်လိုနည်းနှင့်မှ မှန်ကန်တဲ့စာမေးပွဲအောင်နိုင်မှာမဟုတ်သလို စာမေးပွဲကိုလည်း ဘယ်ဘုရာသခင်ကမှ ကိုယ်စားလာပြီး စာမေးပွဲဖြေဆိုပေးမှာမဟုတ်ပါဘူး။

ဒီလိုလောကီဘွဲ့တစ်ခုအတွက်အတွက် အချိန်တွေ၊ငွေတွေ၊ကြိုးစားမှုတွေနဲ့ ဖြည့်ကျင့်အား ထုတ်ရသေးရင် ဘုရားဖြစ်ဖို့ရန်အတွက် ဘယ်လောက်ထိအားထုတ်ဖြည့်ဆည်းရမယ်ဆိုတာ ကိုယ် တိုင်သာဆုံးဖြတ်ပါ၊ဘာအားထုတ်ဖြည့်ကျင့်၊ကြိုးစားမှုမှမရှိပဲဘုရားသခင်ဖြစ်ပေါ်လာသည်ဆိုတာ ဖြစ်နိုင်၏၊မဖြစ်နိုင်၏ဆိုတာကို ဒကာကြီးကိုယ်တိုင်သာ အဖြေရှာပါဒကာ။ ဦးဇင်းတို့ဗုဒ္ဓဘာသာအရ နောင်ပွင့်တော်မူမဲ့ အရိမေတ္တယျအလောင်းတော်ဟာ ဘုရားဖြစ်ရန်အတွက်ဘုရားဖြစ်ကြောင်း ဒါန၊ သီလစတဲ့ပါရမီတော်တွေကို ဖြည့်ဆည့်နေခြင်းပဲဖြစ်ပါတယ်၊ ကျောင်းမှန်မှန်တက်၊စာမှန်မှန် ကျက်သူဟာ နောင်တချိန်မှာသေခြာပေါက် ဘွဲ့ရရှိမှာဖြစ်ပါတယ်၊ ရန်ကုန်ကိုရောက်ချင်တဲ့သူဟာ ရန်ကုန်ကိုရောက်မယ့်လမ်း ကိုတော့ သေခြာပေါက်လျှောက်ရပါလိပ်မယ်ဒကာ၊ ထမင်းစားချင် ရင်တော့ ထမင်းကိုချက်ရပါမယ် ဘယ်ဘုရားသခင်ကမှ ထမင်းရောက်အောင်လုပ်ပေး မှာမဟုတ်ပါဘူး။ ဘွဲ့ရချင်သူကျောင်းတက်တာ၊ ရန်ကုန်ရောက် ချင်သူ ရန်ကုန်ရောက်မယ့်လမ်း ကိုသွားတာ ၊ ထမင်းစားလိုသူ ထမင်းချက်တာဟာ တကယ်မှန်တဲ့ လမ်းစဉ်ပါ၊ဘာမှသံသယ၀င် စရာမရှိပါဘူး၊ ဘာအ ကျင့်မှမကျင့်ဆောင်ပဲ ဗုန်းကနဲ့ဘုရားပေါ်လာခြင်းသည်သာ သံသယပွားစ ရာမဟုတ်ပါလားဒကာတော်။

ဒကာတော်စိုက်ယဒ်ဟာဂျီဘေလားလ်နူးရ်ရေ ဒကာတော်တို့ အစ္စလာမ်ဘာသာကိုဒကာ ကြီးဦးနေ မျိုးဝေက  ကုရ်အာန်စာအုပ်မှ ထုတ်နှုတ်ကာမေးခွန်ထုတ်သလို ဒကာကြီးလဲ နောင်အ ချိန်မှာ ဗုဒ္ဓဒေသနာတော်ထဲမှထုတ်နှုတ်ပြီးအဆင့်မြင့်မြင့် မေးခွန်းများစွာကိုထုတ်နှုတ်မေး နိုင်လိပ်မယ်လို့မျှော်လင့်မိပါတယ်ဒကာ။ နောက်ဆုံးအနေနဲ့ဒကာကြီးကို မေးလိုသည်မှာ ဗုဒ္ဓမြ တ်စွာရဲ့ အကြောင်းဘ၀ဖြစ်စဉ်ဗုဒ္ဓ၀င်လို ဒကာကြီးတို့အလ္လာမှာ တိကျခိုင်လုံတဲ့အထ္ထုပ္ပါဒ်ဘ၀ဖြစ်စဉ် နှင့် ဗုဒ္ဓဘာသာတွင်ရှိသော သီလ၊သမာဓိ၊ပညာ၊ သောတာပတ္တိ၊ သကဒါဂါမိ၊အနာဂါမိ၊အရဟတ္တ စတဲ့ ကျင့်စဉ်လမ်းစဉ်များကဲ့သို့မှန်ကန်တိကျ အေးချမ်းသော ကျင့်စဉ်မျိုးကိုရှိပါသလား လို့အမြည်းသဘောမေးခွန်းထုတ်လိုပါတယ်၊ ဒကာတော်ဟာဂျီနှင့်မိတ်ဆွေများ အမှန်တရား ကိုရှာဖွေတွေ့ရှိပြီး “အမြင်မှန်ရကာ အမှားပြင်နိုင်၍ လမ်းမှားပယ်ဖျောက် လမ်းမှန်ရောက်ပါစေဟု  ပတ္ထနာပြုဆုတောင်းလိုက်ပါတယ်ဒကာတော်.။


(ဘာသာတရားအဆီအနှစ်၊ ကိုယ်စီသုံးဆောင်နိုင်ကြပါစေ)

ဓမ္မ၀ီရ အရှင်တေဇနိယ

Ph,D(Thesis)

Saturday, July 5, 2014

ဘာသာရေးအမေးအဖြေများ။

ဆန်နီနေမင်းဘလော့မှကူးယူပါသည်

လွန်ခဲ့သော တစ်လကျော်က မြဝတီမြို့နှင့် ရွှေကုက္ကိုမြိုင်ရွာသို့ တရားဟောကြွရင်း ကလေးများကျောင်းပိတ်ရင် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပြီး သင်ပေးချင်တယ်။ ဒီရွာက လူကြီးတွေ ဖြစ်မြောက်အောင် ကူညီပေးကြပါလို့ ပြောဆိုခဲ့တယ်။ ယခုတော့ ရွှေကုက္ကိုမြိုင်ရွာလူကြီးတွေက ကူညီပေးကြတာနဲ့ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ဖြစ်လို့ သွားရောက်သင်ပေးခဲ့တယ်။ ကလေးတွေများတာနဲ့သူငယ်တန်းကနေ စတုတ္ထတန်းထိကိုတော့ တခြားခွဲသင်ခိုင်းလိုက်ပြီး မိမိကတော့ ပဉ္စမတန်းမှ နဝမတန်းထိ ကလေးများကိုသာ သင်ပေးလိုက်တယ်။ ကလေးတွေ သင်တန်းတတ်ချင်အောင် အင်္ဂလိပ်လိုပါ ဘာသာရေးစာပေများ ရေးခိုင်းကျက်ခိုင်းပေးလိုက်တယ်။

ကလေးများ မိမိဘာသာတရားအကြောင်း အဓိကလိုက်နာရမဲ့ အချက်များ သေချာသိထားဖို့၊ တခြားဘာသာများအကြောင်း ဗဟုသုတရှိထားဖို့၊ သရဏဂုံသုံးပါးမြဲဖို့၊ ငါးပါးသီလ နေ့စဉ်စောင့်ထိန်းလျှင် အကျိုးများမှန်းသိဖို့၊ ဝိပဿနာအားထုတ်ခြင်းသည် မျက်မှောက်ဘဝမှာ တကယ့်ချမ်းသာစစ်အမှန်ကို ရရှိတယ်ဆိုတာသိပြီး ဆက်လက်ကျင့်ကြံနေထိုင်ချင်စိတ်ဖြစ်ဖို့ ပြောဆိုသင်ပေးတယ်။ ဒီအချက်တွေသာ သူတို့လေးတွေ ပြည့်စုံနေမယ်ဆိုရင် ဒီဘဝတွင် တောင်းစားရတဲ့ ဘဝရောက်နေပါစေ မျက်မှောက်တမလွန်မှာ စိတ်ချမ်းသာမှုတော့ ရရှိနေမှာပါ။(၁၇.၃.၂၀၁၄) ရက်နေ့မှာ ယဉ်ကျေးလိမ္မာသင်တန်းတက်ရောက်ကြတဲ့ ကလေးငယ်ပေါင်း(၄၀၀)ကျော်ကို အတန်းခွဲပြီး စာမေးပွဲဖြေခိုင်းပြီးတာနဲ့ (၁၈.၃.၂၀၁၄)မှာ ဆုပေးပွဲပြုလုပ်ဖို့ရန်အတွက် ချက်ခြင်းအဖြေလွှာ စစ်လိုက်ရတာ နေ့(၁၂)နာရီကနေ ည(၁၂)နာရီမှ ပြီးတော့တယ်။ လူလည်း ညောင်းကိုက်သွားတော့တာပဲ။ “အော်-ဒါလည်း လူမျိုးဘာသာသာသနာအတွက် ပေးဆပ်ရတာ ဆိုတော့ မြတ်ဗုဒ္ဓရဲ့ကျေးဇူးကိုဆပ်ရာရောက်လို့ နိဗ္ဗာန်ရောက်ကြောင်းပဲမို့ ပင်းပန်းခံလုပ်ရတာပေါ့လေ။

ကလေးတွေကို သင်ပေးထားတာတွေထဲက အောက်ပါ မေးခွန်းများကို မေးဖြေခိုင်းခဲ့ပါတယ်။ ကလေးတွေဖြေခိုင်းတဲ့မေးခွန်းတွေကို မသိသေးသူများ သိရှိရအောင် တင်ပေးပါဆိုတာနဲ့ အဖြေများပါ တွဲတင်ပေးလိုက်ပါတယ်။

ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း မေးခွန်းလွှာ

စာဖြေချိန်-(၂)နာရီ    Date-17.3.2014

၁။ အောက်ပါတို့ကို ဖြေဆိုခဲ့ပါ။
(က) မြတ်စွာဘုရားကို ဘာကြောင့် ရှိခိုးရပါသလဲ။
(ခ) မိဘကို ဘာကြောင့် ရှိခိုးရပါသလဲ။
(ဂ) ချမ်းသာချင်လျှင် ဘာလုပ်ရမည်နည်း။
(ဃ) မိသားစုဘဝမှာ ပျော်ပျော်ရွှင်ရွှင် နေချင်လျှင် ဘာလုပ်ရမည်နည်း။
(င) ထင်ပေါ်ကျော်ကြားချင်လျှင် ဘာလုပ်ရမည်နည်း။
၂။ ဒုစရိုက်(၁၀)ပါးကို မြန်မာလို ရေးသားခဲ့ပါ။
၃။ သင်္ဂါယနာ(၆)တန်တွင် ဒုတိယသင်္ဂါယနာနှင့် တတိယသင်္ဂါယနာအကြောင်း ကို ပြည့်စုံစွာ ရေးသားခဲ့ပါ။
၎။ သူယုတ်မာလက္ခဏာ(၄)ပါးကို ရေးသားခဲ့ပါ။
၅။ သူတော်ကောင်းဥစ္စာ(၇)ပါးနှင့် ဗြဟ္မစိုရ်တရား(၄)ပါးတို့ကို မြန်မာလို ရေးသားခဲ့ပါ။
၆။ ငယ်စဉ်အခါ ပညာမသင်ယူခဲ့မိခြင်းနောင်တနှင့် ငယ်စဉ်က အကျင့်မကောင်း ခဲ့ခြင်းနောင်တတို့ကို ရေးသားခဲ့ပါ။
၇။ မှားယွင်းသောအယူဝါဒ(၄)မျိုးကို ရေးသားခဲ့ပါ။
၈။ မဟာတာပနငရဲအကြောင်းကို ရေးသားခဲ့ပါ။
၉။ ကျောင်းပိတ်ရက်ကဗျာကို ရေးသားခဲ့ပါ။
၁၀။ အောက်ဖော်ပြပါ စိတ်ဓာတ်ရေးရာ ခေါင်းစဉ်(၂)ခုတွင် နှစ်သက်ရာခေါင်းစဉ်(၁)ခုကို သူတစ်ပါး အတုယူကျင့်သုံးစရာဖြစ်အောင် (၂)မျက်နှာခန့် ရေးသားခဲ့ပါ။
(က) After me/ you.
(ခ)  ငါနဲ့မဆိုင်ဘူးလို့ မပြောမိပါစေနဲ့။

အဖြေများ

၁။ (က) မြတ်စွာဘုရားသည် မိမိတို့အပေါ်၌ ကောင်းတာမကောင်းတာကို ခွဲခြားသိမြင်အောင် ဟောပြောဆုံးမပေးခဲ့သော ကျေးဇူးရှိသောကြောင့် ရှိခိုးရပါသည်။ မြတ်စွာဘုရားသည် မိမိတို့ တုနှိုင်းမရသော ဂုဏ်သတ္တိများရှိသောကြောင့် ရှိခိုးရပါသည်။ မြတ်စွာဘုရားသည် မိမိတို့ မပြုလုပ်နိုင်သော ပါရမီများဖြည့်ခဲ့ခြင်း၊ မြတ်ဗုဒ္ဓဖြစ်ချိန်တို့တွင်လည်း မိမိတို့အကျိုးရှိစေရန် မနားမနေ ဆိုဆုံးမသြဝါဒများ ပြုလုပ်ပေးခဲ့သော ကျေးဇူးရှိသောကြောင့် ရှိခိုးရပါသည်။
(ခ) မိဘများသည် မိမိတို့ကို လူဖြစ်လာအောင် မွေးဖွားပေးသောကျေးဇူးရှိသောကြောင့် ရှိခိုးရပါသည်။ မိဘများသည် မိမိတို့ကို လူလားမြောက်လာအောင် ကျွေးမွေးစောင့်ရှောက် ပညာသင်ပေးခဲ့သော ကျေးဇူးရှိသောကြောင့် ရှိခိုးရပါသည်။
(ဂ) ချမ်းသာချင်လျှင် သူတစ်ပါးပစ္စည်းကို ခိုးယူခြင်းမှ ရှောင်ကြဉ်ရပါမည်။
(ဃ) မိသားစုဘဝမှာ ပျော်ပျော်ရွှင်ရွှင် နေချင်လျှင် သူတစ်ပါးသားမယား ကို ပြစ်မှားစော်ကားခြင်းမှ ရှောင်ကြဉ်ရပါမည်။
(င) ထင်ပေါ်ကျော်ကြားချင်လျှင် လိမ်ညာပြောဆိုခြင်းမှ ရှောင်ကြဉ်ရပါမည်။

၂။ ဒုစရိုက်(၁၀)ပါးတို့မှာ
သူတစ်ပါးကို အသက်ကိုသတ်ခြင်း၊ သူတစ်ပါးပစ္စည်း ခိုးယူခြင်း၊ မှားယွင်းစွာ ဖောက်ပြန်ခြင်း၊ မဟုတ်မမှန် မုသားပြောခြင်း၊ ကုန်းတိုက်စကား ပြောဆိုခြင်း၊ ကြမ်းတမ်းသောစကား ပြောဆိုခြင်း၊ အကျိုးမရှိသောစကား ပြောဆိုခြင်း၊ သူတစ်ပါးကြီးပွားချမ်းသာသည်ကို ဝန်တိုခြင်း၊ သူတစ်ပါးအား မကောင်းကြံခြင်း၊ အယူမှားခြင်းတို့ ဖြစ်ပါသည်။

၃။ ဒုတိယသင်္ဂါယနာကို သာသနာတော်နှစ် (၁၀၀) ဘီစီ (၄၄၃)ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ကာလာသောကမင်းလက်ထက်တွင် အရှင်ယသမထေရ်ဦးဆောင်သော ရဟန္တာ(၇၀၀)တို့မှ မြတ်ဗုဒ္ဓ၏ တရားတော်များကို မှတ်တမ်းတင်ခဲ့ကြသည်။ အချိန်ကာလအားဖြင့် (၈)လ ကြာမြင့်သည်။
တတိယသင်္ဂါယနာကို သာသနာတော်နှစ်(၂၃၅)၊ ဘီစီ(၃၀၈)ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ပါဋလိပုတ်ပြည်၊ သီရိဓမ္မာသောကမင်းကြီးလက်ထွက်တွင် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် ဦးဆောင်းသော ရဟန္တာ(၁၀၀၀)တို့မှ မြတ်ဗုဒ္ဓ၏တရားတော်များကို မှတ်တမ်းတင်ခဲ့ကြသည်။ အချိန်ကာလအားဖြင့် (၉)လ ကြာမြင့်သည်။

၎။ သူယုတ်မာလက္ခဏာ(၄)တို့မှာ သူတစ်ပါးမကောင်းကြောင်းကို မမေးဘဲနှင့်ပြောခြင်း၊ မေးလာလျှင် အကျယ်ချဲ့၍ ပြောခြင်း၊ သူတစ်ပါးကောင်းကြောင်းကို မမေးလျှင် မပြောခြင်း၊ မေးလာလျှင် အနည်းငယ်သာပြောခြင်း၊ မိမိမကောင်းကြောင်းကို မမေးလျှင် မပြောခြင်း၊ မေးလာလျှင် အနည်းသာပြောခြင်း၊ မိမိကောင်းကြောင်းကို မမေးဘဲနှင့်ပြောခြင်း၊ မေးလာလျှင် အကျယ်ချဲ့၍ ပြောခြင်းတို့ ဖြစ်သည်။

၅။ သူတော်ကောင်းဥစ္စာ(၇)ပါးတို့မှာ သဒ္ဓါ-ကံ၊ ကံ၏အကျိုးကို ယုံကြည်ခြင်း၊ သီလ-ကိုယ်ကျင့်သီလစောင့်ထိန်းခြင်း၊ သုတ-အသိပညာ ဗဟုသုတရှိခြင်း၊ စာဂ-စွန့်ကြံပေးကမ်း လှူဒါန်းခြင်း၊ ပညာ-ကောင်းမှုမကောင်းမှုကို ခွဲခြားသိမြင်ပြီး လောကုတ္တရာပညာရှိခြင်း၊ ဟီရိ-မကောင်းမှုပြုလုပ်ရမည်ကို ရှက်ခြင်း၊ သြတ္တပ္ပ-မကောင်းမှုပြုလုပ်ရမည်ကို ကြောက်ခြင်းတို့ ဖြစ်ပါသည်။ ဗြဟ္မစိုရ်တရားလေးပါးမှာ မေတ္တာ-သတ္တဝါအားလုံးတို့အပေါ် တန်းတူညီမျှ မေတ္တာထားခြင်း၊ ကရုဏာ-သူတစ်ပါးဒုက္ခရောက်နေသည်မြင်လျှင် သနားခြင်း၊ မုဒိတာ-သူတစ်ပါးချမ်းသာသည်ကိုမြင်လျှင် ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း၊ ဥပေက္ခာ-သူတစ်ပါးအပေါ်၌ ချစ်ခြင်းမုန်းခြင်း တန်းတူညီမျှ ထားခြင်းတို့ ဖြစ်သည်။

၆။ ငယ်စဉ်က ပညာမသင်ယူမိခဲ့ခြင်းနောင်တ
ငယ်စဉ်အခါ ပညာသင်ရမည့်အရွယ်မှာ တက်သင့်တက်ထိုက်တဲ့ လက်မှု၊ စက်မှု စာပေပညာတို့ကို မသင်ဘဲ နေမယ်။ အပျော်အပါးလိုက်စားနေမယ်ဆိုရင် ကြီးလာတဲ့အခါ ဘ၀ရှေ့ရေးအတွက် စီးပွားလုပ်တဲ့အခါကျမှ ငယ်စဉ်ကပညာမသင်ယူခဲ့ခြင်းနောင်တတွေ ဖြစ်လာကြတယ်။ အလုပ်တစ်ခုမှာ မိမိကသူတစ်ပါးထက် ၀ီရိယမှာလည်း သာတယ်။ ဇွဲလည်းရှိပါရဲ့နဲ့ လုပ်ငန်းခွင့်မှာ ဦးစီး ဦးဆောင် မလုပ်နိုင်ဘဲ မိမိထက်ငယ်သူ၊ သို့မဟုတ် အသက်အရွယ် တန်းတူဖြစ်ပါလျက် ပညာရပ်ကိုကောင်းစွာ လေ့လာသူတို့ရဲ့ ခိုင်းစေမှုကို ခံရတဲ့အခါကမှ ငယ်ငယ်ကပညာမသင်ယူခဲ့ရတာ နာတယ်ကွာ၊ ငါသာ သေချာလေ့လာ သင်ယူခဲ့မယ်ဆိုရင် ဒီလိုအခိုင်းခံရမှာ မဟုတ်ဘူး၊ ခုတော့ ငါဟာ သူများကို လက်ညိုးခိုင်းရမဲ့ဘဝရောက်အောင် မပြုလုပ်ခဲ့တဲ့အတွက် သူများလက်ညိုးထိုးခိုင်းတာ လုပ်ရတဲ့ဘဝ ဖြစ်နေ ရပါလားစသည်ဖြင့် နောင်တသံတွေ ထွက်တတ်ကြတယ်။ ဘယ်လိုပင်နောင်တတွေရရ အချိန်အခါနှောင်းမှရမယ်ဆိုရင် အကျိုးမရှိတော့ပါဘူး။ ဒါကြောင့် ကြီးလာတဲ့အခါ နောင်တမရအောင် ငယ်ငယ်ကတည်းက ဘ၀ရှေ့ရေးအတွက် တက်သင့်တက်ထိုက်တဲ့ပညာများကို သင်ယူဖို့ လိုပါပေတယ်။

ငယ်စဉ်က အကျင့်မကောင်းမိခဲ့ခြင်းနောင်တ
ငါငယ်စဉ်အခါတုန်းက မိဘစကားနားမထောင်ခဲ့ခြင်း၊ ဆရာသမားများစကား နားမထောင်ခဲ့ခြင်း၊ အကျင့်မကောင်းခဲ့တဲ့အတွက်ကြောင့် ကောင်းမှုများမလုပ်ခဲ့ခြင်းတို့သည် အသက်ကြီးလာသောအခါ မိမိက မိဘနေရာရောက်သောအခါ မိမိသားသမီးများက မိမိစကားနားမထောင်တဲ့အခါ၊ မိမိဆရာဖြစ်သောအခါ မိမိတပည့်များက မိမိစကားနားမထောင်သောအခါ၊ အကျင့်မကောင်းခဲ့လို့ ကောင်းမှုမရှိ၍ သေခါနီးအခါ မကောင်းသော ငရဲနိမိတ်၊ အပါယ်နိမိတ်များ မြင်လာရသောအခါကျမှ “အော်-ငါသည် ငယ်စဉ်အခါတုန်းက မိဘစကားနားမထောင်၊ ဆရာ့စကားနားမထောင်၊ အကျင့်မကောင်းခဲ့ခြင်းတို့သည် ငါပဲ ဒုက္ခရောက်ရ တာပါလား”ဟု နောင်တရတတ်ပါသည်။

ဒီနောင်တဟာ မိဘဖြစ်သူတို့ သားသမီးတွေပေါ်မှာ သတိထားဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ မိမိကလေးဟာ ငယ်စဉ်ကတည်းက မကောင်းတဲ့အကျင့်ပျက်မှုတွေ တွေ့မြင်လာပြီဆိုရင် အကျိုးအကြောင်း ပြောပြ ဆိုဆုံးမသင့်ပါတယ်။ လူတစ်ယောက်ရဲ့အကျင့်စရိုက်ဟာ ကြီးတဲ့အထိပါနိုင်တာကြောင့် မိဘဖြစ်သူများဟာ မကောင်းတဲ့အမူအကျင့်တွေ အတုမခိုးစေဘဲ ကောင်းတဲ့အကျင့်တွေကိုသာ သင်ပြပေးဖို့လိုအပ်ပါတယ်။ ငယ်စဉ်ကတည်းက မိမိသားလေး ခိုးတတ်မှန်းသိလျက်နဲ့ ခိုးခြင်းကြောင့် ရရှိမဲ့အပြစ်တွေကိုလည်းမပြော၊ ဆိုဆုံးမမှုလည်းမလုပ်ဘူးဆိုရင် ဒီကလေးဟာ ကြီးလာရင် သူတစ်ပါး ပစ္စည်း ခိုးဖို့ရာ ၀န်လေးတော့မှာမဟုတ်ပါဘူး။ ဒီအခါမှာ ငါဒီလိုဖြစ်တာ မိဘတွေ မဆုံးမခဲ့လို့ပဲဆိုတဲ့ နောင်တတွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့် မိဘလုပ်သူများဟာ မိမိတို့ရဲ့သားသမီးများ လိမ္မာရေးခြား ရှိရေးအတွက် မကောင်းတဲ့အကျင့်ပျက်မှုတွေကို မသင်ယူစေဘဲ အခွင့်ကြုံတိုင်း သားသမီးများကို ဆုံးမပေးရပါမယ်။ ဒါမှသာ ကလေးတစ်ယောက်အသက်ကြီးလာတဲ့အခါ နောင်တရမှုတွေမဖြစ်ဘဲ ဘ၀ကို ကောင်းမွန်စွာနဲ့ဖြတ်သန်းပြီး သကာလ ပန်းတိုင်ကိုလျင်မြန်စွာ လျှောက်လှမ်းနိုင်ပါလိမ့်မယ်။

၇။ မှားယွင်းသောအယူဝါဒ(၄)မျိုးတို့မှာ အဟေတုကဒိဋ္ဌိ-မိမိတို့ခံစားနေရသော ကောင်းကျိုးဆိုးကျိုးတို့သည် မိမိတို့ပြုလုပ်ခဲ့သော အကြောင်းတရားကြောင့်မဟုတ်ဘဲ လောကကြီးဟာ သူဖြစ်ချင်တာဖြစ်သည်ဟု အကြောင်းတရားကို ပယ်သောအယူဝါဒ။ အကိရိယဒိဋ္ဌိ-မိမိတို့ကောင်းတာလုပ်လုပ်၊ ဆိုးတာလုပ်လုပ် အကျိုးတရားဆိုတာမရှိဘဲ လောကကြီးဟာ သူဖြစ်ချင်တာဖြစ်သည်ဟု အကျိုးတရားကို ပယ်သော အယူဝါဒ။ နတ္ထိကဒိဋ္ဌိ- အကြောင်းအကျိုး နှစ်မျိုးလုံးကို ပယ်သောအယူဝါဒ။ နိယတမိစ္ဆာဒိဋ္ဌိ-မှားယွင်းနေသော အယူမှားကိုပဲ ဒါမှအမှန်ပဲဟု လက်ကိုင်ထား ယုံကြည်သောအယူဝါဒ။

၈။ ထိုငရဲသို့ကျရောက်ရသော ငရဲသားများကို ငရဲထိန်းတို့က သံတောင်ပေါ်သို့ မတက်,တက်အောင် ရိုက်နှက်၍ တင်ကြသည်။ သံတောင်ပေါ်သို့ ရောက်သောအခါ ကံကြမ္မာအလျောက် လေမုန်တိုင်း များပေါ်ပေါက်လာပြီး ထိုလေမုန်တိုင်းက တောင်ခြေမှာရှိသော တံကျင်ပေါ်သို့ရောက်အောင် တိုက်လွှင့် ချလိုက်သဖြင့် တံကျင်အဖျား၌ ကားခနဲ စူးဝင်သည့် ဒုက္ခဆင်းရဲများ ခံကြရလေသည်။

၉။ “ကျောင်းပိတ်ရက်”
ကျောင်းပိတ်ရက်ဝယ်၊ အိမ်မှာနားတော့။
ဆော့ကစားလို့၊ မနေသင့်တယ်။
နိုင်တဲ့ဝန်ကို၊ ပါဝင်ထမ်းလို့။
တတ်စွမ်းသမျှ၊ ကူကြကွယ်။
ကိုယ့်အိမ်ကိုယ့်ယာ၊ သန့်သန့်ရှင်းနဲ့။
အမှိုက်လှည်းကျင်းနေရမယ်။
အားလပ်ချိန်မှာ၊ စာကိုဖတ်တော့။
မှတ်စုမှတ်ရာ၊ သုတကြွယ်။
စည်းကမ်းရိုသေ၊ ယဉ်ယဉ်ကျေးနဲ့။
လိမ္မာရေးခြား၊ တို့လူငယ်။
နောင်တစ်ခေတ်မှာ၊ ခေါင်းဆောင်ဖြစ်တော့။
စည်းစနစ်က၊ အခြေခံတယ်။
ကြိုးစားကွယ် တိုးပွားမယ်။ ။ ။


၁၀။ After you/ me

ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးပါ။ လေဆိပ်ရဲ့ ဧည့်ခန်းမထဲမှာ မန္တလေးကိုသွားမယ့်လေယာဉ်ကို ကျွန်တော် စောင့်နေခဲ့တယ်။ ဧည့်ခန်းထဲမှာ နိုင်ငံပေါင်းစုံက နိုင်ငံခြားသားတွေ အများကြီးပဲ။ ဧည့်ခန်းထဲမှာ ရန်ကုန်မြို့တွင်းကိုဆက်တဲ့ အများသုံးတယ်လီဖုန်း တစ်ခုရှိတယ်။ အဲဒီတယ်လီဖုန်းက တယ်လီဖုန်းဆက်ခ မပေးရပါဘူး။ အဲဒီ တယ်လီဖုန်းကို ကောင်မလေးတစ်ယောက် ဆက်နေတယ်။ သူ့နောက်မှာလည်း တယ်လီဖုန်းဆက်ဖို့ စောင့်နေတဲ့သူ လေး ငါးယောက်လောက်ရှိတယ်။ ကောင်မလေးကလည်း တယ်လီဖုန်းဆက်နေတာ ပြီးကိုမပြီးနိုင်ဘူး။ မိနစ် (၂၀)လောက်ကြာမှ နောက်တစ်ယောက်အလှည့် ရောက်တော့တယ်။ အဲဒီ တစ်ယောက်ကလည်း ဖုန်းပြောလိုက်တာ အကြာကြီးပဲ။ ကျွန်တော်ဘေးနားမှာ ထိုင်နေတဲ့ နိုင်ငံခြားသားတစ်ယောက်က အဲဒီအဖြစ်အပျက်ကို နားမလည်နိုင်အောင် ဖြစ်နေပုံရတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖုန်းပြောနေတဲ့လူတွေကိုကြည့်ပြီး “အားနာမှုမရှိလိုက်ကြတာလို့ ခံစားရတယ်။

ဒီလိုနဲ့ မန္တလေးကိုသွားမယ့်လေယာဉ် ရောက်လာပါတယ်။ လေယာဉ်ပေါ်ကိုတက်ဖို့ “စပီကာ”က ကြေညာပါတယ်။ မန္တလေးကို သွားမယ့်ခရီးသည်တွေ အားလုံး လှုပ်လှုပ်ရွရွဖြစ်သွားကြတယ်။ လေယာဉ်ပေါ်ကိုသွားဖို့ ဘတ်(စ်)ကားတစ်စီး ထိုးဆိုက်လာတယ်။ အဲဒီကားနဲ့ လေယာဉ်ဆီကို လေယာဉ်စီး ခရီးသည်တွေ သယ်ဆောင်မှာဖြစ်တယ်။ လူတွေဟာ ဘတ်(စ်)ကားပေါ်ကို အလုအယက်ပဲ တိုးဝှေ့တက်ကြတယ်။ နိုင်ငံခြားသားတွေက အေးအေးဆေးဆေးပါပဲ။ တိုးဝှေ့တက်တဲ့အထဲမှာ ကျွန်တော်လည်းပါတယ်။ ဒီလိုနဲ့လေယာဉ်ဆီကို ကျွန်တော် ရောက်သွားတယ်။ လေယာဉ်ပျံရဲ့ နောက်အနားအပေါက်က ကျွန်တော် တိုးတက်ရတယ်။ ဒီလိုပါပဲ... လေယာဉ်ပေါ်ကို တိုးဝှေ့ပြီးတက်လိုက်တယ်။ ကိုယ့်ထိုင်ခုံနဲ့ ကိုယ်ဆိုပေမယ့် ဘာကြောင့်များ တိုးဝှေ့တက်ခဲ့မှန်း ကိုယ့်ကိုယ်ကိုယ် မစဉ်းစားမိဘူး။ တိုးတာ၊ ဝှေ့တာ၊ တွန်းတာ၊ တိုက်တာ အကျင့်ပါနေလို့ပဲဖြစ်မယ်။ ဖြစ်ချင်တော့ ကျွန်တော့်ဘေးကထိုင်ခုံမှာ နိုင်ငံခြားသားတစ်ယောက် လာထိုင်တယ်။ ဧည့်ခန်းထဲမှာ တွေ့ခဲ့တဲ့သူပါ။ သူဟာ အေးဆေးတည်ငြိမ်စွာပဲ စာအုပ်တစ်အုပ်ကိုဖတ်နေတယ်။

လေယာဉ်တက်ပြီးလို့ (၁၀)မိနစ်လောက်အကြာမှာ လေယာဉ်မယ်လေးတွေက လက်တွန်းလှည်း လေးတွေကိုတွန်းပြီး အစားအသောက် လာကျွေးပါတယ်။ အပူလား။ အအေးလား။ ကြိုက်ရာသုံးဆောင်လို့ရတယ်။ ဖော့ဘူးလေးနဲ့ အသားညှပ် ပေါင်မုန့်တစ်လုံးစီ လိုက်ပြီးဝေတယ်။ ကျွန်တော့်ရဲ့ထိုင်ခုံက အတွင်းဘက်မှာပါ။ အစားအသောက်လာပြီးပေးတဲ့ လေယာဉ်မယ်လေးတွေက တစ်တန်းပြီးတစ်တန်း၊ တစ်ခုံပြီးတစ်ခုံ စနစ်တကျ ပေးဝေပါတယ်။ ကျွန်တော့်ရဲ့ ခုံအနားလည်းရောက်ရော ကျွန်တော်က ကော်ဖီတစ်ခွက်ကို လှမ်းယူလိုက်တယ်။ အသားညှပ်ဖော့ဘူးတစ်ဘူးကို လှမ်းယူလိုက်တယ်။ တကယ်တော့ အဲဒီနိုင်ငံခြားသားက လူသွားလမ်းရဲ့ဘေးမှာ နေရာယူထားသူ။ သူက အရင်ယူရမှာ။ ကျွန်တော်က အတွင်းဖက်ကခုံမှာ ထိုင်တဲ့သူ။ ကျွန်တော်က နောက်မှယူရမှာ။ ဒါပေမယ် ကျွန်တော်က အရင် လက်ကိုလှမ်းလိုက်တယ်။ အဲဒီအချိန်မှာ နိုင်ငံခြားသားက စကားတစ်ခွန်းပြောတယ်။“After you”အဲ့ဒီစကားကိုကြားကြားချင်း ကျွန်တော် နားမလည်ပါဘူး။

အစာစားရင်း ကျွန်တော်စဉ်းစားမိတယ်။“After you” တဲ့။ After ဆိုတာ... ပြီးနောက်။ you ဆိုတာ... သင်၊ မင်း၊ နင်၊ ရှင်။ ဒီတော့... “After you” ဆိုတာ “မင်းပြီးမှ”လို့ အဓိပ္ပာယ်ရတယ်။ “မင်းကို ဦးစားပေး”ပါတယ်။ “မင်းအရင်လုပ်”ပါ။ ဒီလို သဘောဆောင်တဲ့ အင်္ဂလိပ်ခေတ်ပေါ် စကားတစ်ခုပါ။ ကျွန်တော် တွေးရင်းနဲ့ ရှက်လာတယ်။ ကျွန်တော်ဟာ “After me” သမားပဲ။ ကျွန်တော်ဟာ မီးရထားလက်မှတ်တန်းစီရင်လည်း ငါရဖို့...။ ဘတ်(စ်)ကားစီးရင်လည်း ငါအရင်တက်ဖို့။ ငါ အရင်နေရာရဖို့။ ကားမောင်းရင်လည်း လမ်းဆုံမှာ ငါ အရင်ကူးဖို့။ ငါ အရင်ဖြတ်ဖို့။လမ်းကူးရင်လည်း ငါ အရင် ဟိုဘက်ရောက်ဖို့...။ အလုပ်လျှောက်ရင်လည်း ငါ အလုပ်အရင်ရဖို့...။ ငါအဆင်ပြေဖို့...။

“After me”....“After me”....“After me”....ငါပြီးမှ မင်း...။ ငါအရင်...။ ငါ့ကို ဦးစားပေး။ တွေးရင်း တွေးရင်နဲ့ ကျွန်တော် အရမ်းရှက်လာမိတယ်။

ဒီအကြောင်းကို အိမ်ရောက်တော့ အဖေနဲ့အမေကို ပြောပြမိတယ်။ အမေပြောတဲ့စကားဟာ မှတ်သားလောက်ပါတယ်။“After you” ဆိုတဲ့ စိတ်ဟာ လူကြီးလူကောင်းစိတ်ပဲ။ အိမ်မှာ ထမင်းဟင်းကို အမေကချက်တယ်။ အမေချက်ထားတဲ့ ထမင်း၊ ဟင်းကို အမေ အရင်မစားဘူး။ သားသမီးတွေကို အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ ဒီလိုပဲ... မင်းအဖေဟာလည်း သူရှာလို့ရတဲ့ ငွေကြေးကို သူအရင်မသုံးဘူး။ သားသမီးတွေကို အရင်ပေးတယ်။ အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ မင်းဟာလည်း မင်းညီတွေ၊ ညီမတွေနဲ့ ပတ်သက်ရင် “After you” လုပ်ရမှာပဲ။ ဒီလိုပဲ မင်းဟာ ဆရာတစ်ယောက်ဆိုတော့ တပည့်တွေနဲ့တွေ့ရင် တပည့်တွေကို “After you” လုပ်ရမယ်။ “After you” ဆိုတာ ဦးစားပေးခြင်းသဘောအပြင် စာနာခြင်း၊ နားလည်ပေးခြင်းတွေ ပါနေတယ်။ မေတ္တာတရားတွေ ပါနေတယ်။ အတ္တနည်းခြင်းသဘောတွေ ပါဝင်နေတယ်။ အဖေက ၀င်ပြောတယ်။“After me” ဆိုတာ အများအားဖြင့် လူငယ်တွေမှာ ဖြစ်တတ်ကြတယ်။ ကလေးတွေမှာ ဖြစ်တတ်ကြတယ်။ “After me” ဆိုတဲ့ စိတ်ရှိနေတဲ့သူဟာ လူကြီး မဖြစ်သေးဘူး။ စိတ်အရွယ်မရောက်ခြင်းရဲ့ အမှတ်သင်္ကေတဟာ “After me” ပဲ။ “

အသက်တွေကြီးလေလေ တပ်မက်မှုတွေ နည်းလေလေ” ဖြစ်ရမှာ။ “အသက်တွေကြီးလေလေ တပ်မက်မှုတွေများလေလေ” ဆိုရင် ဒါဟာ တော်တော်ရှက်စရာကောင်းတဲ့ “After me” ပဲ။ “After me” ဆိုတာ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တတွေ ရင်ထဲမှာ အများကြီးရှိနေခြင်းကို ဖော်ပြလိုက်ခြင်းပဲ။ “After me” သမားဟာာ မိဘဆိုရင်လည်း မိဘ မပီသတဲ့သူပေါ့။ ဆရာဆိုရင်လည်း ဆရာမပီသတဲ့သူပေါ့။ သူငယ်ချင်းဆိုရင်လည်း သူငယ်ချင်း မပီသတဲ့သူပေါ့။ မိတ်ဆွေဆိုရင်လည်း မိတ်ဆွေ မပီသတဲ့သူပေါ့။ ဒါကြောင့် လူကြီးလူကောင်း ဖြစ်ချင်ရင် “After me” ကိုလျှော့။ “After you” ဖြစ်အောင် ကြိုးစားပေါ့ သားရယ်။ကျွန်တော်တို့ပတ်ဝန်းကျင်မှာ “After me” သမားတွေနည်းလာပြီး “After you” သမားတွေများလာရင်တော့ အရမ်းပျော်စရာကောင်းမှာပဲနော်။သူကလည်း ကိုယ့်အပေါ် “After you”။ ကိုယ်ကလည်း သူ့အပေါ် “After you”။ မိဘကလည်း သားသမီးအပေါ် “After you”သားသမီးကလည်း မိဘအပေါ် “After you”လူကြီးတွေကလည်း လူငယ်တွေအပေါ် “After you”လူငယ်တွေကလည်း လူကြီးတွေအပေါ် “After you”ဆရာကလည်း တပည့်အပေါ် “After you”တပည့်ကလည်း ဆရာ့အပေါ် “After you”အပြန်အလှန် “After you” ဆိုတဲ့....၀န်းကျင်တစ်ခုကို ကျွန်တော်တို့ ထူထောင်ကြရအောင်ဗျာ။ ။

Credit-ကိုသောင်း (ပုလဲမြေ)

ဒီဆောင်းပါးလေးကို ဦးဇင်းဖတ်မိတာတော့ တော်တော်ကြာပါပြီ။ အခုလို ကလေးတွေကို စာသင်မယ်၊ စိတ်ဓာတ်ရေးရာနဲ့ပတ်သတ်ပြီး ဘယ်အကြောင်းအရာကို စာစီစာကုံးရေးခိုင်းရင် သူတို့လေးတွေ စိတ်ဓာတ်ကောင်းရရှိစေမလဲ၊ ပါးစပ်ကပြောပြတာကို လက်တွေ့မှာချရေးခိုင်းတာဟာ သူတို့လေးတွေအတွက် စာစီစာကုံး မြန်မာစာလည်း ရေးတတ်သွားမယ်ဆိုပြီး ပါးစပ်ကနေ အထက်ပါဆောင်းပါးကို ပြောပြပေးပြီး စာစီစာကုံးရေးခိုင်းတယ်။ စာမေးပွဲမှာ ထည့်ရေးခိုင်းလိုက်တယ်။

ဒီဆောင်းပါးလေးပြောပြရင်းနဲ့ပဲ ဆက်စပ်ပြီး ပြောစရာလေးတွေပေါ်လာတာနဲ့ အောက်ပါအတိုင်း ဆက်ပြောပြပေးလိုက်တယ်။

အမေရိကန်ရှိ မိသားစုတစ်စုဟာ ရေဘေးဒုက္ခသည်များအတွက် လှူဒါန်းပေးရန် ပြင်ဆင်နေကြတယ်။ ဒုက္ခသည်မိသားစုမှာလည်း အမေရယ် သား (၂)ယောက် သမီးငယ်လေးတစ်ယောက်အားဖြင့် မိသားစု (၄)ယောက်ရှိတယ်။ လှူမဲ့မိသားစုမှာလည်း ထိုနည်းတူ မိသားစု(၄)ယောက်ပါပဲ။

အဲဒါနဲ့ လှူမဲ့မိသားစု အမေဖြစ်သူက သားသမီးတွေကို ကိုယ်မသုံးတော့တဲ့ ပစ္စည်းလေးတွေ ပေးရအောင်ဆိုပြီး အမေဖြစ်သူက သူမဝတ်တော့တဲ့ အဝတ်စားတွေ လှူဖို့ထည့်တယ်။ သား (၂)ယောက်ကလည်း သူတို့မကြိုက်တဲ့ပစ္စည်းတွေ ထည့်ကြတယ်။ အငယ်ဆုံးဖြစ်တဲ့ သမီးငယ်လေးကတော့ သူအကြိုက်ဆုံး နှစ်သက်ဆုံးဖြစ်တဲ့ ကစားစရာ အရုပ်ကလေးကို ဒုက္ခသည်ကလေးမလေးအတွက် လှူဖို့ ယူလာခဲ့တယ်။

အဲဒါကို အမေဖြစ်သူလည်းမြင်ရော သမီးလေး ဘာဖြစ်လို့ သမီးအကြိုက်ဆုံး အရုပ်လေးကို လှူရတာလဲ။ သမီး မလိုချင်တော့တဲ့ အရုပ်တွေ အများကြီးပဲ။ အဲဒါတွေ လှူဖို့ယူခဲ့ပါလို့ ပြောတဲ့အခါ သမီးဖြစ်သူက "အမေ သမီး ဒီအရုပ်လေးနဲ့ ကစားခဲ့တာ ရက်တော်တော်ကြာ ကစားခဲ့ရပေမဲ့ ဒုက္ခသည် ရွယ်တူကလေးမှာ တစ်ခါမှ ကစားရဦးမှာ မဟုတ်ဘူး။ ဒါကြောင့် သမီးက ကိုယ်ချင်းစာပြီး လှူပေးဖို့ ဆုံးဖြတ်လိုက်တာ။ သမီးတို့က ကိုယ်ချင်းစာပြီး ကိုယ်အကောင်းလိုချင်သလို သူများလည်း အကောင်းသုံး စေချင်တဲ့ စိတ်ရှိရမှာပေါ့လို့ "ပြောတဲ့အခါကျမှ အမေဖြစ်သူလည်း အဝတ်စားအဟောင်းတွေ ပြန်ဖယ်ပြီး အကောင်းဆုံးအဝတ်စားတွေ လှူဖို့ပြန်ပြင်ပါတော့တယ်။ အကိုဖြစ်တဲ့ သား (၂)ယောက်လည်း သူတို့အကြိုက်ဆုံး အသုံးအဆောင်တွေ လှူဖို့ထည့်ကြပါတော့တယ်။

ဒါဟာ ကလေးကနေပေးလိုက်တဲ့ အသိပညာ ဒါနပြုပုံလေးပါ။

မိမိတို့ဟာ မဲနှိုက်တဲ့အခါ အကောင်းဆုံးကို လိုချင်တယ်။ ထီထိုးရင်လည်း အမြင့်ဆုံးဆုကို လိုချင်တယ်။ စီးပွားချမ်းသာကိုလည်း ကမ္ဘာ့ချမ်းသာဆုံး ဖြစ်ချင်ကြတယ်။ ဒါပေမဲ့ အဲဒါတွေ ဖြစ်မလာကြပါဘူး။ ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ မိမိပေးကမ်းမှုပြုခြင်း မျိုးစေ့စိုက်တုန်းက အကောင်းဆုံး ကိုယ့်နှစ်သက်ဆုံး အရာဝတ္ထုများ မပေးကမ်း မလှူဒါန်းဘဲ အညံ့စားတွေပဲ ပေးကမ်းလှူဒါန်းခဲ့လို့ပါပဲ။ လုံးဝကို မပေးကမ်းခဲ့ဘူးဆိုရင်တော့ တောင်းစားရတဲ့အခြေနေထိ ဖြစ်ကြရမှာပါ။

ဒါကြောင့် မိမိတို့ဟာ လူကိုဖြစ်စေ သံဃာကိုဖြစ်စေ ပေးကမ်းလှူဒါန်းခြင်းများ ပြုလုပ်တော့မယ်ဆိုရင် မိမိအကြိုက်ဆုံး အကောင်းဆုံး ပစ္စည်းများဖြင့် ဒါနပြုကြစေချင်ပါတယ်။ ဒါမှ လက်ခံရရှိတဲ့သူကို စိတ်ချမ်းသာစေသလို မိမိရရှိတဲ့အချိန်မှာလည်း အကောင်းဆုံးတွေ ရရှိမှာပါ။ ဒါကြောင့် မိမိတို့ဟာ သူတစ်ပါးကို ပေးကမ်းတဲ့အခါမှာလည်း After you စိတ်ဓာတ်ဖြင့် ကောင်းတာကိုပဲ ပေးကမ်းကြဖို့ လိုအပ်ပါတယ်။ အဲဒါမှသာ မိမိတို့ဟာ မြတ်ဗုဒ္ဓရဲ့ နည်းလမ်းကို လိုက်နာရာလည်း ရောက်မှာပါ။

မြတ်ဗုဒ္ဓဟာ After you စိတ်ဓာတ်ရှိလို့သာလျှင် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလပတ်လုံး သူတစ်ပါးကောင်းစားရေးအတွက် ခန္ဓကိုယ်မှာရှိတဲ့အရာရော၊ အပြင်မှာရှိတဲ့ ပစ္စည်းဥစ္စာ၊ ဇနီးမယား သားသမီးများကိုပါ ပေးကမ်းခဲ့တာပါ။ မြတ်ဗုဒ္ဓဖြစ်တဲ့အချိန်မှာလည်း သူတစ်ပါးအတွက် တစ်ရက်ကို (၂၄)နာရီရှိရာက (၂၂)နာရီခန့် မနားမနေ အလုပ်လုပ်ပေးခဲ့ပါတယ်။ ဒီလိုတွေပြုလုပ်ပေးတာဟာ မြတ်ဗုဒ္ဓသည် After you စိတ်ဓာတ် ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့သည် အသက်ရှင်သမျှကာလပတ်လုံး After you စိတ်ဓာတ်ကို လက်ကိုင်ကျင့်သုံးရမှာပါ။ ဒါမှသာ မိမိတို့သည် မျက်မှောက်သံသရာမှာ ပြီးပြည့်စုံသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး ချမ်းသာသုခအစစ်မှန်ကို ခံစားကြရပါလိမ့်မယ်။

အဲဒီလို ကလေးတွေကိုပြောပြပေးပြီး သူတို့လေးတွေ ဦးနှောက်ထဲမှာ မှတ်မိတာတွေ များပေမဲ့လည်း စာမေးပွဲဖြေချိန်ကို ငဲ့ညာပြီး စာရွက်(၂)မျက်နှာခန့် ဖြေဆိုခိုင်းလိုက်ပါတယ်။

ကိုင်း-ဒီလောက်ဆိုရင်တော့ ဦးဇင်းစာဖတ်ပရိသတ်များလည်း ကလေးတွေလို ဗဟုသုတအသိပညာများ တိုးပွားပြီးမို့ လိုက်နာကျင့်သုံးနိုင်လောက်ပြီ ထင်ပါတယ်။ မိမိတို့နဲ့ နီးစပ်ရာကလေးများကိုလည်း တဆင့်ပြန်လည် သင်ပေးကြပေါ့လေ။

စာဖတ်ပရိသတ်များ အသိပညာဗဟုသုတကြွယ်ဝပြီး အများအကျိုး ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်......။

အရှင်ကောမလ ဆန်နီနေမင်း
သာသနတက္ကသီလ ဓမ္မာစရိယ
B.A (Buddhism), M.A (Sri Lanka)
Ph.D (Thesis) (သီရိလင်္ကာ)
ဖုန်း။ 09-33079721. 09-420064265

Thursday, July 3, 2014

ယုံကြည်ချက်လွန်ကဲသူများ။

ဆန်နီနေမင်းဘလော့မှကူးယူပါသည်

ယုံကြည်ချက်လွန်ကဲသူတို့သည် သူတစ်ပါးက ဘယ်အရာက ဘယ်လိုစသည်ဖြင့် အထင်ကြီး လေးစားဖွယ်၊ အံ့သြဖွယ်၊ ထူးဆန်းဖွယ်ရာတစ်စုံတစ်ခုကို ပြုလုပ်ပြောဆိုလျှင် လွယ်ကူစွာယုံကြည်ပြီး ထိုယုံကြည်ချက်အတိုင်း ပြုလုပ်ဆောင်ရွက်တတ်ကြသည်။ ထို့ပြင် လူလောကမှာ သူတစ်ပါးကို လိမ်ညာ ချင်သူများလာရခြင်းမှာလည်း သူတစ်ပါးရဲ့ လှည့်ကွက်များကို မစဉ်းစား၊ မတွေးခေါ်၊ သုံးသပ်ဆင်ခြင်ဉာဏ်မရှိဘဲ အလွယ်တကူ ယုံကြည်လွယ်ခြင်းကြောင့် ဖြစ်သည်။

ဗုဒ္ဓဝါဒကို ယုံကြည်သူများဟု သတ်မှတ်ခံယူထားသော ဗုဒ္ဓဘာသာနွယ်ဝင်များပင် ဗုဒ္ဓဝါဒမှတစ်ပါး အခြားများစွာသော သူတစ်ပါးတို့၏ မှားယွင်းသောလုပ်ရပ်များကို စွဲမြဲစွာယုံကြည်လျက် ပြုလုပ်နေကြသည်မှာ အံ့သြဖွယ်ရာပင် မြင်တွေ့ကြားသိနေရ၏။ ဥပမာ-ဗေဒင်ဆရာက ယတြာချေခိုင်းလျှင် ခိုင်းသည့်အတိုင်း မလွဲမသွေ ပြုလုပ်ကြသည်။ ထိုယတြာကြောင့် မိမိဆိုးကျိုးများပျောက်ကင်းပြီး ကောင်းကျိုးများရလာသည်ဟု ထင်မြင်ယူဆကြသည်။ အမှန်မှာ ယတြာချေခိုင်းသည့် အလုပ်ကိစ္စများသည် မကောင်းမှုအကုသိုလ် အလုပ်များကို ပြုလုပ်ခိုင်းသည်မဟုတ်ဘဲ ကောင်းမှုကုသိုလ်အလုပ်များသာ ပြုလုပ်ခိုင်းနေသည်ကို သတိမထားမိကြချေ။ တကယ်တော့ မိမိတို့မှာ ယတြာချေသောကြောင့် ကောင်းကျိုးဖြစ်လာသည်မဟုတ်၊ ကောင်းသည့်အလုပ်ကို ပြုလုပ်သည့်အတွက် ကောင်းကျိုးများဖြစ်လာရခြင်းပါ။ ထို့ကြောင့် မိမိပြုလုပ်နေသော ယတြာချေခြင်းသည် မကောင်းသောအလုပ်လား၊ ကောင်းသောအလုပ်လားဆိုတာ စဉ်းစားကြည့်ပြီး ကောင်းသည့်အလုပ်ကြောင့် ကောင်းကျိုးရသည်ကိုတော့ မယုံကြည်ကြဘဲ ယတြာချေသောကြောင့် ကောင်းကျိုးရသည်ဟု လွဲမှားသောအသိအမြင်များသာ မှတ်ယူနေကြပေသည်။

ရက်ရာဇာ၊ ပြဿဒါးအယူအဆများသည် မိမိတို့ယုံကြည်မှုကြောင့် ကောင်းဆိုးများနှင့် ကြုံတွေ့ရခြင်း ဖြစ်ပေသည်။ မိမိက ရက်ရာဇာနေ့သည် ကောင်းသည်ဟုယူဆပြီး ကောင်းသောအလုပ်များပြုလုပ်လျှင် ထိုအလုပ်သည် အောင်မြင်လေသည်။ မိမိက ပြဿဒါးနေ့သည် မကောင်းသောနေ့ဟုယူဆပြီး မကောင်းသောအလုပ်များပြုလုပ်လျှင် ထိုအလုပ်သည် အောင်မြင်မှုနည်းလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်လုပ်ငန်းမဆို မိမိယုံကြည်ချက်နှင့်ပြုလုပ်သည့်လုပ်ငန်းသာ အောင်မြင်သောကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် ရက်ရာဇာသည် ကောင်းသောနေ့၊ ပြဿဒါးသည် မကောင်းသောနေ့စသည်ဖြင့် နေ့၊ လ၊ နက္ခတ်စသည်တို့ကို သတ်မှတ်လုပ်ကိုင်ဆောင်ရွက်ကြရာတွင် မိမိယုံကြည်ချက်သည်သာ အဓိက ကျပေသည်။ မိမိက ယုံကြည်ချက်မရှိဘဲပြုလုပ်လျှင် မည်သည့်နေ့တွင်မဆို လုပ်ကိုင်ဆောင်ရွက်မှုမှန်သမျှသည် အောင်မြင်ပြီးမြောက်လိမ့်မည် မဟုတ်ပါပေ။ ထို့ကြောင့် ရက်ရွေးခြင်းထက် မိမိယုံကြည်ချက်သည်သာ အဓိကဖြစ်သည်ကို အထူးဂရုစိုက် မှတ်သားလိုက်နာသင့်ပေသည်။

ဓဇဂ္ဂသုတ်တွင် မြတ်ဗုဒ္ဓက နတ်သားများအား စစ်တိုက်သောအခါ မိမိတို့တွင် ဘေးရန်အန္တရာယ်ကျရောက်၍ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်းများဖြစ်လာလျှင် မိမိတို့၏ ခေါင်းဆောင်အလံများကို မော့ကြည့်လိုက်ပါ။ ထိုအခါ သင်တို့သန္တာန်မှာ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ချောက်ခြားခြင်းများ ပျောက်ကင်းသွားပြီး မည်သည့်ဘေးအန္တရာယ်ကိုမဆို ကျော်ဖြတ်နိုင်လိမ့်မည်ဟု ပြောကြားခြင်းမှာ နတ်စစ်သည်များ အတွက် ယုံကြည်ချက်ဖြင့် ခွန်အားပေးလိုက်ခြင်း ဖြစ်ပေသည်။
ထို့အတူ တောတောင်ထဲတွင် သီတင်းသုံးနေထိုင်သော သံဃာတော်များအား မြတ်ဗုဒ္ဓက “သင်တို့မှာ ဘေးရန်အန္တရာယ်များ ကြုံတွေ့ရ၍ ကြောက်ရွံ့ခြင်းများဖြစ်လာလျှင် ရတနာသုံးပါး ဂုဏ်တော်တစ်ခုခုကို ရွတ်ဆိုပွားများ အာရုံပြုပေးလိုက်ပါ။ သင်တို့သန္တာန်မှာ ကြောက်ရွံ့ခြင်းများကင်းပြီး လိုရာခရီးရောက်ပါလိမ့်မည်ဟု မိန့်တော်မူခဲ့ပေသည်။ (သံ၊ ၁၊ ၂၂၀)

အထက်ပါ မြတ်ဗုဒ္ဓ၏ မိန့်ဆိုချက်များတွင် မည့်သည့်အဆောင်လက်ဖွဲ့ကို ဆောင်ထားပါ။ မည်သည့်နေ့ရက်တွင် ပြုလုပ်ပါ။ မည်သည့်နေ့ရက်သည် မိမိလုပ်ငန်းများ အောင်မြင်မည့်ရက်၊ မည်သည့်နေ့ရက်သည် မိမိလုပ်ငန်းများ ဆုံးရှုံးမည့်ရက်ဟူ၍ မိန့်ကြားထားခြင်း မရှိပါပေ။

တဖန် နက္ခတ္တဇာတ်တွင် မြတ်ဗုဒ္ဓလက်ထက်က သူဌေးသား၏မိဘများနှင့် သူဌေးသမီး မိဘများ သည် နှစ်ဦးနှစ်ဘက်ဆွေးနွေးတိုင်ပင်ပြီး လက်ထပ်ပွဲကျင်းပရန် ရက်သတ်မှတ်လိုက်ကြသည်။ ထိုသို့ ရက်သတ်မှတ်ပြီးမှ သူဌေးသားမိဘများသည် သူတို့သတ်မှတ်ထားသောနေ့ရက်သည် မင်္ဂလာနေ့ရက် ကောင်း ဟုတ်မဟုတ်သိလိုသဖြင့် ၎င်းတို့ကိုးကွယ်ဆည်းကပ် အထင်ကြီးလေးစားရသောပုဂ္ဂိုလ်ထံ သွားရောက်မေးမြန်းကြသည်။
ထိုအခါ သူတို့ဆရာဖြစ်သူက “ငါ့ကို အစဦးဆုံးကတော့ မတိုင်ပင်၊ အကြံဉာဏ်မတောင်းဘဲနဲ့ ယခုမှ လာရောက်မေးမြန်းရမလားဆိုပြီး မင်္ဂလာရက်သတ်မှတ်ထားသောနေ့သည် နက္ခတ်မကောင်းသဖြင့် လက်ထပ်ပွဲကျင်းပလျှင် ဆိုးကျိုးခံစားရမည်”ဟု ပြောလိုက်သည်။ သူဌေးသားနှင့် မိဘများသည် ကံ၊ ကံ၏အကြောင်းအကျိုးကို မယုံကြည်ကြဘဲ ဆရာဖြစ်သူ၏စကားကို ယုံကြည်ပြီး လက်ထပ်မင်္ဂလာပွဲကို နောက်ရက်ရွေ့ရန် သတိုးသမီးဘက်သို့ အကြောင်းကြားလိုက်ပြီး မင်္ဂလာပွဲအခမ်းအနား မသွားရောက်ကြပေ။ ထိုအခါ သတိုးသမီးဘက်မှ မိဘများသည် မင်္ဂလာပွဲကျင်းပရန် သတ်မှတ်ပြီးမှ ရွေ့ပြောင်းရမလားဆိုပြီး တခြားသူနဲ့ လက်ထပ်ပေးလိုက်သည်။

နောက်တစ်ရက် သူဌေးသားတို့ မင်္ဂလာပွဲကျင်းပရန် လာရောက်ကြသောအခါ သတိုးသမီးသည် တစ်ပါးသူနဲ့ လက်ထက်ပြီးပြီဟု ပြောကြားလိုက်လေသည်။ ထိုအခါ သတိုးသားသည် သူချစ်ခင်ရသူ သတိုးသမီးမရရှိသည့်အတွက် ဝမ်းနည်းကြေကွဲမှုများ ခံစားရသည့်အပြင် မိမိချစ်ခင်နှစ်သက်သော ဇနီးကောင်းတစ်ယောက် ဆုံးရှုံးခြင်းအကျိုးပါ ရရှိခဲ့သည်။

ထိုအဖြစ်အပျက်ကို သိမြင်သောအခါ မြတ်ဗုဒ္ဓက “နက္ခတ်ကောင်းမကောင်း တွက်ချက် စဉ်းစားနေသောလူမိုက်ကို အကျိုးစီးပွားများက ကျော်လွန်သွားသည်။ အကျိုးစီးပွားကို လိုချင်သူအတွက် အကျိုးရှိသော အလုပ်သည်ပင် နက္ခတ်ကောင်းဖြစ်၏။ ကောင်းကင်က ကြယ်တာရာတို့သည် ဘာလုပ်နိုင်ကြမည်နည်း”ဟု ဟောကြားတော်မူခဲ့ပါသည်။ (နက္ခတ္တဇာတ်၊ ဇာတက၊ ဋ္ဌ၊ ၁၊ ၂၇၄။)

မြတ်ဗုဒ္ဓက မည်သို့ပင် နက္ခတ်ကြယ်တာရာများသည် အကျိုးကိုမဖြစ်စေနိုင်၊ မိမိယုံကြည်မှုနှင့် လုပ်ဆောင်ချက်တို့သည်သာ မိမိအတွက် အကျိုးဖြစ်ထွန်းစေသည်ဟု မိန့်ကြားခဲ့သည်ကို ဗုဒ္ဓဘာသာဝင် အများစုသည် နက္ခတ်ကြယ်တာရာ၊ ဂြိုလ်၊ ရက်ရာဇာ၊ ပြဿဒါးများကို ယုံကြည်နေကြခြင်းသည် အလွန်အံ့သြစရာပင် ဖြစ်နေပေသည်။ ထိုထက်ဆိုးသည်က ဗုဒ္ဓဘာသာဝင်များသည် အပေါ်ယံ နေ့ရက်တို့သာ ယုံကြည်ကြရုံသာမကဘဲ မိမိကောင်းမှုကုသိုလ်လုပ်မည့် ကောင်းမှုကုသိုလ် အလှူပွဲများမှအစ နေ့ရက်များရွေးချယ်နေကြသည်မှာ လွန်လွန်းသည်ဟု ထင်မြင်မိပါသည်။ ထို့ကြောင့် အလုံးစုံကို သိမြင်တော်မူသည့် မြတ်ဗုဒ္ဓပြောပြခဲ့သည်ကို မယုံကြည်နိုင်၊ လက်မခံနိုင်ဖြစ်နေပြီး သာမန်လူများ ပြောပြသည်ကို ယုံကြည်လျက် မိမိကောင်းမှုကုသိုလ်လုပ်ငန်းများပါ နောက်ဆုတ်နေမည်ဆိုလျှင် မိမိသေသွားခဲ့ပါက ကောင်းမှုကုသိုလ်များသာ မရရှိဘဲ ဖြစ်နေပါလိမ့်မည်။

ထိုကဲ့သို့ မိမိမသေခင် သေချာရေရာမည့် ကုသိုလ်လုပ်ငန်းများပါ ရက်ရွေးနေ၍ မလုပ်ဖြစ်ခဲ့ဘဲ သေသွားလျှင် မည်မျှလောက် ဝမ်းနည်းစရာ နောင်တရစရာ ကောင်းနေမည်လည်းဆိုတာ သေချာစဉ်းစားကြည့်စေချင်ပါသည်။

တစ်ခါ အောက်ပါဖြစ်ရပ်မှန်လေးကလည်း စာဖတ်သူတို့အတွက် အသိပညာရစေမှာပါ။

သူငယ်ချင်းနှစ်ယောက် တက္ကသိုလ်ဝင်တန်းဖြေပြီးသောအခါ တစ်ယောက်က စစ်ထဲဝင်မည်။ တစ်ယောက်က ဆရာဝန်လုပ်မည်ဆိုပြီး ရည်ရွယ်ချက်ကိုယ်စီ ထားခဲ့ကြသည်။ ဒီလိုနဲ့ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသောအခါ စစ်သားဖြစ်ချင်သူက စစ်ထဲဝင်ခဲ့သည်။ ဗိုလ်လောင်းသင်တန်းပြီးသောအခါ စစ်သားဖြစ်သည့်သူငယ်ချင်း ရှေ့တန်းထွက်ရမည့် အခြေအနေ ရောက်လာသောအချိန် ဆရာဝန် သူငယ်ချင်းက “မင်းသွားလေရာမှာ ဘေးရန်အန္တရာယ်တွေကနေ ကင်းရှင်းအောင် ငါလက်ဖွဲ့လေးတစ်ခု ပေးလိုက်မယ်။ ဒီလက်ဖွဲ့လေးဟာ ငါတို့မျိုးရိုးစဉ်ဆက် ယုံကြည်စွာနဲ့ လက်မှာပတ်ထားခဲ့ကြတဲ့ အရာလေးပါ။ ဒါလေးကို မင်းဆောင်ထားမယ်ဆိုရင် မင်းအန္တရာယ်မျိုးစုံကနေ ကင်းလွတ်လိမ့်မယ်”ဟုပြောပြီး စာရွက်ခေါက်လေးတစ်ခုပေါ်မှာ အဝတ်စလေးပတ်ထားသော လက်ဖွဲ့တစ်ခု ပေးလိုက်သည်။

စစ်သားဖြစ်သူသည် သူငယ်ချင်းပြောသည့်စကားကို ယုံကြည်ချက်အပြည့်နှင့် လက်ဖွဲ့ကလေး လက်မှာအမြဲပတ်တီးထားပြီး ရှေးတန်းသို့ လေးကြိမ်တိုင်တိုင် ထွက်ခဲ့ရသော်လည်း မည်သည့်အန္တရာယ်မှ မကျရောက်ဘဲ ကျန်သူများသာ အန္တရာယ်ကြုံတွေ့ရခြင်းသည် သူငယ်ချင်းပေးလိုက်သော လက်ဖွဲ့အဆောင်ကြောင့်ဖြစ်မည်ဟု ယုံကြည်နေသည်။ ရှေ့တန်းသို့လေးကြိမ် ထွက်ခဲ့ပြီးနောက် ခွင့်ရသည်နှင့် သူငယ်ချင်းဆရာဝန်ဆီ အလည်သွားသောအခါ ဆရာဝန်ဖြစ်သည့် သူငယ်ချင်းအား “သူငယ်ချင်း၊ မင်းပေးလိုက်တဲ့ လက်ဖွဲ့အစွမ်းကြောင့် ငါ့မှာ ရှေ့တန်းလေးကြိမ်ထွက်ခဲ့ရပေမဲ့ ဘာအန္တရာယ်မှ မကြုံတွေ့ ခဲ့ရဘူး။ မင်း ငါ့ကို ခုလို အစွမ်းထက်တဲ့   လက်ဖွဲ့ပေးတဲ့အတွက် ကျေးဇူးဆပ်လို့မကုန်အောင် ကျေးဇူးတင်ပါတယ်”ဟု ပြောသောအခါ ဆရာဝန်ဖြစ်သူက “မင်းငါ့ပေးတဲ့လက်ဖွဲ့ကို တစ်ခါမှ ဖြုတ်မကြည့်ဖူးလား” ဟု မေးလိုက်သည်။ ထိုအခါ စစ်သားဖြစ်သူက “ဖြုတ်ကြည့်စရာမလိုအောင် အစွမ်းထက်နေတာမို့ မကြည့်ပါဘူး”ဟု ဖြေလေသည်။

ထိုအခါ ဆရာဝန်သူငယ်ချင်းက ငါပေးလိုက်သောလက်ဖွဲ့သည် ဘာလက်ဖွဲ့လဲဆိုတာ ကြည့်လိုက်ပါဦးဟု ပြောသောအခါမှ စစ်သားဖြစ်သူ ဖွင့်ဖတ်ကြည့်သောအခါ ဒေါသပုန်းထပြီး လက်ဖွဲ့ကို လွင့်ပစ်လိုက်လေသည်။ ထိုအချိန်မှစ၍ စစ်သားဖြစ်သူသည် လက်ဖွဲ့အပေါ် ယုံကြည်မှုမရှိသောအခါ သူ့မှာ ယုံကြည်ချက်ကင်းမဲ့ပြီး ခွန်အားကင်းမဲ့နေသဖြင့် နောက်တစ်ကြိမ် ရှေ့တန်းထွက်ရသောအခါ ကျဆုံးခဲ့သည်။ ဆရာဝန်ဖြစ်သူ သူငယ်ချင်းပေးလိုက်သည့် လက်ဖွဲ့သည် သူငယ်ချင်းအား နောက်ပြောင်လိုသည့်စိတ်နှင့် ရေးပေးလိုက်သော စာရွက်သာဖြစ်သည်။ စာရွက်ကလေးအတိုင်းပေးလျှင် သူ့ရှေ့မှာပင် ဖတ်ကြည့်ပါက သူ့ကို ဒေါသပုန်းထမည်စိုးသဖြင့် စာရွက်ကိုခေါက်လိပ်ပြီး အဝတ်စနှင့် စည်းပေးလိုက်ခြင်း ဖြစ်သည်။ ဆရာဝန်ဖြစ်သူ ရေးပေးလိုက်သည့်စာမှာ “မင်းသေရင် မင်းနှမ ငါယူမည်”ဟူသတည်း။

အထက်ဖော်ပြခဲ့ပါ သာဓကဝတ္ထုတို့ကို ထောက်ဆကြည့်မည်ဆိုပါက မိမိတို့သည် အခြားသောပုဂ္ဂိုလ်များ၏ စကားများကို ယုံကြည်ကြခြင်းမရှိဘဲ မြတ်ဗုဒ္ဓ၏ ဆုံးမသြဝါဒများကိုသာ ယုံကြည်ကြမည်။ မြတ်ဗုဒ္ဓမိန့်တော်မူခဲ့သည့် တရားတော်များရွတ်ဆိုပွားများပြီး တရားတော်များအတိုင်း ကျင့်သုံးနေထိုင်မည်။ သူတော်ကောင်းများ နှစ်သက်သဘောကျသည့် အလုပ်ကိစ္စများကိုသာ လုပ်ကိုင်ဆောင်ရွက်ကြမည်ဆိုလျှင် မည်သည့်လက်ဖွဲ့ကိုမျှ ဆောင်နေစရာမလိုသကဲ့သို့ နေ့ရက်များကိုလည်း ရွေးချယ်စရာမလိုဘဲ မိမိတို့ဘဝမှာ ချမ်းသာသုခများပြည့်စုံပြီးသကာလ မြတ်ဗုဒ္ဓတို့သွားရာလမ်းကို မလွဲဧကန် လျင်မြန်စွာရောက်ရှိပါလိမ့်မည်။

မှတ်ချက်။ ။ ဂျာနယ်၊ မဂ္ဂဇင်းများသို့ ထည့်သွင်းဖော်ပြခြင်း၊ ဖြန့်ဝေခြင်းများ မည်သူမဆို ပြုလုပ်နိုင်ပါသည်။ သို့သော် စာရေးသူရေးထားသည့်အတိုင်း အပြည့်စုံ ထည့်သွင်းပေးဖို့တော့ လိုအပ်ပါလိမ့်မည်။

အရှင်ကောမလ ဆန်နီနေမင်း
သာသနတက္ကသီလ ဓမ္မာစရိယ
B.A (Buddhism), M.A (Sri Lanka)
Ph.D (Thesis), Sri Lanka
ရွှေပြည်သာဓမ္မရိပ်သာ ကျောင်းထိုင်ဆရာတော်
ရပ်စောက်မြို့အနီး၊ ရွှေညောင်-ပင်းတယကားလမ်းဘေး၊
Ph-0933079721. 0973069549.

Monday, June 30, 2014

ခေါက်ဆွဲစားသူများ (ခေါက်ဆွဲစားသူများ)


မေတ္တာဥာယျာဉ်မှကူးယူပါသည်

ဂန္ထ၀င် ဟော်လန် ပန်းချီဆရာကြီး ဗင်းဆင့်ဗင်ဂိုရဲ့ ကမ္ဘာကျော် ပန်းချီကား “အာလူး စားသူများ”ကို အားကျ တုပ လိုက်တာတော့ မဟုတ်ပါဘူး။ ပရဟိတ လူငယ်မောင်မယ်တွေ ဦးဆောင် ကျင်းပတဲ့ တရားပွဲ တစ်ခုမှာ “ရင်ထဲက ဘောလုံးပွဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောရင်းက စပ်မိပြီး ပြောဖြစ်ခဲ့တဲ့ ခေါက်ဆွဲစားသူများ အကြောင်းပါ။
          “ရင်ထဲက ဘောလုံးပွဲ” ဆိုတာ မိမိက ခေတ်မီအောင် အဆန်းတည်ထွင် အမည်ပေးပြီး ဟောကြားတဲ့ အကြောင်း အရာတော့ မဟုတ်ပါဘူး။ တိပိဋကဓရ (ယော)ဆရာတော် ဘုရားကြီး အမည်ပေး ဟောကြားထားတဲ့ “ခန္ဓာကိုယ်ထဲ ဘောလုံးပွဲ” ဆိုတဲ့ အကြောင်း အရာပါပဲ။
          လူတိုင်းရဲ့ ခန္ဓာကိုယ်ထဲမှာ “စိတ်”ဆိုတဲ့ ဘောလုံး ကလေးကို “ကဏှပက္ခ = အမည်းရောင် အသင်း” လို့ အမည်ရတဲ့ အကုသိုလ် သင်းနဲ့ “သုက္ကပက္ခ = အဖြူရောင်သင်း”လို့ အမည်ရတဲ့ ကုသိုလ် သင်းတို့ အပြိုင်အဆိုင် အလုအယက် ကစားနေတဲ့ ဘောလုံး ပွဲကြီးဟာ နိုးချိန်ကစပြီး အိပ်ပျော်နေချိန် အထိ နေ့စဉ်မပြတ် ဆင်နွှဲနေပါတယ်။
 
          သုဂတိ လူ့ဘုံဆိုတာ ကုသိုလ်ကံကြောင့် ရရှိထားတဲ့ ဘ၀ဖြစ်တဲ့ အတွက် ကိုယ့်အိမ်ကွင်း ဖြစ်တဲ့ ဒီဘောလုံးပွဲမှာ ကိုယ့်အသင်းက အဖြူရောင်ဖြစ်တဲ့ ကုသိုလ်သင်းပါ။ အခုလို သာသနာတော်တွင်း ကာလနဲ့ ကြုံခိုက်မှာ “ဗုဒ္ဓံသရဏံ ဂစ္ဆာမိ = မြတ်စွာဘုရားကို အားထား ကိုးကွယ်ရာဟု သိမှတ် ဆည်းကပ်ပါ၏” လို့ အဓိဋ္ဌာန်ပြု တည်ဆောက် ထားကြတဲ့ ဗုဒ္ဓဘာသာဝင်များ အနေနဲ့ ကိုယ့်အသင်းဟာ ဘုရားရှင် ကိုယ်တော်တိုင် နည်းပြ လမ်းညွှန်ပေးမှုကို ခံယူ ရရှိထားတာ ဖြစ်လို့ နည်းစနစ်ပိုင်းရော နည်းဗျူဟာ ပိုင်းပါ အလွန်ပြည့်စုံ ကောင်းမွန်နေတာ သေချာပါတယ်။ ဒါဟာ ဘုန်းကံပါရမီ အလွန်ကြီးမား သူတို့သာ ရနိုင်တဲ့ အခွင့်ထူးကြီးပါ။
          ဒါပေမယ့် တကယ့် လက်တွေ့ မှာတော့ နည်းပြ ကောင်းနဲ့ လေ့ကျင့်ထားတဲ့ ကိုယ့်အသင်းက ကိုယ့်အိမ်ကွင်းမှာ ကိုယ့်ပရိသတ်ရဲ့ အားပေးမှု နည်းလွန်းတဲ့ အတွက် တစ်နေ့တာ စာရင်းချုပ် လိုက်ရင် အကုသိုလ် အသင်းကချည်း အနိုင်ရသလို ဖြစ်နေပါတယ်။ အဓိက ချွတ်ယွင်း ချက်ကတော့ ကိုယ့်အသင်းရဲ့ ခေါင်းဆောင်ဖြစ်တဲ့ “သတိ”တရား ပေါ့လျော့ မှုကြောင့်ပါ။ ဒါဟာ အခုခေတ် မှာတော့ မဟုတ်ပါဘူး ပဝေသ ဏီကတည်း ကပါ။ ဒါကြောင့်လည်း မြတ်ဗုဒ္ဓ သက်တော်ထင်ရှား ရှိစဉ်က နေ့စဉ်နေ့တိုင်း “အပ္ဗမာဒေန သမ္မာဒေထ ”လို့ အမြဲ တိုက်တွန်းတော် မူနေရတာပါ။
          ကိုယ့်အသင်းအတွက် မြတ်ဗုဒ္ဓ ချမှတ်ပေးထားတဲ့ နည်းစနစ်က “နောက်တန်းမှာ သီလသိက္ခာ မဂ္ဂင်သုံးပါး။ အလယ်တန်းက သမာဓိသိက္ခာ မဂ္ဂင်သုံးပါး။ ရှေ့တန်းက ပညာသိက္ခာ မဂ္ဂင်နှစ်ပါး” ဆိုပြီး ၃-၃-၂ စနစ်ဖြစ်ပါတယ်။ နည်းဗျူဟာ ပိုင်းအရကတော့ နောက်တန်းက “မကောင်းမှုရှောင် (၀ါရိတ္တသီလ)၊ ကောင်းမှုဆောင် (စာရိတ္တသီလ)” ကြရမှာ ဖြစ်ပြီး ရှေ့တန်းကတော့ အမည်းရောင် ဖြစ်တဲ့ တစ်ဖက်အသင်း လုံးဝ ရှုံးနိမ့်ပြီး စိတ်ဘောလုံးကို ကိုယ့်အသင်းက အပိုင် ကိုင်ထားနိုင်ရေး ဖြစ်တဲ့ “ဖြူအောင် စိတ်ကိုထား” နိုင် ကြဖို့ ဖြစ်ပါတယ်။
          ရင်ထဲက ဘောလုံးပွဲ ဆိုတာ ဘ၀ တစ်ခုလုံးကို ပုံလောင်းထားရတဲ့ အရေးအကြီးဆုံး ဘောလုံးပွဲကြီးပါ။ ဘာဖြစ်လို့လည်း ဆိုတော့ ရှုံးရင် သုဂတိဘုံက ထွက်ပြီး အပါယ်လေးဘုံ ဆိုတဲ့ ဒုဂ္ဂတိဘုံကို သွားရမှာဖြစ်ပြီး နိုင်ရင်တော့ အပါယ်ဘုံကို လုံးဝ ပြန်မသွားရတော့ဘဲ သုဂတိ အဆင့်ဆင့်ကနေ နိဗ္ဗာန်အထိ တက်ခွင့်ရကြမည့် “ရှုံးထွက်၊ နိုင်တက်” ပြိုင်ပွဲကြီး ဖြစ်လို့ပါပဲ။
          ကိုယ့်ဘ၀နဲ့ ဘာမျှ မပတ်သက်တဲ့ အပြင် ဘောလုံးပွဲ တွေမှာတော့ လူတွေဟာ ကိုယ့်အသင်း၊ ကိုယ်နိုင်စေချင်တဲ့ အသင်းကို စိတ်အား ထက်ထက်သန်သန် အားပေး တတ်ကြပေမယ့် ကိုယ့်ဘ၀ တစ်ခုလုံး လောင်းကြေး တင်ထားရတဲ့ ကိုယ့်ရင်ထဲက ဘောလုံးပွဲမှာတော့ ကိုယ့်အသင်းဖြစ်တဲ့ ကုသိုလ်သင်းဟာ မြန်မာပြည်သားများ ပီပီ မြန်မာမှုပြုနေ ကြတယ်လို့ ဆိုရ လောက်အောင်ပဲ မြန်မာ့ ဘောလုံးသင်းနဲ့ အတော်လေး တူနေတယ်။
          ဟုတ်တယ်လေ၊ ကြွေးကြော်သံအရ ကြည့်လိုက်ရင် မြန်မာ့ အားကစားကလည်း “ကမ္ဘာကို လွှမ်းစေရမည်” တဲ့။ ဗုဒ္ဓဘာသာ ၀င်တို့ရဲ့ ကြွေးကြော်သံကရော ဘာထူးလဲ၊ ပန်းတစ်ပွင့် ရေတစ်ခွက်ပဲ လှူလှူ “နိဗ္ဗာန ပစ္စယောဟောတု” ပဲ။ နိဗ္ဗာန်ဆိုတာ လောကုတ္တရာတရား။ လူနတ် ဗြဟ္မာဆိုတဲ့ လောက သုံးပါးလုံးကို ကျော်လွန်တဲ့ တရားဆိုတော့ “လောက သုံးပါးလုံးကို လွှမ်းစေရမည်” ဆိုတဲ့သဘောပဲ။
          ကြွေးကြော်သံ ဆိုတာ လုပ်ဆောင်ချက်နဲ့ အကောင်အထည် ဖော်ရမှာလေ။ စာရေးဆရာ ထက်ခေါင် ပြောသလို “လွှမ်း” ချင်တယ်ဆိုရင် “လှမ်း”နေရမှာ။ “လွှမ်း”ဆိုတဲ့ နေရာမှာ ပုဂ္ဂိုလ်ရဲ့တာဝန်က “ဟထိုး” လေးပဲထည့်ပြီး “လှမ်း” ရမှာ။ “၀ဆွဲ”က ပုဂ္ဂိုလ်ရဲ့ တာဝန် (ပုဂ္ဂလဗျာပါရ) မဟုတ်ဘူး၊ လုပ်ဆောင်ချက်ရဲ့ အကျိုးအဖြစ်နဲ့ ရောက်လာရမှာ ဖြစ်လို့ ဓမ္မရဲ့ တာဝန် (ဓမ္မဗျာပါရ) ဖြစ်တယ်။ မှီအောင်လှမ်း နိုင်ရင် ညီသွားမယ်။ ကျော်အောင် လှမ်းလိုက်ရင် လွှမ်းသွား မှာပဲ မဟုတ်လား။
          ပုဂ္ဂလ ဗျာပါရဖြစ်တဲ့ “ဟထိုး” ကိုတော့ မထည့်ကြဘဲ ဓမ္မဗျာပါရဖြစ်တဲ့ “၀ဆွဲ”ကို ဇွတ်အတင်း ထည့် နေကြတော့ ဒီကြွေးကြော်သံကို တွေ့ရတိုင်း ဆရာငြိမ်းကျော်ရဲ့ လူကြိုက်များတဲ့ ၀တ္ထုတစ်ပုဒ်ကို ပြေးပြီး သတိရမိတယ် “လွမ်းလို့ ကျန်ရစ်ခဲ့မှာကို အားနာပါတယ်လေ”တဲ့။
----------------
ဒီနေ့ ပရဟိတ လူငယ် မောင်မယ်တွေရဲ့ ကြိုးစား လုပ်ဆောင်နေမှုကို ကြည့်လိုက်မယ် ဆိုရင် မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်ဆိုတဲ့ သီလသိက္ခာအရ အတော်လေး တာဝန်ကျေကြတဲ့ အတွက် နောက်တန်း ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဘောလုံးပွဲ တစ်ပွဲမှာ နောက်တန်းခံစစ် လုံရင် တစ်ဖက်သင်းက ဂိုးမရှူးနိုင်တဲ့ အတွက် “မရှုံးဘူး”လို့တော့ ပြောလို့ရပါတယ်။ မရှုံးဘူးဆိုတော့ မထွက်ရဘူး ဆိုလည်း ပြောနိုင်ပါတယ်။ ဟုတ်ပါတယ် သီလ သိက္ခာလုံခြုံရင် သုဂတိဘုံက ထွက်ပြီး ဒုဂ္ဂတိဘုံကျရောက်ဖို့ အကြောင်း မရှိပါဘူး။
          မထွက်ရလို့ တက်ရမှာလား ဆိုရင်တော့ ဒီလိုတော့ ပြောလို့ မရသေးပါဘူး။ နောက်တန်းဆိုတာ ရှုံးတယ်နဲ့ မရှုံးဘူးကိုသာ အဆုံးအဖြတ် ပေးနိုင်တာမျိုးပါ၊ မရှုံးရင် မထွက်ရဘူးလို့ပဲ ပြောလို့ ရပါသေးတယ်။ တက်ရမယ် မတက်ရဘူးဆိုတာ ကတော့ ရှေ့တန်းက အနိုင်ဂိုး ရှူးနိုင်တဲ့အပေါ် မူတည်ပါတယ်။ ရှေ့တန်း ပညာသိက္ခာက ၀ိပဿနာ ပညာတာဝန်ကျေလို့ မဂ်ပညာ တစ်ခုလောက် အနည်းဆုံး ရအောင် ရှူးနိုင်မယ် ဆိုရင်တော့ နိဗ္ဗာန်ဖလား အပိုင်ရပြီဖြစ်လို့ အပါယ်လေးဘုံကို ဘယ်တော့မှ ပြန်မသွားရဘဲ တစ်ဆင့် တက်သွားပြီလို့ ဆိုနိုင်ပါတယ်။
ဒီအဆင့် ရောက်အောင် မတက်နိုင် သေးရင်တော့ မထွက်ရသေးဘူး ဆိုပေမယ့် အခိုင်အမာတော့ မဖြစ်သေးပါဘူး။ အချိန်မရွေး အပါယ်လေးဘုံဆီ ပြန်လည် သွားနိုင်ပါတယ်။
အဲ … “ပြန်လည် သွားနိုင်တယ်” ဆိုတာနဲ့ စပ်မိလို့ ပြောရဦးမယ်။ အပြင် ဘောလုံးပွဲ တွေမှာ “ခေါက်ဆွဲစားတယ်”ဆိုတဲ့ ဝေါဟာရတစ်ခု ရှိတယ်။ အမရပူရမှာ နေတုန်းက မန္တလေးတိုင်းမှာ ဘောလုံး ကစားရာမှာ နာမည်ကြီးသလောက် ခေါက်ဆွဲ စားရာမှာလည်း နာမည်ကြီးတဲ့ ရှေ့တန်းတိုက်စစ်မှူး ဘောလုံး သမားကြီး တစ်ဦးအိမ်မှာ ဆွမ်းခံရလို့ အတော် ရင်းနှီးခဲ့ ဘူးတယ်။ မိမိက ခေါက်ဆွဲ စားတယ်ဆိုတာ တကယ့်ခေါက်ဆွဲ ပြောတာမှတ်လို့ “ဘောလုံးသမားတွေ ခေါက်ဆွဲ စားတာဘာဖြစ်လို့ အပြစ်ပြောရတာလဲ” ဆိုတဲ့ အကြောင်း မေးကြည့်တော့ သူကရယ်ပါတယ်။
ခေါက်ဆွဲ စားတယ်ဆိုတာ အပြင်က စားစရာ ခေါက်ဆွဲ စားတာကို ပြောတာမဟုတ်ဘူး။ သရေဖြစ် ရင်တောင် အောက်ကြေး သမားဘက်က အနိုင်ရသွားနိုင်တဲ့ ပွဲမျိုးမှာ အောက်ကြေး ကစားသမား တွေဆီက ငွေကိုယူထားတဲ့ အထက်ကြေး ဘောလုံးအသင်းက ရှေ့တန်း ကစားသမားတွေ တစ်ဖက်အသင်းရဲ့ ဂိုးရှေ့မှာ ကိုယ့်ဆီ ဘောလုံး ရလာပြီဆိုရင် ဂိုးရှူးခွင့် ရပေမယ့် မရှူးဘဲ တစ်ဖက် အသင်းက ဖျက်ထုတ်ဖို့ အချိန်ရအောင် လိမ်ခေါက်ပြီး အချိန်ဆွဲ၊ နောက်ပြန်ဆွဲ လုပ်နေတာကို ပြောတာ။ အမှန်ကတော့ ခေါက်ဆွဲ လုပ်နေတာပါ။ ဒါကိုအပြင်က စားစရာ ခေါက်ဆွဲနဲ့ တင်စားပြီး “ခေါက်ဆွဲ စားတယ်”လို့ ပြောကြတာတဲ့။
အဲဒီသဘောမျိုးနဲ့ ပြောရမယ်ဆိုရင် ရင်ထဲက ဘောလုံးပွဲမှာလည်း ရှေ့တန်းဖြစ်တဲ့ ပညာသိက္ခာပိုင်း ရောက်ပြီဆိုရင် ဗုဒ္ဓဘာသာဝင် တော်တော် များများဟာ ခေါက်ဆွဲ စားသူတွေ ဖြစ်နေကြလို့ အနိုင်ဂိုး မရှူး နိုင်ကြတာကို တွေ့နေရတယ်။
          ဗုဒ္ဓဘာသာတို့ အနေနဲ့ ဘယ်လိုကုသိုလ် ကောင်းမှုမျိုးပဲ လုပ်လုပ် “နိဗ္ဗာန ပစ္စယောဟောတု” လို့ ဆိုကြတာ ချည်းပါပဲ။ တကယ်တန်း အလှူကြီး အတန်းကြီး လုပ်ကြလို့ ရေစက်ချမယ့် အချိန်ရောက်ပြီ ဆိုရင်တော့ လယ်တီဆရာတော် ဘုရားကြီးက “ဥတ္တမပုရိသဒီပနီ” ကျမ်းမှာ ရေးပြသလိုပဲ “နိဗ္ဗာနပစ္စယော”က အသံသဲ့သဲ့ ကလေးနဲ့ ပါလေကာမတ္တပဲ ပါတော့တယ်။ “အကြင်မျှလောက် ကာလပတ်လုံး နိဗ္ဗာန်ချမ်းသာကို မရရှိသေး၊ ထိုမျှလောက်ကာလ ပတ်လုံး သံသရာ၌ ကျင်လည်ရသည် ရှိသော်”ကစပြီး ရေစက်ချဆရာ အာဝဇ္ဇန်း ကောင်းရင် ကောင်းသလောက် သံသရာကျင်လည်ရေး တရားတွေကို တောင်းနေ ကြတဲ့အတွက် နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်တွေ ကြောင်ခြစ်သလို ဖြစ်ကုန်ကြတယ်တဲ့။
“ကုသိုလ်ကြောင်ခြစ် ဖြစ်တယ်” ဆိုတာ သစ်သား သင်ပုန်းကြီး တွေနဲ့ စာရေးတဲ့ခေတ်က သုံးတဲ့ စကားပါ။ သစ်သားမှာ ထမင်းရည်နဲ့ မီးသွေး မှုန့်သုတ်လိမ်းပြီး ရေးထားတဲ့ စာကိုကြောင် ကုတ်ခြစ်ပစ်တဲ့ အခါ စာလုံးတွေ ဖတ်မရ တော့ဘဲ ဖြစ်ကုန်တာကို ပြောတာ။ ကုသိုလ် ကြောင်ခြစ်တွေ လုပ်နေတာဟာ သံသရာ ၀ဋ်ဒုက္ခမှ လွတ်ရာ နိဗ္ဗာန်အတွက် လုပ်တဲ့ ကုသိုလ်တွေကို သံသရာနယ်ထဲ ပြန်လည်အောင် ခေါက်ဆွဲ လုပ်ပစ်ကြတာပဲ မဟုတ်လား။ ဒါကြောင့် ရင်ထဲက ဘောလုံးပွဲ တွေမှာလည်း ရှေ့တန်း ပညာသိက္ခာပိုင်း ရောက်ပြီဆိုရင် ခေါက်ဆွဲ စားသူတွေများပြီး အနိုင်ဂိုး မရှူးကြတဲ့ အတွက် သံသရာက မတက်နိုင်ကြသူတွေ များနေကြတယ်လို့ ပြောတာပါ။
--------------------
လောကီသားတွေဟာ လောကထဲ နေကြသူတွေ ဖြစ်တဲ့အတွက် ရင်ထဲက ဘောလုံးပွဲတွေ ကလည်း နိဗ္ဗာန်ဖလားကို တိုက်ရိုက် ရည်မှန်းတဲ့ ဓမ္မဘောလုံး ပွဲတွေချည်း ကစား နေကြရတာ မဟုတ်ပါဘူး။ ကိုယ်ကျင် လည်ရာ လောက အတွက် ကစားကြရတဲ့ လောက ဘောလုံးပွဲ တွေလည်း အများကြီး ကစား နေကြရတာပါ။ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစတဲ့ ဘောလုံးပွဲတွေပေါ့။
ပညာရေးမှာ ပညာကို အလေးမထားဘဲ အပျော်အပါးတွေ ကာလ ပေါ်ဆေးဝါးတွေ အသုံး ပြုနေကြတဲ့ သူတွေ။ စီပွားရေး လုပ်ရင်းက အပျော်အပါးတို့၊ လောင်းကစားတို့၊ အကြံအဖန် အကပ် အရပ်တွေနဲ့ ဖြတ်လမ်း နည်းစီးပွား ရှာချင်ကြသူတွေ စသည်ပေါ့။ ဒီလိုလူတွေလည်း ခေါက်ဆွဲ စားနေကြသူ တွေပါပဲ။
ဒီနေ့ ပရဟိတ လူငယ်မောင်မယ်တို့ အနေနဲ့ မိမိတို့ ပတ်ဝန်းကျင်မှာ အခုလို ပရဟိတ လုပ်ငန်းတွေကို လုပ်ဆောင် နေကြတာဟာ ကိုယ့်ရင်ထဲမှာ လူမှုရေး ဘောလုံးပွဲကြီး ဆင်နွှဲနေကြတာပါပဲ။ တချို့ဆိုရင် နိုင်ငံရေး အသင်းအဖွဲ့ တွေထဲမှာ ပါဝင်ပြီး နိုင်ငံရေး ဘောပွဲ ဆင်နွှဲနေကြသူတွေ လည်းရှိနေကြမှာပါ။
ဒီနေ့ ဂျာနယ်တွေ သတင်းစာတွေကို ဖတ်ကြည့်တဲ့အခါ နိုင်ငံရေး ဘောလုံးပွဲ ဆင်နွှဲ နေကြသူအချို့ ဆိုရင် စပြီး ကြွေးကြော် တုန်းကတော့ အပျံစား ဒီမိုကရေစီ နိုင်ငံကြီး ဖြစ်အောင် ချီတက်မယ့် အကောင်းစား အစိုးရ ဖြစ်စေဖို့ဆိုတဲ့ အသံတွေ မြည်ဟိန်း နေလို့ လက်ခုပ် လက်ဝါးတွေ အားရပါးရ တီးပြီး အားပေးမယ်မှ မကြံရသေးဘူး လိမ်ကွေ့ ခေါက်ဆွဲ လုပ်နေကြတဲ့ အကြောင်းတွေက နေ့စဉ်သတင်း တွေထဲမှာ အများဆုံး ပါနေကြတာ လူငယ် မောင်မယ်တွေလည်း တွေ့မိကြမှာပါ။
အရှိန်အဟုန်နဲ့ ချီတက်ပြီး ဒီမိုကရေစီ ဖလားကြီးနဲ့ အောင်ပွဲ ခံကြမယ်လို့ ကြွေးကြော်သံ ဟိန်းခဲ့ပြီးမှ ခေါက်ဆွဲ စားသူတွေ များနေရင်တော့ ကိုယ့်အသင်း ကောင်တာ ပေါက်ပြီး တစ်ဖက်အသင်း အချောင် ဂိုးနဲ့ အနိုင်ရသွားရင် ဘာဖြစ်သွားမယ် ဆိုတာ သိတယ်မို့လား။ ရှုံးထွက်ပွဲတို့ရဲ့ ထုံးစံအတိုင်း ရှုံးပြီးရင် ထွက်ရမှာပဲ။ သုဂတိဘုံက ထွက်ရရင် ဘယ်ရောက် သွားမယ်ဆိုတာ အားလုံးသိကြမှာပါ။
အခု တရားပွဲကြီး ကျင်းပတဲ့ လူငယ်မောင်မယ်တွေ အားလုံးဟာ ကိုယ့်လုပ်ငန်းနဲ့ ကိုယ့်ပန်းတိုင်ကို သဘောပေါက်ပြီး မျက်ခြည် မပြတ်ကြစေဖို့ အထူးသတိ ထားကြရပါလိမ့်မယ်။ “ပရဟိတ အလုပ်”ဆိုတာ အများအကျိုးကို ဆောင်ရွက် နေကြတာပါ။ ဘာရည်မှန်းချက်နဲ့ လည်းဆိုတာ အထူး ပြောဖို့ မလိုပါဘူး “အများ ချမ်းသာဖို့”ပါပဲ။
ဒီလုပ်ငန်းမှာ ပါဝင်ကြတဲ့ လူငယ် မောင်မယ်တွေအနေနဲ့ ကိုယ့်ရည်မှန်း ချက်နဲ့ မျက်ခြည်ပြတ်ပြီး ကိုယ်ကျိုး ဖက်လာကြမယ်၊ အနည်းဆုံး ကိုယ့်အတွက် ဂုဏ်သတင်း ကျော်စော ခြင်းတွေကို တောင့်တလာ ကြမယ်။ နေရာရလိုမှု၊ အာဏာပြလိုမှု၊ ဗိုလ်ကျ လိုမှုတွေ ဖက်လာကြမယ် ဆိုရင် သိတယ်မို့လား “အောင်ပွဲ သွားတွေ” ဖြစ်ရမည့်အစား “ခေါက်ဆွဲ စားသူတွေ” ဖြစ်သွားကြမှာပဲ။
ဒီလို ဖြစ်သွားပြီ ဆိုရင်တော့ အချင်းချင်း ညီညွတ်မှုတွေ ပျက်ပြားပြီး ကောင်တာ ပေါက်သွားမှာ သေချာတယ်။ ကောင်တာပေါက်သွားရင် တစ်ဖက်အသင်းက အချောင်ဂိုးနဲ့ အနိုင် ရသွားမှာလည်း မိုးလက်ညှိုးထိုး မလွဲပဲ။ ကိုယ့်ရင်ထဲက ဘောလုံးပွဲဆိုတာ ခဏခဏလည်း ပြောခဲ့ပါပြီ။ ရှုံးရင်ထွက်၊ နိုင်ရင်တက်ရမှာလေ။ နိုင်တက် မဖြစ်ရင်တော့ ရှုံးထွက်က သေချာနေတာပဲ။
သုဂတိ လူ့ဘုံက ထွက်ရပြီဆိုရင် ဘယ်ရောက် သွားမလဲဆိုတာ ကတော့ မေးနေစရာ မလိုပါဘူး။ ငယ်ငယ်တုန်းက နားထောင်ဖူးတဲ့ ထွေးညို ပြဇာတ်ထဲက လိုပဲ “ကိုကြီးသာဒင် မြေကြီးခံ နေလို့နော်၊ မြေကြီးသာ မခံရင် အ၀ီစိ ရောက်သွားမယ်” ဆိုတာ မျိုးပါပဲ။ ဒါကြောင့် မောင်တို့ မယ်တို့ အလေးအနက် မှတ်ထားကြပါ။ ခေါက်ဆွဲ စားသူတွေ ဖြစ်နေရင်တော့ ချောက်ထဲ သွားသူတွေ ဖြစ်မှာလည်း မလွဲပါဘူး။
မောင်တို့ မယ်တို့ အားလုံး “ခေါက်ဆွဲစားပြီး ချောက်ထဲသွားသူ” မဖြစ်ကြဘဲ ရည်မှန်းချက် ပန်းတိုင်ကို မျက်ချည်မပြတ် ဆင်နွှဲနေကြတဲ့ “အောင်ပွဲ သွားသူတွေ” ဖြစ်ကြပါစေလို့ တိုက်တွန်း ဆုတောင်းလိုက်ပါတယ်။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
(၆-၅-၂၀၁၄)   

Wednesday, June 25, 2014

သာသနာပြုသည်ဆိုရာဝယ်

copy from Dhamma Garden Centre
မန္တလေးမြို့၊ ပရိယတ္တိသာသနာ့တက္ကသိုလ်နေတုန်းက
အမေရိကမှာ သီတင်းသုံးနေတဲ့ ဆရာတော် ဦးဥာဏ၀ရ အလည်ပြနကြွလာတယ်။
ရောက်တုန်းရောက်ခိုက် သြ၀ါဒချီးမြှင့်တယ်။
သြ၀ါဒထဲမှာ
"သာသနာပြုပုဂ္ဂိုလ်ဟာ ၀ိဇ္ဇာနဲ့သာမက စရဏနဲ့ပါ ပြည့်စုံဖို့လိုအပ်ကြောင်း"
ထည့်သွင်းပြောကြားသွားတယ်။
သာသနာပြုရဟန်းတော်အနေနဲ့
တက္ကသိုလ်စာသင်ခန်းတွေထဲမှာ သင်ရတဲ့
အတတ်ပညာပြည့်စုံရုံနဲ့တင် မလုံလောက်ဘူး။
အကျင့်စရဏနဲ့လည်း ပြည့်စုံဖို့လိုအပ်ကြောင်း
ဆရာတော်ရဲ့သြ၀ါဒကို အဲဒီအချိန်အခါ တုန်းက နားလည်ခဲ့တယ်။
ဒါပေမဲ့ ပေါ့ပေါ့တန်တန်ပဲ သဘောထားခဲတယ်။
ဆရာတွေ သင်ကြားပေးတဲ့စာတွေကို ကောင်းကောင်းနှလုံးမသွင်းဖြစ်ခဲ့ဘူး။
ဆရာတွေ ညွှန်ကြားတဲ့ စာအုပ်တွေကို စိတ်ပါလက်ပါ မဖတ်ဖြစ်ခဲ့ဘူး။
စာမေးပွဲ အောင်ရုံပဲ လုပ်ဖြစ်ခဲ့တယ်။
အပေါင်းအသင်းတွေနဲ့ စကားပြော၊ ဝေဘန်၊
အကြောင်းမရှိ အကြောင်းရှာ မြို့ထဲလျှောက်သွား၊
ဒီလိုနဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ကုန်လွန်စေခဲ့တယ်။
အကျိုးဆက်ကတော့
ဆရာတော် ဦးဥာဏ၀ရပြောခဲ့တဲ့ ၀ိဇ္ဇာ (အတတ်ပညာ) မပြည့်စုံခဲ့တာဘဲ။
အခုအချိန်ကျမှ ရှိသမျှစာ ကုန်းရုန်းဖတ်နေရတော့
သာသနာပြုတဲ့နေရာမှာ ထင်သလောက် ခရီးမရောက်ဘူး။
ခေတ်စာရော ပိဋကတ်စာပေတွေကိုပါ နှံ့စပ်နိုင်သမျှ နှံ့စပ်အောင် ဖတ်မှတ်ရပါတယ်။
ဒါမှသာ တရားပွဲတွေမှာ မေးသမျှမေးခွန်းတွေကို ကောင်းကောင်းမွန်မွန် ဖြေဆိုနိုင်တာ။

(မှတ်ချက်။ နိုင်ငံခြားတရားပွဲများတွင် မြန်မာပြည်ဓမ္မကထိကဆရာတော်များကဲ့သို့
မျက်စိနှစ်လုံး စုံမှိတ်ကာ "သတည်း" ချရုံမျှဖြင့် မပြီးပါ။
တရားပွဲပြီးဆုံးသောအခါ အမေးအဖြေကဏ္ဍရှိပါသည်။
တရားဟောစဉ် တရားထဲတွင်ပါသော မရှင်းလင်းသော အချက်အလက်များကို
စာရွက်ဖြင့် တရားနာပရိသတ်တို့က ရေးမှတ်ထား၍ တရားပွဲပြီးချိန်တွင် မေးလေ့ရှိရာ
မေးသူတို့ ကျေနပ်သည်အထိ တရားဟောသူက ဖြေကြားပေးရပါသည်။)

ပရိယတ္တိသာသနာ့တက္ကသိုလ်ပညာရေးမှာ
ပဋိပတ်မကင်းသော ပရိယတ်သမားဖြစ်ဖို့အတွက်
နောက်ဆုံးနှစ် စာသင်သားရဟန်းတော်များ
သတိပဌာန်တရားအားထုတ်ရပါတယ်။
ဆရာတော်ဦးဥာဏ၀ရ ပြောခဲတဲ့ စရဏ (အကျင့်တရား)နဲ့ ပြည့်စုံဖို့ပင်။
ဒီလို တရားအားထုတ်စဉ်အချိန်တုန်းကလည်း
ငယ်ရွယ်သူဖြစ်သည့်အလျှောက် (ထိုစဉ်က ရဟန်းသုံးဝါသာရှိသေး)
စိတ်ပါလက်ပါ အားမထုတ်ဖြစ်ခဲ့ဘူး။
ဝတ်ကျေတမ်းကျေပင်။

အကျိုးဆက်ကတော့ သတိပဌာန်တရားအားထုတ်တဲ့သူတွေက
ပြဿနာတစုံတရာ မေးလာတဲ့အခါ
(ကိုယ်က သေသေချာချာ ဂဃနဏ အားမထုတ်ဘူးတဲ့အတွက်)
အခက်အခဲများစွာ တွေ့ရခြင်းပင်။
ဒါ့ကြောင့် သာသနာပြုမယ်ဆိုရင်
(အထူးသဖြင့်) နိုင်ငံခြားမှာ သာသနာပြုမယ်ဆိုရင်
ဝိဇ္ဇာ (အတတ်ပညာ) ရော စရဏ (အကျင့်တရား) ပါ ပြည့်စုံဖို့ အရေးကြီးပါတယ်။

ဝိဇ္ဇာ (အတတ်ပညာ)နဲ့ ဆက်စပ်ပြီး
မြန်မာစာပေ ပိဋကတ်စာပေတတ်ကျွမ်းထားရမည့်အပြင်
နိုင်ငံခြားသာသနာပြုရဟန်းဖြစ်ဖို့ အင်္ဂလိပ်စာ အင်္ဂလိပ်စကားလည်း တတ်ထားရပါမယ်။
ပိဋကတ်စာပေ ဘယ်လောက်ကျွမ်းကျင် ကျွမ်းကျင်
အင်္ဂလိပ်စကားမတတ်ရင် သာသနာပြုတဲ့နေရာမှာ ခရီးရောက်မှာ မဟုတ်ဘူး။

မန်း၊ သာသနာ့တက္ကသိုလ်တက်တုန်းက အင်္ဂလိပ်စကားပြောတတ်ချင်လွန်းလို့
ညနေဆိုရင် မန္တလေးတောင်ပေါ်တက်ပြီး နိုင်ငံခြားသားတွေနဲ့
အင်္ဂလိပ်စကားလိုက်ပြောရတာလည်းအမောပါပဲ။

ထိုစဉ်အခါတုန်းက မင်းကွန်းဘက်ကပြန်လာတဲ့ နိုင်ငံခြားသားတစ်ယောက်နဲ့
မန္တလေးတောင်ပေါ်မှာတွေ့တယ်။
အင်္ဂလိပ်စကားထိုက်သင့်သလောက်ပြောတတ်နေတဲ့ စာရေးသူ့ကို
"ဘွဲ့ဘယ်နှစ်ခုရပြီလဲ" လို့ မေးတယ်။
အဲတုန်းက သာသနတက္ကသီလဓမ္မာစရိယဘွဲ့ရပြီးခါစဆိုတော့
"တစ်ဘွဲ့ရပြီးပြီ" လို့ ပြောရတာပေါ့။
ဒီတော့ "ခင်ဗျားက တစ်ဘွဲ့ပဲ ရသေးတာ၊ အင်္ဂလိပ်စကား အတော်ပြောနိုင်သားပဲ၊
ဟိုဘက်ကမ်းက ဘုန်းကြီးတွေက ပြောတယ်၊ သူတို့ ကိုးဘွဲ့ရပြီးပြီတဲ့၊
ဒါပေမဲ့ ခင်ဗျားလို အင်္ဂလိပ်စကား မပြောတတ်ဘူး" လို့
နိုင်ငံခြားသားက အံ့သြတကြီး ပြောတယ်။
နိုင်ငံခြားမှာတော့ မြန်မာပြည်မှာလို ဘွဲ့ကြီးတွေကို
နံရံတွေမှာချိတ်ပြီး လာသမျှ ဒကာ ဒကာမတွေကို
ဘုန်းဘုန်းက ၉ ဘွဲ့ရပါ၊ ဘုန်းဘုန်းက ၁၂ ဘွဲ့ရထားတာပါလို့ပြောပြီး
သာသနာပြုလို့ မရပါဘူး။
လုပ်ရည်ကိုင်ရည်က အရေးကြီးပါတယ်။

အသက်ကြီးတိုင်းလည်း နိုင်ငံခြားမှာ နေရာမရပါဘူး။
သာသနာပြုတဲ့စွမ်းရည်ဟာ အသက်ကြီးတာ (၀ါကြီးတာ)နဲ့ မဆိုင်ပါဘူး။
အရည်အချင်းရှိတဲ့သူက ပလ္လင်ပေါ်တက်ရတာပါ။
အသက်ထက် (၀ါထက်) အရည်အချင်းက ပိုအရေးကြီးပါတယ်။
ဒါဟာ သဘာဝကျပြီး "မြတ်စွာဘုရားရဲ့မူ" လို့ပြောမယ်ဆို ပြောလို့ရပါတယ်။
မြတ်စွာဘုရားက အသက်ကြီးတဲ့ ၀ါကြီးတဲ့ အရှင်ကောဏ္ဍညတို့အဖွဲ့ကို
ရာထူးကြီးကြီးမပေးဘဲ အသက်ငယ်တဲ့ ၀ါငယ်တဲ့
(နောက်မှ သာသနာ့ဘောင်ကို ရောက်လာတဲ့)
အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့ကိုသာ ရာထူးကြီးကြီးပေးထားလို့ပါဘဲ။
ဒါကိုထောက်ရှုပြီး ကမ္ဘာ့စံချိန်နဲ့သာမက မြတ်စွာဘုရားရဲ့မူဝါဒနဲ့ပါကိုက်ညီအောင်
မြန်မာပြည်ရှိ စာသင်တိုက်များ၊ သာသနာ့တက္ကသိုလ်များမှာ
ဝါကြီးတာထက် အရည်အချင်းရှိတဲ့သူများကို ပို၍ ဦးစားပေး စဉ်းစားသင့်ပါတယ်။

ဘာသာစကားနဲ့စပ်လို့ အတွေ့အကြုံလေး ပြောပြအုံးမယ်။
အင်္ဂလိပ်စာမတတ်တဲ့ ဆရာတော်တစ်ပါးနဲ့ အင်္ဂလန်ကို ခရီးအတူထွက်ဖူးတယ်။
အင်္ဂလိပ်စာမတတ်တဲ့အတွက် အသေးအဖွဲလေးတွေမှာ
အကြီးအကျယ် ပြဿနာဖြစ်ခဲ့ရတယ်။
လေဆိပ်ဝင်တာနဲ့ ကျန်းမာရေးအတွက် ဆေးစစ်ရတယ်။
သူများတွေ ငါးမိနစ်နဲ့ပြီးရမဲ့ဟာ သူ့မှာ နာရီဝက်နဲ့ မပြီးနိုင်ဘူး။
ဆေးစစ်တဲ့အခန်းထဲ တစ်ယောက်စီဝင်ရတာဆိုတော့ စာရေးသူလည်း
ဝင်ပြီး ကူညီခွင့်မရပါဘူး။
နောက်မှ သိရတာက ဟိုကပြောတဲ့စကားကို နားမလည်တဲ့အတွက်
ဓာတ်မှန်ရိုက်တဲ့အခါ အနေအထား တလွဲစီ ဖြစ်ဖြစ် နေတာဆိုပဲ။

လေဆိပ်ကနေ ကျောင်းရောက်တော့
ဒကာမကြီးတစ်ယောက်က လှူဖွယ်လေးတွေကို ကိုင်ပြီး လာလှူတယ်။
စာရေးသူလည်း ရေမိုးချိုး အနားယူတယ်။
ခဏနေတော့ ဆရာတော်က စာရေးသူအခန်းထဲဝင်လာပြီး
"မောင်ဣန္ဒက၊ အခုနက ဒကာမကြီးက အလိုက်သိတယ်နော်၊
လန်ဒန်မှာ ရာသီဥတုက အေးတော့ အသားပတ်မှာစိုးလို့ထင်တယ်၊
ဒို့ကို လိမ်းစရာတွေ (Skin Lotion) လာလှူသွားတယ်၊
ကိုယ်တော့ လိမ်းလာခဲ့ပီ" လို့ပြောတယ်။
စာရေးသူလည်း မျက်လုံးပြူးသွားတယ်။
"နေစမ်းပါဦး ဆရာတော်၊ ဆရာတော့် ဗူးကြည့်ပါရစေဦး" လို့ပြောပြီး
သူ့အခန်းထဲ လိုက်ကြည့်တော့ "ဘယ်ကလာ လိမ်းစရာ (Skin Lotion) ဗူး ဟုတ်ရမှာလဲ၊
အဲဒါ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးရိတ်တဲ့အခါ သုံးရမဲ့ဟာ" လို့ ဆရာတော့်ကို ပြောပြရတယ်။

အင်္ဂလိပ်စာ အင်္ဂလိပ်စကား မတတ်လို့ကတော့
သာသနာပြုဘို့ နေနေသာသာ ဒီလိုအသေးအဖွဲလေးတွေမှာကိုပဲ
အမှားမှားအယွင်းယွင်းဖြစ်နေလို့ ဖြေရှင်းလို့ကို မပြီးနိုင်ဘူး။
ဒါက ၀ိဇ္ဇာ (အတတ်ပညာ) နဲ့ပတ်သက်လို့
တတ်သင့်တာတွေ တတ်ထားဖို့ သတိရတုန်း အကြံပေးဖြစ်တာပါ။

စရဏ (အကျင့်)နဲ့ပတ်သက်လို့လည်း ပြောစရာတွေ တပုံတပင်ကြီး။
နိုင်ငံခြားမှာ သာသနာပြုမယ်ဆိုရင် ရိပ်သာတစ်ခုခုမှာ
ဆရာနည်းကျကျ သတိပဌာန်တရားကို အားထုတ်ထားသင့်တယ်။
သောတာပန်စသည်မဖြစ်တောင် နည်းမှန် လမ်းမှန်နဲ့
တစုံတခုသောအတိုင်းအတာအထိ အားထုတ်ထားသင့်တယ်။
ဓမ္မကထိကလေသံတွေကို နားထောင်တဲ့အခါမှာ (၀ါ) တရားနာတဲ့အခါမှာ
တရားအားထုတ်ဖူးတဲ့ ဓမ္မကထိကလေသံက တရားနာသူ့အပေါ်မှာ ခွန်အားပိုရှိပါတယ်။
ဒါ့ကြောင့် တရားအားထုတ်ပြီးမှ တရားဟောသာသနာပြုမယ်ဆိုရင်
ပိုအောင်မြင်မယ်လို့ စာရေးသူတော့ ယုံကြည်တယ်။

အဲ၊ အကျင့် (စရဏ) ဆိုလို့ တရားထိုင်တဲ့အကျင့်သာ မရှိချင်နေမယ်။
ကွမ်းစားတဲ့အကျင့်တော့ ရဟန်းတော်တော်များများရှိကြတယ်။
မြန်မာပြည် လူတော်တော်များမျာွးကလည်း ကွမ်းစားကြတော့
ရဟန်းတော်တွေထံပါ ကွမ်းစားတဲ့အကျင့် ကူးစက်ကုန်ပုံပေါ်တယ်။
အခုနောက်ပိုင်း ရဟန်းတော်တော်များများ (ကိုရင်များပါ)
ကွမ်းစားတဲ့အကျင့်ရှိလာတာကို တွေ့ရတယ်။
ဆွမ်းစားကွမ်းစားဆိုတဲ့ စကားတွဲလုံးတွေကလည်း
ရဟန်းတော်များ ဆွမ်းစားပြီးရင် ကွမ်းစားရမဲ့အလေ့အကျင့်ကို တွန်းအားပေးနေသလိုပဲ။
ဘယ်လိုပဲဖြစ်ဖြစ်၊ ကွမ်းစားတာဟာ မကောင်းပါဘူး။

စာရေးသူ မလေးရှားနိုင်ငံရောက်တာ တစ်နှစ်ကျော် နှစ်နှစ်နီ်းပါးရှိပြီ။
မလေးရှားရောက် ရွှေမြန်မာတွေနဲ့ တရုတ်တွေကို အများဆုံးဆက်ဆံရတယ်။
ရံဖန်ရံခါ သူတို့ရဲ့အိမ်တွေကို သာရေးနာရေးကိစ္စတွေနဲ့ ဆွမ်းစားကြွရတယ်။
အိမ်တစ်အိမ်၊ တိုက်ခန်းတစ်ခန်းမှာ ဗမာရှိ မရှိ လှေကားအတက် ဒေါင့်ကို ကြည်တာနဲ့ သိရတယ်။
ဗမာအများစုဟာ ကွမ်းဝါးလေ့ရှိပြီး ကွမ်းတံတွေးကို
လှေကားအတက်ဒေါင့်တွေမှာ ထွေးလေ့ရှိတာကိုး။

စာရေးသူတော့ ဟိုနိုင်ငံ ဒီနိုင်ငံ အသွားအလာများလာပြီး
နိုင်ငံခြားမှာ အနေများလာလို့လားတော့ မသိဘူး။
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ချစ်တဲ့စိတ် (မျိုးချစ်စိတ်) ပိုကြီးထွားလာတယ်။
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး အနှိမ်ခံရမှာ အရမ်းကြောက်တာပဲ။
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို အထင်သေးစကားပြောလာရင် မခံနိုင်လွန်းလို့
ဖြေရှင်းရတာလဲ အမောပဲ။
ကိုယ့်လူမျိုးကိုလည်း ကြုံတဲ့အခါတိုင်း အသိတရားမြင့်မြင့်နဲ့
အဆင့်အတန်းရှိရှိ နေတတ်အောင် နေနိုင်အောင် ကြိုးစားဖို့ ပြောပြဖြစ်ပါတယ်။

ဆွမ်းစားပင့်လို့ အိမ်တွေ ကြွရတဲ့အခါ
အိမ်ပေါ်တက်လိုက်လို့ လှေကားဒေါင့်တွေမှာများ ကွမ်းတံတွေးတွေတွေ့လိုက်ရရင်
သူတို့အစား ကိုယ်ရှက်မိတယ်။
ဒီလိုတွေ့ကရာနေရာတွေမှာ ကွမ်းတံတွေးတွေ ထွေးတဲ့အတွက်ကြောင့်
ဒို့လူမျိုးတွေကိုတော့ အထင်သေးတော့မှာပဲလို့တွေးပြီး စိတ်မကောင်းဖြစ်မိတယ်။
ကွမ်းတံတွေးကို စည်းမဲ့ကမ်းမဲ့ထွေးတာဟာ
ကိုယ့်မှာ အသိတရားဘယ်လောက်ရှိတယ်ဆိုတာ ဖေါ်ပြနေတာပဲ မဟုတ်လား။
တနည်းပြောရရင် ကိုယ့်အဆင့်အတန်းကို ပြောပြနေတာပဲမဟုတ်လား။

နိုင်ငံခြားမှာ သာသနာပြုမဲ့ရဟန်းတော်ဟာ
ကွမ်းဝါးခြင်းစတဲ့ ဒီလိုအသေးအဖွဲလေးတွေကို ရှောင်ကြဉ်ထားသင့်တယ်။
သာသနာပြုမဲ့မြန်မာရဟန်းတော်ရဲ့သွားတော်က
မီးသွေးထက်မဲနေမယ်ဆိုရင်
သာသနာပြုမဲ့မြန်မာရဟန်းတော်က
Vampire လို့ခေါ်တဲ့ သွေးစုတ်ဖုတ်ကောင်နဲ့တူနေမယ်ဆိုရင်
အသန့်အပြန့်ကြိုက်တတ်တဲ့ တရုတ် အင်္ဂလိပ်စတဲ့လူမျိုးတွေကို
ဘယ်လိုမှ သာသနာပြုလို့ရမယ်မထင်ဘူး။

ဒါနဲ့စပ်လို့ ငယ်ဆရာတစ်ပါးပြောတာကို အမှတ်ရမိတယ်။
"ငါ့ကို ဒကာမကြီးတစ်ယောက်က လျှောက်တယ်ကွာ၊
အရှင်ဘုရား၊ တပည့်တော်ရဲ့သားသမီးတွေကို
ကွမ်းမစားရ၊ ဆေးလိပ်မသောက်ရလို့ စည်းကမ်းထုတ်ထားတာ၊
အခု သူတို့တွေ အသက် ၃၀ ကျော်ကုန်ပြီ။
တစ်ယောက်မှ ဆေးမသောက် ကွမ်းမစားကြဘူးဘုရား၊
အရှင်ဘုရားကော၊ အရှင်ဘုရားတပည့်တွေကို
ဒီလိုစည်းကမ်း မထုတ်နိုင်ဘူးလားဘုရား၊
သူတို့ပါးစပ်တွေ သွားတွေ အကုန်လုံး နီရဲနေတာပဲ”တဲ့၊
“ငါ့တပည့်တွေကွမ်းစားတာကို ကြည့်ပြီး ငါ့ကို ဒီလိုလျှောက်တော့
ငါဖြင့် ရှက်လိုက်တာကွာ" တဲ့။

(လွန်ခဲ့တဲ့ ၇ နှစ်ခန့်က နပသ စာစောင်အတွက် ရေးခဲ့တာ)

Monday, June 23, 2014

မဟာသန္တိသုခအရေး (သို့မဟုတ်) ဂုဏ်သိက္ခာ မာန်မာနတွေ အားပြိုင်တဲ့ ပွဲတစ်ခုလား


တောင်ကြီးတိုင်းမ်မှကူးယူပါသည်

ခုတလော အွန်လိုင်းမှာ ပေါ်ပြူလာအဖြစ်ဆုံး လူအများ စိတ်အ၀င်စားဆုံးနဲ့ လူပြောအများဆုံးကတော့ မဟာသန္တိသုခ သတင်းပါပဲ။ အဲဒီဖြစ်ရပ်ကြောင့် သံဃာအချင်းချင်း စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာနိုင်တယ်လို့ ပြောကြသလို သံဃာနဲ့ပြည်သူလဲ စိတ်ဝမ်းတွေကွဲလာနိုင်တယ်လို့ တော်တော်များများ ရေးသားကြတာကိုလဲ တွေ့ရပါတယ်။ အဲဒီရေးသားချက်တွေကို မမှန်ဘူးလို့တော့ ငြင်းချက်မထုတ်လိုပါဘူး။ ဒါပေမယ့် စိတ်ထဲမှာ သတိပြုမိတာက အဲဒီဖြစ်ရပ်ကြောင့် ပဋိပက္ခဖြစ်ပွားလာမှာထက် အဲဒီဖြစ်ရပ်ကို ရေးပြထားတဲ့ သတင်းအရေးအသားတွေကြောင့် ပဋိပက္ခကို ပိုပြီးတွန်းအားပေးနေတယ်လို့ ထင်မြင်မိတယ်။ မီးထက် လောင်စာက ပိုကြောက်စရာ ကောင်းတတ်လို့ပါ။ ဒီလိုပြောလိုက်တော့ တစ်ချို့က ပြောကြလိမ့်မယ်။ မဟန ဘက် ပါတယ်။ အစိုးရလက်ကိုင်တုတ် အစရှိသဖြင့်ပေါ့။

အမှန်အတိုင်းပြောရရင် မဟန ဆိုတာကိုလဲ ရာနှုန်းပြည့် မယုံသလို အစိုးရကိုလဲ သန့်ရှင်းတဲ့ အစိုးရလို့ မိမိကိုယ်တိုင်လဲ မယူဆထားတာ အမှန်ပါပဲ။ ဒါပေမယ့် အဲဒီလို မကြည်ညိုတိုင်း မယုံကြည်တိုင်း သူများတွေ ပြောနေကြဆိုနေကြသလို ပြောချင်တဲ့စိတ်တော့ မရှိပါဘူး။ ကိုယ်မြင်ရင် မြင်တဲ့အတိုင်းပဲ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဟနဆိုတာ မြန်မာနိုင်ငံမှာ သံဃာ့ထိပ်ခေါင် အဖွဲ့အစည်းတစ်ခု ဖြစ်နေတာကြောင့် လူကြီးကလေးသူငယ်က အစ မကောင်းချည်းပဲ မြင်သွားရင် နိုင်ငံအတွက် မကောင်းသလို သံဃာ့အဖွဲ့အစည်းအတွက်လဲ ကောင်းစရာ မရှိဘူးလို့ မြင်လို့ပါပဲ။ (တိတိကျကျ ခိုင်ခိုင်လုံလုံ အခြေမြစ်မြစ် သိလာမှပဲ ပြောချင်ပါတယ်။) ဒါကြောင့် အများစု မတွေးမိ မရေးမိတဲ့ ရှုထောင့်ကနေပဲ ပြောချင်ပါတယ်။ မိမိဘာသာ မြင်မိထင်မိတဲ့ အယူအဆဆိုလဲ မမှားပါဘူးလို့ ရှေးဦးစွာ အသိပေးပါရစေ။

(၁) မဟန ဆိုတာ အများတွေ ပြောနေသလို ဟိုကျောင်းလိုက်သိမ်း ဒီကျောင်းလိုက်သိမ်းနဲ့ ကျောင်းသိမ်းတဲ့ ရာဇ၀င်တွေ များပြားနေတဲ့ အဖွဲ့အစည်း တစ်ခုလား။

ဒီအချက်ကိုတော့ ယေဘုယျအားဖြင့် မဟုတ်ဘူးလို့ပဲ ပြောရမှာပါ။ စစ်အစိုးရ လက်ထက်တုန်းက သံဃာ့ကိစ္စ တော်တော်များများမှာ အမုန်းခံ ၀င်မပြောဘဲ နှုတ်ဆိတ်နေခဲ့တာကို တစ်ချို့က အားမလိုအားမရစိတ်နဲ့ မဟန ဆိုရင် အလိုလိုနေရင်း အကောင်းမမြင်တတ်ကြပါဘူး။ မိမိကိုယ်တိုင်လဲ ဒီလိုပဲ ဖြစ်ခဲ့ပါတယ်လို့ ရိုးသားစွာ ၀န်ခံပါတယ်။ နောက်တစ်ချက်က စစ်အစိုးရလက်ထက်မှာ အစိုးရရဲ့ သဘောထားအရ မဟန အမည်သုံးပြီး ကျောင်းတွေကို ချိတ်ပိတ်ခဲ့တာတွေလဲ ခပ်များများ ရှိခဲ့ပါတယ်။ (အာဏာရှင်ကို ဖီဆန်ရဲဖို့ဆိုတာ လူတိုင်း မတတ်နိုင်ပါဘူး၊ မရဲဝံ့ပါဘူး။) အဲဒီလို အာဏာရှိသူတွေ အလိုကျ အသုံးချခံနေခဲ့ရတာကို အကြောင်းပြုပြီးတော့လဲ မဟနကို အဆိုးပဲ မြင်ခဲ့ကျပါတယ်။ မြင်သူတွေအတွက်လဲ သဘာဝကျပါတယ်။ ဒါပေမယ့် သတိပြုမိသလောက်တော့ လတ်တလော ဖြစ်ပွားခဲ့တဲ့ သန္တိသုခလို မဟနတွေ ကိုယ်တိုင် သံဃာတော်တွေကိုယ်တိုင် အင်အားသုံးပြီး ကာယကံမြောက် ၀င်ရောက်ချိတ်ပိတ်တာမျိုး သိမ်းဆည်းတာမျိုးတော့ မကြားရဖူးသလောက်ပါပဲ။ (ဟုတ် မဟုတ် စဉ်းစားကြည့်ကြဖို့ပါ)။ အစိုးရက သိမ်းတယ်။ မဟနက ငြိမ်နေတယ်။ အမည်အသုံးခံတယ်။ အဲဒီလိုပဲ တွေ့မိပါတယ်။ ကိုယ်တိုင်ကိုယ်ကျ ၀င်ရောက်သိမ်းဆည်းတာ စာရေးသူအနေနဲ့ကတော့ ဒီတစ်ကြိမ်ပဲ ကြားဖူးသေးတယ်လို့ပဲ ပြောပါရစေ။ လက်လှမ်းမမီတာ ဆိုရင်တော့ မိမိရဲ့ ညံ့ဖျင်းမှုကို ခွင့်လွတ်ပါ။

(၂) ဒီကျောင်းတော်ကြီးက အများပြောဆိုရေးသားနေကြသလို ပီနန်ဆရာတော်ပိုင် ဟုတ်မဟုတ်၊ တစ်နည်းပြောရရင် မဟနနဲ့ သက်ဆိုင်ခြင်း အစိုးရနဲ့ သက်ဆိုင်ခြင်း လုံးဝကင်းလွတ်မှု ရှိမရှိ။ ( မြေဂရန် ကိစ္စကို အဓိက မဆိုလိုပါ။)

ဒီအချက်အနေနဲ့ ကြည့်ပြန်တော့ ပီနန်ဘက်က အင်အားသာတယ်လို့ ပြောနိုင်ပေမယ့် မဟနနဲ့ အစိုးရအနေနဲ့ကလဲ ပြောစရာတွေ ရှိနေလိမ့်မယ်လို့ ယူဆတယ်။ ဆိုလိုတာက ဒီကျောင်းကို စတင်တည်ဆောက်ချိန် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်း အကူအညီ ပါမပါ၊ ပါရင်လဲ ရာခိုင်နှုန်း အတိုင်းအတာ ဘယ်လောက်ထိ ပါတယ်ဆိုတာ သိဖို့ လိုအပ်ပါတယ်။ မဟန အနေနဲ့ကတော့ ပါစရာ မရှိပါဘူး။ အစိုးရအဖွဲ့ အစည်းအနေနဲ့ ပါမပါ ဆိုတာပဲ အဓိက ပြောလိုရင်းပါ။ တကယ်လို့သာ ရာခိုင်နှုန်း ထက်ဝက်လောက် ပါဝင်နေမယ် ဆိုရင်တော့ မဟနနဲ့ (အစိုးရနဲ့) ပီနန်ဆရာတော်တို့ သူပိုင်ကိုယ်ပိုင် အငြင်းပွားကြတာ သဘာဝ ကျတယ်လို့ ယူဆမိပါတယ်။ နောက်ထပ်စဉ်းစားနိုင်တာက အဲဒီအချိန်တုန်းက အဲဒီကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်အောင် လုပ်ဆောင်တဲ့နေရာမှာ ပီနန်ဆရာတော် ဦးဆောင်တယ်ဆိုရင် ပီနန်ဆရာတော်က ဌာနဆိုင်ရာအကူအညီ မပါဘဲ လုပ်ဆောင်နိုင်ခြေ ရှိမရှိ၊ ဌာနဆိုင်ရာတို့ လုပ်ကိုင်ဆောင်ရွက်ပေးခဲ့ခြင်း ရှိမရှိ၊ ဌာနဆိုင်ရာက လုပ်ဆောင်ခဲ့တယ်ဆိုရင်လဲ ဌာနဆိုင်ရာအနေနဲ့ ပီနန်ဆရာတော်ရဲ့ အကူအညီ မပါဘဲ လုပ်ဆောင်နိုင်ခြေ ရှိမရှိ၊ ပီနန်ဆရာတော်ရဲ့ အရှိန်အ၀ါကို သုံးခဲ့ခြင်း ရှိမရှိလဲ ထဲ့သွင်းစဉ်းစားသင့်ပါတယ်။

နောက်တစ်ခု ထောက်ပြစရာ ရှိတာက ကြားရသလောက် (ဖတ်မိသလောက်ပေါ့) ဒီကျောင်းကို အပ်တာဟာ ဦးခင်ညွန့်လက်ထက်လို့လဲ ကြားတယ်။(ဦးခင်ညွန့်အပ်တယ်လို့လဲ ပြောကြတယ်)။ အဲဒီအချိန်က ဦးခင်ညွန့်ခေတ်လို့တောင် ပြောနိုင်တဲ့ကာလ။ ဒါပေမယ့် ဦးခင်ညွန့်ဆိုတာက တစ်နည်းအားဖြင့် အစိုးရရဲ့ ကိုယ်စားလှယ်၊ အဲဒါကြောင့် ခင်ညွန့်အပ်(လှူ)တယ်ဆိုရင် အစိုးရကလဲ အပ်(လှူ)တယ်လို့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ ဒီလိုဆို စဉ်းစားစရာ တစ်ခုရှိလာတာက နဂိုရ်ထဲက ကိုယ်ပိုင်ပစ္စည်းဆိုရင် သူတစ်ပါးက မိမိကို အပ်စရာ လိုသလား။ သူတစ်ပါး အပ်မှ ပိုင်တာ ဟုတ်ပါ့မလား။ (ခုဖြင့် ပီနန်ဆရာတော်ကို ဦးခင်ညွန့်အပ်တယ်ဆိုတော့ တစ်မျိုးဖြစ်နေသလားလို့ပါ) ဒီအချက်တစ်ချက်နဲ့တင် အငြင်းပွားဖို့ ခိုင်မာလုံလောက်တယ်လို့ ဆိုနိုင်ပါတယ်။ သူတစ်ပါး အပ်မှ ပိုင်တယ်ဆိုရင် မူလထဲက မိမိပိုင်တဲ့ သဘော ဟုတ်ပါတော့မလား။ ဒါလဲ စဉ်းစားရမယ့် အချက်တစ်ခုလို့ မြင်ပါတယ်။

(၃) ပီနန်ဆရာတော်ကို ပုဂ္ဂလိကပိုင် အပ်နှင်းထားခြင်း ဟုတ်မဟုတ်။ အစိုးရပိုင် အဆောက်အအုံကို ပုဂ္ဂလိကသို့ ပေးခွင့်ရှိ မရှိ၊ ပုဂ္ဂလိကပိုင် အပြီးအပ်နှံရိုး ထုံးစံ ရှိမရှိ။ (အထူးသဖြင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ)

ဒီအချက်နဲ့ ပတ်သက်ရင်လဲ ဂျာနယ်တစ်စောင်ပါ သီတဂူဆရာတော်ကြီးရဲ့ မိန့်ကြားချက်အရ ရေစက်ချစဉ်က ပုဂ္ဂလိက ရေစက်ချခြင်း မဟုတ်ဘူးလို့ သိရတဲ့အတွက် ပုဂ္ဂလိက အပ်နှံခြင်း မဟုတ်ဘူးလို့ ပြောနိုင်ပါတယ်။ နည်းနည်းထပ်ဖြည့် ပြောချင်တာက အစိုးရကိုယ်စားလှယ်လို့ ဆိုနိုင်တဲ့ ဦးခင်ညွန့်က ပီနန်ဆရာတော်ကို အပ်တယ်ဆိုတော့ အစိုးရအဖွဲ့အစည်း အနေနဲ့ သူတို့ပိုင်ဆိုင်တဲ့ ကျောင်းကန် အဆောက်အအုံတွေကို အပ်နှင်းတဲ့အခါမှာ ခဏတာ အပ်နှံခြင်းထက် အပြီးအပ်နှံခြင်း ဘယ်ဟာက ပိုများမလဲ။ အပြီးအပိုင် အပ်နှံတဲ့ ထုံးစံ ရှိပါရဲ့လား။ ဥပမာ အစိုးရပိုင်(မဟနပိုင်)လို့ ဆိုနိုင်တဲ့ ပရိယတ္တိစာသင်တိုက်တွေနဲ့ သာသနာ့တက္ကသိုလ် ကြီးတွေကို အပြီးအပိုင် အပ်နှံမှုမျိုး ပြုလုပ်ပါရဲ့လား။

(၄) မဟန အနေနဲ့ တစ်ဘက်သတ် အင်အားသုံးခဲ့တယ် အနိုင်ကျင့်ခဲ့တယ် ဆိုတာ ဟုတ်မဟုတ်။

သိရသလောက်တော့ မတ်လကုန်ခါနီးလောက်ထဲက ပီနန်ဆရာတော်ကို ကျောင်းတော်ကနေ ထွက်ခွါပေးဖို့ စာထုတ်အသိပေးခဲ့ပါတယ်။ ဒီလိုထွက်ခွါဖို့ သတိပေးလိုက်တဲ့စာဟာ မတရားပါဘူးဆိုရင် ပီနန်ဆရာတော်အနေနဲ့ မဟနထဲမှာ ပါဝင်နေတဲ့ ဆရာတော်ကြီး နှစ်ပါးသုံးပါးနှင့် တွေ့ဆုံလျှောက်ထားပြီး အကျိုးအကြောင်း ရှင်းပြသင့်ပါတယ်။ သက်သေသာဓက ခိုင်ခိုင်မာမာ ရှိရင်လဲ တင်ပြသင့်ပါတယ်။ မဟန ထဲမှာ မပါလဲ အများ လေးစားကြည်ညိုရတဲ့ သက်ကြီးဝါကြီး ဆရာတော်ကြီးတွေကို လျှောက်ထားပြီး မဟနကို မေတ္တာရပ်ခံပေးဖို့ လျှောက်ထားသင့်ပါတယ်။ အခွင့်လဲ သာမယ်ဆိုခဲ့ရင်ပေါ့။ အဲဒီလို ကြိုးစားခဲ့ပေမယ့် မဟန ဘက်က လက်မခံခဲ့တာ ဒါမှမဟုတ် အဲဒီလို ကြိုးစားဖို့ အခွင့်အလမ်းတောင်မှ မဟနဘက်က မပေးခဲ့တာမျိုး ဆိုရင်တော့ ပီနန်ဆရာတော်အလွန် မဟုတ်တော့ပါဘူး။ မဟန အလွန်လို့ပဲ ပြောရတော့မှာပါ။ အဲဒါမျိုးဆိုရင် တစ်ဘက်သတ် အင်အားသုံးတယ် အနိုင်ကျင့်တယ်ဆိုတာ မှန်တယ်လို့ ပြောရပါလိမ့်မယ်။

ခုတော့ အဲဒီလိုချည်း မဟုတ်ခဲ့ဘဲ သတင်းစာ ရှင်းလင်းပွဲတွေလုပ် ကျောင်းတိုက်က တစ်လက်မမျှ ခွါပေးမှာ မဟုတ်ဘူးလို့ ပြောဆိုတုန့်ပြန်လိုက်တာဟာ နိုင်ငံရေးမှာ ပြောပြောနေတဲ့ ထိပ်တိုက်တွေ့ဆုံရေး လမ်းစဉ်လိုပါပဲ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ကိန်းကို ဦးတည်စေခဲ့ပါတယ်။ ဒီအချက်က ပြေရာပြေကြောင်း ဖြစ်အောင် မကြိုးစားဘဲ ငါလဲငါ့ပရိသတ်နဲ့ ဆိုတဲ့ မာန်မာနတွေ ရှေ့တန်းတင်တဲ့သဘောများ သက်ရောက်နေမလား။ နိုင်ငံတစ်ခုမှာ အဓိကအကျဆုံးဖြစ်တဲ့ အဖွဲ့အစည်းတစ်ခုကို အဲဒီနည်းနဲ့ တုန့်ပြန်တာဟာ တကယ်လို့များ အထမြောက်သွားမယ်ဆိုရင် နောင်လာနောင်သားတွေအတွက် မဟနကို မထီလေးစားပြုဖို့ လမ်းပြတစ်ခု ဖြစ်သွားခဲ့ရင်လဲ မကောင်းဘူးလို့ ယူဆမိပါတယ်။ တစ်နည်းအားဖြင့် မဟနရဲ့ လုပ်ပိုင်ခွင့် အာဏာကို သေးသိမ်အောင် ဖျက်ဆီးရာများ ရောက်နေမလားလို့ပါ။ ပီနန်ဆရာတော်ဘက်က လုံးဝကို တစ်ရာ ရာခိုင်နှုန်း မှန်ကန်နေပါတယ်ဆိုရင်တော့ ဒါဟာလုပ်သင့်တဲ့ ကိစ္စပါ။ ဒါပေမယ့် ခုကိစ္စမှာက အငြင်းပွားစရာတွေ များစွာရှိနေတဲ့အတွက် စောလွန်းတယ်လို့ ယူဆပါတယ်။

(၅) အမှန်တရား အားပြိုင်တဲ့ပွဲလား။ မာန်မာနတွေ ဂုဏ်သိက္ခာတွေ စီးချင်းထိုးတဲ့ပွဲလား။ အမုန်းတရားနဲ့ အာဃာတတွေ နိုးထလာတဲ့ပွဲလား။

ဖြစ်ရပ်ကို ခြုံကြည့်မိတဲ့အခါကျတော့ မဟနအနေနဲ့ ထောက်ထားစရာတွေ မရှိရင် ခုလောက်အရုပ်ဆိုး အကျည်းတန်တဲ့ လုပ်ရပ်မျိုးကို ဒီခေတ်ဒီကာလကြီးမှာ ဂုဏ်သိက္ခာ အပျက်ခံပြီး လုပ်ပါ့မလား။ ဒီကျောင်းကို မဟနက ပိုင်တော့ကော တစ်ပါးပိုင်အနေနဲ့ ခြယ်လှယ်လို့ ရပါသလား။ တစ်ပါးချင်းအနေနဲ့ ကိုယ်ကျိုးဘယ်လောက်ရှိမလဲ။ သူတို့လဲ သူတို့ကျောင်းပိုင် ကိုယ်စီရှိပြီးသားလေ။ ဒါကြောင့် အမှန်တရား တစ်ခုခု မရှိဘဲ ခုလို ကိစ္စမျိုးကို လုပ်ပါ့မလားဆိုတာ စဉ်းစားစရာပါ။ လူပြိန်းစဉ်းစားနည်း စဉ်းစားမိတာပါ။

ပီနန်ဆရာတော်အနေနဲ့ ကြည့်ပြန်တော့လဲ မြန်မာသာမက ကမ္ဘာကို ခြေဆန့် သာသနာပြုနေတဲ့ ဆရာတော်ကြီး၊ နိုင်ငံတကာမှာလဲ သူ့ကျောင်းက တစ်ကျောင်းမက ရှိနေတာ အမှန်။ ကျောင်းလေးတစ်ကျောင်း ပိုင်ရဖို့အတွက်နဲ့ သူ့ရဲ့ ဂုဏ်သိက္ခာတွေ နာမည်တွေ အပျက်ခံပါ့မလား။ ဒီကျောင်းကို သူမအုပ်ချုပ်ရတော့ကော သူ့အတွက် ဘာအကျိုးယုတ်သွားမလဲ။ နိုင်ငံတကာက သူ့ကျောင်းတိုက်ဟာ မြန်မာထက်တော့ အပုံကြီး သာမှာပဲလေ။ ဒါ့ကြောင့် သူလဲ မှန်တယ်လို့ ယူဆလို့ ခုလို လုပ်ဆောင်တာလို့ ပြောနိုင်ပါတယ်။

အဆိုးဘက်က ပြောမယ်ဆိုရင်တော့ မဟနကလဲ မမှန်မှန်း သိသိနဲ့ မတရားမှန်း သိသိနဲ့ ငါတို့က သံဃာ့အဖွဲ့အစည်းမှာ အမြင့်ဆုံးအဖွဲ့အစည်းပဲ၊ ငါတို့အဖွဲ့အစည်းရဲ့ လုပ်ပိုင်ခွင့်အာဏာကိုတော့ မလေးမစား လုပ်လာရင်တော့ နှိပ်ကွပ်ရမှာပဲ။ ငြိမ်နေရင် အညံ့ခံရာကျတယ် သိက္ခာကျတယ် ဆိုပြီးတော့ ဇွတ်လုပ်တာမျိုးလဲ ရှိနိုင်တာပါပဲ။

ပီနန်ဆရာတော်လဲ တစ်ဦးတည်းပိုင် မဟုတ်မှန်း သိသိနဲ့ မဟနကို တိုက်ခိုက်ချင်တဲ့သဘော၊ စစ်အစိုးရသက်တမ်း တစ်လျှောက်လုံး အလိုတူအလိုပါ နေခဲ့တဲ့ မဟနကို အငြိုးအတေးနဲ့ ဂုဏ်နှိမ်ချင်တဲ့ သဘော၊ (စစ်အစိုးရနဲ့ ပနံသင့်တဲ့ သူကို ရှင်လူရဟန်း အမြင်မကြည်တတ်တာ များတယ်လေ) တစ်ပါးပိုင်လို့ အများက မြင်ပြီးမှ မပိုင်ဘူးဆိုရင် သိက္ခာကျရချည်ရဲ့ဆိုပြီး ကမ္ဘာ့တစ်လွားမှာ ကျင်လည်လာတာ သာသနာပြု ဆိုတဲ့ ဂုဏ်သိက္ခာတော့ အပွန်းပဲ့ မခံနိုင်ဘူးဆိုတဲ့ သဘောနဲ့ ဒီကိစ္စတွေကို လုပ်ဆောင်နေတာမျိုးလဲ ဖြစ်နိုင်ခြေ ရှိနိုင်တာပါပဲ။ (ဖြစ်နိုင်ခြေတော့ အတော့်ကို နည်းတာပေါ့။)

ဒါ့ကြောင့် အဲဒီလို နှစ်ဦးနှစ်ဘက်က သူမှန်တယ် ငါမှန်တယ်နဲ့ အငြင်းအခုံ ပဋိပက္ခတွေ လုပ်ဆောင်နေကြတာဟာ အမှန်တရားအတွက် ယှဉ်ပြိုင်နေကြတာ ဖြစ်နိုင်သလို မာန်မာနနှင့် ဂုဏ်သိက္ခာအတွက် ယှဉ်ပြိုင်နေကြတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါထက်မက အမုန်းတရားနဲ့ အငြိုးအတေး အာဃာတတွေအတွက် တုပြိုင်နေကြတာလဲ ဖြစ်တတ်ပါသေးတယ်။ ဒါ့ကြောင့် ဘေးလူတွေ အနေနဲ့ အခြေခံကအစ ခြေခြေမြစ်မြစ် တကယ်တိတိကျကျ မသိဘဲ ဆရာတော်ကြီးတွေကို ပြစ်မှားနေတာဟာ (အထူးသဖြင့် ဆဲဆိုနေတာတွေဟာ) ဓားခုတ်ရာကို လက်ဝင်လျှိုတာမျိုးလို မကောင်းမှုအကုသိုလ် တိုးပွားလာမှာ စိုးပါတယ်။ ဒါ့ကြောင့် အပြုသဘော ပြောဆိုဝေဖန်တာမျိုးကိုသာ လုပ်သင့်ပြီး ဆဲဆိုတာမျိုးကိုတော့ မလုပ်သင့်ဘူးလို့ ယူဆပါတယ်။ စာရေးသူ အနေနဲ့ကတော့ နှစ်ဦးနှစ်ဘက်မှာ အမှန်တရားဆိုတာ ရှိနေနိုင်သလို အမှားကိုယ်စီ အားနည်းချက်ကိုယ်စီလဲ ရှိနေကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ (ဖတ်ရသူတိုင်း ကွဲလွဲခွင့် ရှိပါတယ်။)

ရဝေသျှင်-မြိုင်နန်းမြေ ၁၉-၆-၂၀၁၄