Thursday, August 15, 2013

အချိန်မတန်သေးလို့ပါ

copy from http://www.venvicitta.com/


- ကိုယ်ကောင်းရဲ့သားနဲ့ အခြေအနေတွေက မကောင်းသေးဘူး၊ မပြောင်းသေးဘူး၊ အဆိုးတွေပဲ ဆက်ဖြစ်နေသေးတယ် ဆိုရင်လည်း စိတ်ဓာတ်မကျပါနဲ့၊ ဇွဲမလျော့ပါနဲ့၊ ကိုယ့်ကံကိုယ် မယုံမကြည် မဖြစ်လိုက်ပါနဲ့။ ကောင်းတဲ့အလုပ်တွေကိုသာ ကြိုးစားပြီး ဆက်လုပ်နေလိုက်ပါ။

- မကောင်းတာလုပ်နေရဲ့သားနဲ့ အခြေအနေတွေကောင်းပြီး ဘဝမပြောင်း အလှတွေဆောင်းနေသေးတဲ့ သူတွေကို တွေ့ခဲ့ရင်းလည်း အားမကျမိပါစေနဲ့၊ စိတ်ခံစားမှု မဖြစ်မိပါစေနဲ့၊ ကံတရားက မျက်နှာလိုက်တယ်လို့ မတွေးမိပါစေနဲ့။ ကိုယ့်အလုပ်ကို ကောင်းအောင်ပဲ ဂရုစိုက်ပြီး ကြိုးစားနေလိုက်ပါ။

- ကောင်းမှု၊ မကောင်းမှုဆိုတာ အချိန်တန် အကျိုးပေးချိန်တန်မှ အကြောင်းကြောင့် အကျိုး ဖြစ်လာတဲ့သဘော ရှိတဲ့အတွက် ကံအကျိုးပေးချိန်တွေကို မမျှော်ဘဲ လက်ရှိအချိန်မှာ ကိုယ့်အလုပ်ကိုယ် ကောင်းအောင်လုပ်ကြဖို့ပဲ အရေးကြီးပါတယ်။ ကံအကျိုးပေးဆိုတာ အချိန်တန်ရင် ကိုယ်ကမမျှော်လည်း သူ့အကျိုးသူပေးသွားမှာ အမှန်ပဲ ဖြစ်ပါတယ်။ 

“အကျိုးပေးရမှာက ကံရဲ့အလုပ်၊ စေတနာကောင်းနဲ့ အလုပ်ကောင်းအောင် ကြိုးစားရမှာက ကိုယ့်ရဲ့အလုပ်ပါ။”

Saturday, August 10, 2013

ကံကောင်းအောင် မိမိကိုယ်တိုင် စီမံပြုလုပ်နည်း။

 


copy from http://buddhismworld.ning.com/
‎Aujourd’hui ‎8 ‎août ‎2013, ‏‎il y a 5 heures | thein waiAccéder à l’article complet


ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများသည် ကံ၊ ကံ၏အကျိုးကို ယုံကြည်ကြပါသည်။ ကံသာအမိ
ကံသာအဖဟုပင် သိထားကြပါသည်။ မိမိပြုသောကံသည် မိမိကို ပဋိသန္ဓေစိတ်ရင်းကပင် ကွဲပြား
အောင် ပြုရုံသာမက ရုပ်အဆင်း ကွဲပြားအောင်၊ အမျိုးအဆွေ ကွဲပြားအောင်၊ ချမ်းသာဆင်းရဲ ကွဲ
ပြားအောင်လည်း မိမိကံကပင် မိမိကို စီမံလိုက်ပါသည်။
ဥပမာ==လူတစ်ယောက်သည် ကုသိုလ်ကံကို ဉာဏ်နှင့်ယှဉ်လျက် ထက်ထက်သန်သန်ပြု
၏။ လူတစ်ယောက်ကား ကုသိုလ်ကို မပြု။ ပြုသော်လည်း ထက်ထက်သန်သန် မဟုတ်။ ထိုသူ နှစ်
ယောက်တို့ လူ့ပဋိသန္ဓေနေကြရလျှင် ဉာဏ်နှင့်ယှဉ်လျက် ထက်ထက်သန်သန်ပြုသော ကုသိုလ် ရှင်က ချမ်းသာသော အမိဝမ်း၌ ပဋိသန္ဓေနေရ၏။ မိခင်သည် လိမ္မာနားလည် သိရှိသူဖြစ်လျက်
ကိုယ်ဝန်ကလေး မဆင်းရဲလေအောင် အစစ အရာရာ သတိထား၏။ အနေအထိုင် မကြမ်းတမ်း၊ ပူလွန်း စပ်လွန်း အေးလွန်းသောအစာ ရှောင်ကြဉ်၏။
ကုသိုလ်နည်းပါးသောသူကား ဆင်းရဲသူမ၀မ်း၌ သန္ဓေတည်ရ၏။ ထိုဆင်းရဲသူမသည် အ
ရာရာဝယ် တတ်သိနားလည်သူ မဟုတ်ချေ။ နားလည်ပြန်လျှင်လည်း ရှောင်ကြည်ဖွယ် ရာဟူသမျှ
ကို ရှောင်ဖို့ရာ ဥစ္စာဓန မရှိသောကြောင့် အပူအစပ်၊ အေးလွန်းသော အစာများကိုလည်း မရှောင်
နိုင်ရာ။ ကိုယ်ဝန်သူငယ်မှာ အမိက အလွန်ပူစပ်သော အစာကိုစားလိုက်လျှင် ငရဲကျသလို ပူလောင်
ရှာ၏။ အလွန်အေးသော အစာကို စားလိုက်လျှင် လောကန္တရိက် ငရဲကျသလို အေးရရှာတော့၏။
ရုတ်တရက် (ကဗျာကယာ) ထိုင်လိုက်၊ ထလိုက်လျှင်လည်း ဆွဲ၍ဆောင့်သလို ပင်ပန်းရှာ၏။
ထိုကဲ့သို့ အမိဝမ်း၌ အောင်းနေစဉ်ကပင် ဆင်းရဲချမ်းသာသည် ခြားနားလေပြီ။ ထို့နောက်
ဖွားချိန်သို့ ရောက်လျှင် ကုသိုလ်ရှင်မှာ လက်သည်ကောင်းတို့ဖြင့် သက်သာနိုင်သလောက် သက်
သာအောင် ဖွားမြင်၍ အပြင်ရောက်သောအခါ နုနယ်သောအထည် စသည်တို့ဖြင့် ကျကျနန ပြုစု
ကြသောကြောင့် သက်သာခွင့်ရ၏။
ကုသိုလ်နည်းသူကား လက်သည်ကောင်း မရသဖြင့် ကျဉ်းမြောင်းသောကြွက်တွင်းမှ ကြွက်
ကလေးတိုး၍ ထွက်ရသလို အလွန်ပင်ပန်းစွာ ထွက်လာခဲ့ရသည့်အပြင် ဖွားမြင်ပြီးသော အခါတွင်
လည်း အပြုအစု ကောင်းကောင်းမရ၊ အ၀တ်ကြမ်းတို့ဖြင့် ကိုင်ယူကြသောကြောင့် အနာကို ကြက်
တောင်နှင့်ဆွသလို မချိမဆံ့ ခံရလေတော့သည်။
ဤကဲ့သို့ ချမ်းသာဆင်းရဲ ကွဲပြားရုံနဲ့ မပြီးသေး။ ကုသိုလ်ရှင်သူငယ်မှာ အမိနို့ရည်ကောင်း
ကို လုံလုံလောက်လောက် ရသည့်အပြင် အခြားသော နို့မှုန့်နှင့် ကျန်းမာရေးအတွက် ဆေးကောင်း
ဆရာကောင်းတို့က စောင့်ရှောက်ကြသဖြင့် ကျန်းကျန်းမာမာ ရှိရုံသာမက အဘိုး၊ အဘွား၊ အဒေါ်
အရီး၊ ကြီးကြီး၊ ငယ်ငယ် စသည်တို့က ချော့ကြ၊ မြှူကြ ယုယကြသဖြင့် ချမ်းသာချင်တိုင်း ချမ်း
သာခွင့်ရတော့၏။
ကုသိုလ်နည်းပါးသော သူငယ်ကား မိခင်၏ နို့ရည်ကောင်းကိုလည်းမရ။ ဆေးကောင်းဝါး
ကောင်း ဆရာကောင်းကို မဆိုထားနှင့်။ အဘိုး အဘွား စသည်တို့ကပင် ခင်ခင်မင်မင် မယုယလို
ကြ။ မိခင်လုပ်သူမှာ ကလေးအနားက မခွာလိုပါသော်လည်း ကလေးကို အဆာပြေရုံသာ နို့တိုက်
ပြီးနောက် စားရေးသောက်ရေးအတွက် ပင်ပန်းစွာ အလုပ် လုပ်ရသဖြင့် လူမမယ်ကလေးမှာ ပစ်
စလက်ခတ် နေရရှာတော့သည်။
ဤကဲ့သို့ ကလေးအရွယ် လူမမယ်ဘ၀ ဉာဏ်ဝီရိယကူလျက် ဥစ္စာမရှာနိုင်သေးခင် ရှေးကံ
ချင်း ခြားနားသည့်အတွက် ဆင်းရဲချမ်းသာ ကွဲပြားပုံကို စုံစုံလင်လင် သိထား၍ “ မျက်နှာကြီးရာ
ဟင်းဖတ်ပါတတ်သလော ” ဤလောကကြီးတွင် မျက်နှာကြီးသူတို့၌ ဟင်းဖတ်ပါနေသည်ကို အ
ပြစ်မြင်၍ မနေသင့်ပေ။ ရှေးရှေးဘ၀၌ ကံပြုစဉ်ကာလ မိမိကိုယ်တိုင် အသိဉာဏ်ကင်းလျက် ညံ့
ဖျင်းစွာ ပြုခဲ့မိပုံကိုသာ အသိမြင်၍ မိမိကိုယ်တိုင် မျက်နှာကြီး သူတော်စင်ဖြစ်အောင် ကြိုးစားကြ
ဖို့ လိုအပ်ပါသည်။
ထိုကဲ့သို့ ကိုယ်တိုင်တော့မကျင့်ပါဘဲ သူတစ်ပါးမျက်နှာကြီးကို မနာလိုကြပါလျှင် နောင်ဘ
ဝအဆက်ဆက်၌ သာ၍သာ၍ ဒုက္ခတွင်းနက်ဖို့သာရှိပါသည်။ ထို့ကြောင့် ကံကောင်းလိုလျှင် ကံ
ကောင်းအောင် မိမိကိုယ်တိုင် စီမံပြုလုပ်နိုင်ကြောင်း အထက်ဖေါ်ပြပါ အချက်ကို ကြည့်ခြင်းအား ဖြင့် နားလည်သဘောပေါက်ကြပြီး ကျင့်ကြံအားထုတ်နိုင်ကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါ
စေ ကုန်သတည်း။
{အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်
အဘိဓမ္မာမှ ကောက်နုတ်ရေးသားပါသည်။ }
ဦးသိန်းဝေ။
http://www.facebook.com/damanady.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
----------------------------------------------------------
“ကိုယ်စီခပ်နှိပ်ကြ”
===========
အိုးမဖုတ်ခင်၊ အိုးလုပ်စဉ်ဝယ်၊
အိုးတွင်နှိပ်ခပ်၊ တံဆိပ်မှတ်ကား၊
မပြတ်မစဲ၊ အိုးပင်ကွဲလည်း၊
အမြဲတစေ၊ တည်ရှိနေသို့၊
ထိုထိုသွေးသား၊ ကလေးများ၌၊
ဘုရားတံဆိပ်၊ ဘာသာစိတ်ကို၊
ခပ်နှိပ်နိုင်မှ၊ သက်ဆုံးကျအောင်၊
ဗုဒ္ဓ၀ါဒီ၊ စွဲ၍ တည်မည်၊
ကိုယ်စီခပ်နှိပ် ကြစေသတည်း။ ။
(တောင်မြို့-မဟာဂန္ဓာရုံဆရာတော်)

Tuesday, August 6, 2013

ဗုဒ္ဓအလိုတော်ကျ ဓမ္မယတြာ

 

copy from http://buddhismworld.ning.com/

••••••••••••••••••••••••••••

လောကလူသားတို့သည် မိမိတို့ဘ၀တွင် အလိုမရှိ၊ မမြတ်နိုး၊ မနှစ်သက်၊ မတောင့်တ အပ်သော ဘေးဆိုး၊ ကပ်ဆိုး၊ အန္တရာယ်ဆိုး၊ ရောဂါဆိုးအမျိုးမျိုးတို့နှင့် ကြုံတွေ့လာရသောအခါ ဆင်းရဲဒုက္ခ ရောက်ကြရ၏။ ယူကြုံးမရ ဖြစ်ကြရ၏။ ဆောက်တည်ရာမရ ငိုကြွေးကြရ၏။ စိုးရိမ်ပူဆွေးကြရ၏။ ဘာလုပ်၍ ဘာကိုင်ရမှန်းမသိအောင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တတ်ကြ၏။ ဤသို့ဆင်းရဲဒုက္ခ တွေ့ကြုံရ၍ မိမိကိုယ်တိုင် ကံနိမ့်နေခြင်းကို သိကားသိ၏။ သို့သော် ထိုနိမ့်နေသောကံကို မြင့်လာအောင် မည်သို့သောနည်းလမ်းဖြင့် ပြုလုပ်ရမည်ကို မသိ။ ကျော်လွှားရမည်ကို နားမလည်။ ပြုပြင်ရမည်ကို သဘောမပေါက်ကြချေ။

ထိုကြောင့် အားကိုးရာကို ရှာကြ၏။ ထိုသို့ရှာရာတွင် မိမိတို့ အမြဲကိုးကွယ်သော လောကုတ္တရာ ဗုဒ္ဓတရားတော်များကို မေ့လျော့ကာ လောကီ ဗေဒင်ဆရာကို အားကိုးကြ၏။ ဆည်းကပ်ကြ၏။ ယတြာချေကြ၏။ ယတြာဟူသည် အဘယ်နည်း?။ ယကြာဟူသည် ကောင်းဆိုး နှစ်တန်ကို ဖြစ်စေ ပျက်စေတတ်သည်ဟု အဓိပ္ပါယ် ရှိပါ၏်။ ကောင်းကျိုးများကို ဖြစ်စေနိုင်သလို ပျက်စေနိုင် အောင်လည်း ဖန်တီးနိုင်သည်သာ။ ဆိုးကျိုးများကို ဖြစ်စေနိုင်သလို ပျက်စေနိုင်အောင်လည်း ဖန်တီးနိုင်ပါသည်။ သို့သော် ရာနှုန်းပြည့် ပြုလုပ်နိုင်စွမ်းမည်ကား မဟုတ်ပါပေ။

ထိုသို့ယတြာချေရာတွင် အပြစ်ကင်းသော ယတြာချေနည်းဖြစ်လျှင် မထောင်းသာ၊ တော်သေး၏။ အကုသိုလ်အပြစ်ပြုလုပ်၍ ချေရသော ယတြာဖြစ်လျှင် “ပေါ့စေလို၍ ကြောင်ရုပ်ထိုး ဆေးအတွက်ကြောင့်ပို၍လေး” ဆိုသလို ယတြာချေကာမှ ယတြာမကျေ၊ မပေါ့ဘဲ၊ မကင်းပျောက်ဘဲ၊ ပိုဆိုးသောအဖြစ်မျိုး၊ ကြမ္မာဆိုးနှင့် ကြုံရကိန်းဆိုက်ပေတော့မည်။

♦ ထာဝရ အေးငြိမ်းချမ်းသာရေးသို့ ♦
-----------------------------------
ဤနေရာ၌ ရေးပြလိုသော ယတြာသည် လောကီယတြာဖြစ်သော ဓာတ်ယတြာ၊ နတ်ယတြာ မဟုတ်။ မြတ်ဗုဒ္ဓဟောတော်မူခဲ့သော ဓမ္မယတြာပင် ဖြစ်ပါ၏။ ဓမ္မယတြာသည် တစ်ကြိမ်မျှသာ ဘေးအန္တရာယ် ကင်းငြိမ်းခြင်းကို မရည်ရွယ်။ တစ်ဘ၀လုံး ဘေးအန္တရာယ် ကင်းငြိမ်းခြင်းမှသည် ထိုဘေအန္တရာယ်အပေါင်းမှ ထာဝရ ကင်းပျောက်၍ အေငြိမ်းရာမှန် မြတ်နိဗ္ဗာန်သို့တိုင် ဦးတည်သည်။ ထိုရည်ရွယ်ချက် ဦးတည်ချက်တို့ ထမြောက် အောင်မြင်ရန်အတွက် ဖော်ပြထားသော အချက်အလတ်တို့မှာ…..

“အဒွေစ္စ ၀စနာ ဗုဒ္ဓါ” “ဘုရားစကား အမှားမရှိ”
ဟူသည်နှင့်အညီ တကယ်လိုက်နာကျင့်သုံးလျှင် လက်တွေ့အကျိုးရှိသည့် ဘုရားပေးသော အချက်အလတ်များ ဖြစ်သောကြောင့် စိတ်ချယုံကြည်ထိုက်ကြောင်း အထူးဖော်ပြရန် မလိုပါချေ။ တစ်နည်းအားဖြင့် ဗုဒ္ဓဘုရားအပေါ် ယုံကြည်မှု အားနည်းသူ ဖြစ်လျှင်သော်မှ ပြောသူ၊ ရေးသူကို ဖယ်ထားပြီး၊ တင်ပြထားသော အချက်အလတ်များကို အကဲဖြတ်၍ လက်တွေ့ အသုံးချ ကြည့်အားဖြင့် ဦးတည်ချက်မှန်ကန်ကြောင်း တွေ့မြင် သိရှိနိုင်ပါသည်။

ဘေးအန္တရာယ်များ ကျရောက်လာခြင်းသည် အကျိုးတရားသာ ဖြစ်၏။ ဘေးအန္တရာယ် အဘယ့်ကြောင့် ဖြစ်ရသနည်း? ဟု အဖြေရှာရာတွင် အကြောင်းတရားကို တွေ့ရ၏။ ထိုဘေးအန္တရာယ် ဖြစ်ရသည့် အကြောင်းဟူရာ၌ အနီးကပ်အကြောင်း (သန္တိကေနိဒါန်း) နှင့် အခြေခံအကြောင်း၊ သို့မဟုတ် ဝေးသောအကြောင်း (ဒူရေနိဒါန်း) ဟူ၍ရှိ၏။ 
 
 ဘေးအန္တရာယ် ဟူသော အကျိုးတစ်ခု ဖြစ်ပေါ်လာရန်အတွက် အဖြစ်အပျက်၊ သတ၊္တိ ကိစ္စအမျိုးမျိုးတို့ ပါဝင်လျက်ရှိသည်။ ဘေးအန္တရာယ်တစ်ခုခုနှင့် တွေ့ကြုံလာရသောအခါ ထိုဘေးအန္တရာယ် ဖြစ်ရသည့် အခြေခံအကြောင်းကိုသာ စူးစမ်း၍ ပျောက်ငြိမ်းအောင် လုပ်နိုင်မှသာလျှင် ဘေးအန္တရာယမျာ်း အမြစ်ပျက်နိုင်မည် ဖြစ်ပါသည်။ အကြောင်းမငြိမ်း၊ အမြစ်မပျက်ပါက တစ်မျိုးပြီးတစ်မျိုး လှည့်ပတ်ကာ ဖြစ်ပေါ်နေမည်သာ ဖြစ်သည်။ ဘေးအန္တရာယ်ကင်းရေး အသိဉာဏ်သည် ဘေးအန္တရာယ် ကင်းရှင်းရုံသာမက၊ အသက်ရှည်၊ ကျန်းမာ၊ ချမ်းသာရေး အတွက်ပါ အသုံးကျသဖြင့် ထိုသို့သောအသိဉာဏ် ရင့်သန်အောင် အားထုတ်သင့်ပါ၏။ ဤသို့အားထုတ်ခြင်းသည် ဘေးအန္တရာယ်ဖြစ်၍ ဆင်းရဲ ဒုက္ခ ကြုံတွေ့ ခံစားရသလောက် ပင်ပန်းမည် မဟုတ်ပေ။

♦ အန္တရာယ် ♦
----------------
မိမိတို့ဘ၀၀ယ် ကြုံတွေ့လာရသည့် ဘေးအန္တရာယ်ဟူသော စကားလုံးကို ရှင်းပြပါဦးမည်။ “ဘေး”ဟူသည် “ဘယ”ဟူသော ပါဠိမှဆင်းသက်လာသော မြန်မာစကားဖြစ်၏။ မလိုလားအပ်သောအရာ၊ မချစ် မနှစ်သက်အပ်သောအရာ၊ ကြောက်စရာ၊ မုန်းစရာဖြစ်သော ဆင်းရဲဒုက္ခဟူ၍ အဓိပ္ပါယ်ရပါသည်။ “အန္တရာယ်” ဟူသည် “အန္တရာယ” ဟူသောပါဠိစကားလုံးမှ ဆင်းသက်လာခြင်း ဖြစ်၏။ “အန္တရာယ” ဟူသည် “အန္တရာယ=အကြားကာလ”ဟု တိုက်ရိုက် သဒ္ဒါအနက်ရ၏။ “အကြားကာလ၌ ၀င်ရောက်လာကာ အကျိုးပေးတတ်သောအရာ” ဟူ၍ အဓိပ္ပါယ်ရ၏။

မည်သည့်အကြား ကာလနည်းဟူမူ မိမိတို့ဘ၀တွင် ယခင်ဘ၀က ပြုလုပ်ခဲ့ကြသော ကုသိုလ်၊ အကုသိုလ်ကံများလည်း ပါရှိကြမြဲတည်း။ ယခုဘ၀၌လည်း အသစ်ထပ်မံ ပြုလုပ်သော ကုသိုလ်၊ အကုသိုလ်ကံများလည်း ရှိကြသည်သာ။ ထိုတွင် မိမိတို့ဘ၀၀ယ် ရှိပြီးသော ကုသိုလ်ကံတို့ နည်းလာ၊ ပါးလာသောအခါ အပေါက်အကြား ဖြစ်လာ၏။ ကြားကာလ ပေါ်လာ၏။ ထိုကုသိုလ်ကံတို့၏ ကြားကာလ၌ အကုသိုလ်ကံတို့က ၀င်ရောက်ကာ အကျိုးပေးတတ်၏။ ထိုသို့ကုသိုလ်ကံတို့၏ အကြား၌ ၀င်ရောက်ကာ အကျိုးပေးတတ်သော အကုသိုလ်ကံတို့၏ အကျိုးပေးဖြစ်သည့် မကောင်းသော ဘေးဆိုး၊ ကပ်ဆိုး၊ အန္တရာယ်ဆိုး၊ ရောဂါဆိုးများကို ဘေးနှင့် အန္တရာယ်ပေါင်းကာ “ဘေးအန္တရာယ်” ဟု ခေါ်ဆိုခြင်း ဖြစ်ပါ၏။ ဆိုလိုခြင်းမှာ ကုသိုလ်ကံများ နည်းလာသောအခါတွင် အကုသိုလ်ကံက ၀င်ရောက်ကာ အကျိုးပေးတတ်၏။ ထိုအကုသိုလ်ကံတို့၏ အကျိုးပေးကို “ဘေးအန္တရာယ်” ဟုခေါ်ဆိုပါသည်။ ထိုအကုသိုလ်တို့၏ အကျိုးဟူသည် ဘေးဆိုး၊ ကပ်ဆိုး၊ အန္တရာယ်ဆိုး၊ ရောဂါဆိုး အမျိုးမျိုးတို့ပင် ဖြစ်ပါသည်။

♦ အာပါတ်ဖြေနည်း/ အပြစ်ဖြေဖျောက်နည်း ♦
-------------------------------------------------
ဝိနည်းပိဋကတ်၌ အာပါတ်သင့်လျှင် အာပတ်ဖြေနည်းရှိသကဲ့သို့ သဘာဝတရား၌လည်း ၀င်ပေါက်ရှိသလို ထွက်ပေါက်လည်း ရှိသည်သာတည်း။ ၀ိနည်း၌ ပါရာဇိကလို အာပတ်ကြီးများအတွက် အာပတ်ဖြေ၍မရ။ သို့သော် အပေါ့စား ပါစိတ်၊ ဒုက္ကဋ် စသော အာပတ်ငယ်လေးများ အတွက်မူ အာပတ်ဖြေ၍ရ၏။ ရဟန်းတော်များအတွက် အာပတ်ဖြေနည်း(ဒေသနာကြားနည်း)ကို ၀ိနည်းပိဋကတ် ပါဠိတော်တွင် ဗုဒ္ဓက အတိအကျ ဟောတော်မူခဲ့၏။ သဘာဝတရား၌လည်း နိယတမိစ္ဆာဒိဋ္ဌိကံ၊ ပဉ္စာန န္တရိယကံ ကြီးမျိုးတို့ကဲ့သို့ ကြီးလေးသောကံဝင်ပေါက်သို့ ၀င်မိလျှင် ထွက်ပေါက်မရှိချေ။ သို့သော် အကျိုးပေးမမြဲသော အပယိက သာမန်အကုသိုလ်အပေါက်သို့ ၀င်မိရာ၌မူ ထွက်ပေါက်ရှိပေသည်။ 
 
သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးယူခြင်း၊ သူတစ်ပါးသားမယား ပြစ်မှားခြင်း၊ လိမ်ညာပြောခြင်း၊ သေရည် အရက် သောက်ခြင်း စသောမကောင်းမှုတို့သည် အကုသိုလ်ဖြစ်၏။ အပြစ်ရှိ၏။ ဆိုးပြစ်များကို ဖြစ်စေနိုင်၏။ ဤကား အမှန်တရားတည်း။ ဤကား သဘာဝ၏ ၀င်ပေါက်တည်း။ သို့သော် သဘာဝ၏ ထွက်ပေါက်လည်း ရှိပေသည်။ ယင်းသဘာဝတရား၏ ၀င်ပေါက်ထွက်ပေါက်ကို မြတ်စွာဘုရားက အထင်အရှား ပြခဲ့ပြီး ဖြစ်ပါ၏။ ယင်းသဘာဝ၏ ထွက်ပေါက်ကား အခြားမဟုတ်။

၁။ ကံတို့၏ အကျိုးပေးသဘောကို သိရမည်။
၂။ သမ္မပ္ပဓါန် ဖြစ်အောင် လုပ်ရမည်။ ဤကား ထွက်ပေါက်တည်း။

ဤနည်းကို “လူအာပါတ်ဖြေနည်း”ဟုဆိုသော် ဖြစ်နိုင်သည်သာ။ လူတို့အတွက် အာပါတ်ဖြေနည်း (အပြစ်ဖြေနည်း)ဟူသော နာမည်ဖြင့် ဗုဒ္ဓက သီးခြား ဟောတော်မမူခဲ့သော်လည်း ဤသမ္မပ္ပဓါန်နည်းကို “လူအာပါတ်ဖြေနည်း” ဟု အမည်ပေးသော် ရနိုင်သည်သာတည်း။ ဤသမ္မပ္ပဓါန်နည်းသည်လည်း ဗုဒ္ဓဟောတော်မူခဲ့သော တရားပင် မဟုတ်ပါလော။ သို့သော်လည်း
သေးငယ်သော အပြစ်များဆိုလျှင် အာပတ်ဖြေနည်းဖြင့် ဖြေဖျောက်နိုင်ပါ၏။ ကြီးမားသော ပဉ္စာန န္တရိယကံ အပြစ်များကိုကား မည်သည့်နည်းနှင့်မျှ ဖြေဖျောက်၍ ရနိုင်မည် မဟုတ်ပေ။

♦ ကံတို့၏ အကျိုးပေးခြင်း သဘော ♦
---------------------------------------
ကံတို့၏သဘောသည် အကုသိုလ်ကံဖြစ်စေ၊ ကုသိုလ်ကံဖြစ်စေ တစ်ခုတည်းနှင့် အကျိုးမပေးနိုင်ပေ။ တစ်ခုတည်းဟူသည် အရှိန်အဟုန် အင်အားမရှိခြင်းကို ဆိုလိုလိုပါ၏။ (ပြုလုပ်ဆဲခဏ၌ ဖြစ်သောစိတ်သည် စိတ္တက္ခဏ တစ်ချက်သာဖြစ်၍ ချုပ်ပျောက်၏။ ဆက်ကာဆက်ကာ သတိရနေသောအခါ ထိုစိတ်သည် ဆက်ကာဆက်ကာဖြစ်၍ တိုးပွါး၏။)

(က) အထပ်ထပ်အပြန်ပြန် အထုံရ၍ (သတိရ၍) အားရှိရင့်ကျက်သောအချိန်၊
(ခ) မိမိထက် အားကောင်းသော အခြားသောကံတစ်ခုခုက မဖြတ်၊ မသတ်၊ မနှိပ်ကွက်နိုင်သောအချိန်၊
ဤ(၂)မျိုးသော အချိန်အခါတို့၌သာ အကျိုးပေးနိုင်လေသည်။

ဥပမာ။ ။လူတစ်ယောက်သည် အကုသိုလ်မှုအပြစ်ကို မပြတ်ပြလုပ်ခြင်း၊ မပြတ်သတိရခြင်း၊ မပြတ်သာယာခြင်းတို့ ရှိနေလျှင်သော်လည်းကောင်း၊ အခြားသော ကုသိုလ်ကံ တစ်ခုခုမျှ မရှိလျှင် သော်လည်းကောင်း၊ ထိုအခြအနေမျိုးတွင် ကိုယ်လုပ်ခဲ့သော အကုသိုလ်ကံက အကျိုးပေးတော့၏။ အကယ်၍ လူတစ်ယောက်သည် အကုသိုလ်မှုအပြစ်ကို ပြုလုပ်ပြီး မပြတ်အထုံပြုခြင်း၊ သတိရခြင်း မရှိလျှင်သော်လည်းကောင်း၊ ကုသိုလ်ကံက ထိုမိမိပြုလုပ်ခဲ့သော အကုသိုလ်ကံကို ပယ်သတ်လိုက်လျှင်သော်လည်းကောင်း၊ အကျိုးပေးရမည့်အချိန် လွန်သွားလျှင် သော်လည်းကောင်း၊ ထိုမိမိ၏ အကုသိုလ်ကံသည် အဟောသိကံ (အချည်းနှီး) ဖြစ်သွားလေတော့သည်။ အကျိုးမပေးနိုင်သည့်ကံ ဖြစ်သွားသည်ဟု ဆိုလိုပါသည်။

ထို့ကြောင့် ကံတို့၏ အကျိုးပေးခြင်းသဘောကို “ရေများရေနိုင်၊ မီးများမီးနိုင်” ကဲ့သို့ မှတ်ယူရပါမည်။ မိမိဘ၀၀ယ် ကုသိုလ်ကံက များနေလျှင် ထိုများသောကုသိုလ်ကံက အရင်အကျိုးပေး၏။ အကုသိုလ်ကံက များနေလျှင် ထိုများသော အကုသိုလ်ကံက အရင်အကျိုးပေး၏။ ထို့ကြောင့် မိမိတို့ဘ၀တွင် မည်သည့်ကံက များနေသနည်း ပြန်လည် စဉ်းစားသင့်၏။ လူအများစု ထင်နေကြသည်ကား “မကောင်းသော အတွေးအကြံ၊ အပြော၊ အလုပ်တို့ကို မကြံ၊ မပြော၊ မလုပ်လျှင် မိမိဘ၀မှာ အကုသိုလ် မဖြစ်” ဟူ၍ ယေဘုယျ ထင်နေကြ၏။ သို့သော် ဤသည်လည်း တထစ်ကျ မှန်သည်ဟု မဆိုနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓအလို ပိဋကတ်တော်အရ မွေးချိန်၊ သေချိန်၊ အိပ်ချိန်၌ ဖြစ်သောစိတ်ကို ၀ိပါက်စိတ် (၀ိပါက စိတ်)ဟုခေါ်၏။ ထိုဝိပါတ်စိတ်မှ လွဲ၍ ကျန်အချိန်များတွင် ကုသိုလ်၊ သို့မဟုတ် အကုသိုလ် တစ်ခုခုဖြစ်မြဲပင်တည်း။

အထက်မှာဆိုခဲ့သလို စိတ်ဆိုးခြင်း၊ ရန်ဖြစ်ခြင်းစသည်ဖြစ်လျှင် ဒေါသဖြစ်၏။ သူတစ်ပါးပစ္စည်းကို မတရားလိုချင်ခြင်း စသည်ဖြစ်လျှင် လောဘတည်း။ မိမိတို့မှာ ထိုသို့သော လောဘ၊ ဒေါသတို့ မရှိကြ။ စိတ်ဆိုး စိတ်ယုတ်မာတို့ မရှိကြ။ ထို့ကြောင့် မကောင်းမှု အကုသိုလ်ကံတို့ မဖြစ်ဟူ၍ ထင်ကြ၏။ လောဘ၊ ဒေါသတို့သည်သာ အကုသိုလ်ကံများ မဟုတ်ကြ။ 
 
မသိခြင်း=မောဟ သည်လည်း အကုသိုလ်ကံပင်တည်း။ သို့ဖြစ်၍ မိမိမှာ လောဘ၊ ဒေါသ တရားတို့လို သိသာထင်ရှားစွာ မဖြစ်ဘဲ၊ ကျန်သော အချိန်၊ ဘယ်အရာဟု အတိအကျ မရှိသော ဝေလေလေ အချိန်များတွင်လည်း မောဟ အကုသိုလ်ကံ ဖြစ်နေသည်ဟု မှတ်ရပေမည်။ အတိအကျ ဆိုရသော် မိမိမှာ ကုသိုလ်ဖြစ်နေသလား၊ မဖြစ်သလားကိုသာ အဓိက ကြည့်ရပေမည်။ တစ်နေ့လုံးတွင် မိမိမှာ ကုသိုလ်မဖြစ်ဘူးဆိုလျှင် သေချာပေါက် အဲဒီအချိန်တွင် အကုသိုလ် ဖြစ်နေသည်ဟု တထစ်ကျ နားလည် သဘောပေါက်ရမည်။ ဤသို့ဆိုလျှင် လောကလူတို့တွင် ကုသိုလ်၊ အကုသိုလ် (၂)မျိုးတွင် အကုသိုလ်ဖြစ်သူများနေကြောင်း တွေ့မြင် သဘောပေါက် ကြပါလိမ့်မည်။

♦ ဓမ္မယတြာ ♦
-------------------------
အကယ်၍ မိမိမှာ မလိုလားအပ်သော ဘေးဆိုး၊ ကပ်ဆိုး၊ အန္တရာယ်ဆိုး၊ ရောဂါဆိုး တစ်မျိုးမျိုးကျရောက်လာလျှင် ကံနိမ့်နေပေပြီဟုကား လူတိုင်း သိကြပါ၏။ သို့သော် ထိုသို့သော အခြေအနေကို မည်သို့သောနည်းဖြင့် ကျော်လွှား လွန်မြောက်ရန် ပြုလုပ်ရမည်ကို နားမလည်ကြပေ။ ထို့ကြောင့် အားကိုးရှာမှားကာ ဗေဒင်ယတြာကို အားကိုးကြရခြင်း ဖြစ်ပါ၏။ ထိုယတြာသည် ဓမ္မနည်းကျကျဆိုလျှင် တော်ပါသေး၏။ ဓမ္မနည်းလမ်းမကျ၍ အပြစ်ရှိသော ယတြာချေနည်း ဖြစ်လျှင် ခက်ရချည်ရဲ့။

ဆိုလိုသည်မှာ မူလကမှ ကုသိုလ်ကံကနည်း၊ အကုသိုလ်ကံက များနေ၍ ကံနိမ့်ပြီး၊ မကောင်းသောအကျိုးပေးများ ကျရောက်နေရချိန်၊ ယတြာအချေမတတ်၍ အပြစ်ရှိသော ယတြာကိုသာ ထပ်မံပြုလုပ်မိပါက “ဗူးလေးရာ ဖရုံဆင့်” သလို ဖြစ်နေ၍ “ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ” ကိန်းဆိုက်ရောက်ပေတော့မည်။ မကောင်းသောကံကြမ္မာဆိုးများကို လက်ယက်ခေါ်သလို ဖြစ်နေပေတော့မည်သာတည်း။

ဗုဒ္ဓနည်းကျ ဓမ္မယတြာ ဟူသည် အခြားမဟုတ်ပေ။ ကံနိမ့်လျှင် ကံမြင့်အောင် ကံဆင့်ပေးရမည် ဖြစ်ပါ၏။ ကံဆင့်ခြင်းဟူသည် နိမ့်နေသော၊ နည်းနေသော ကုသိုလ်ကံတို့ မြင့်မားလာအောင်၊ တိုးပွါးလာအောင်၊ များပြားလာအောင် ထပ်မံပြုလုပ်ပေးခြင်းပင် ဖြစ်၏။ ဒါနမှု၊ သီလမှု၊ ဘာဝနာမှုကို ကြီးကြီးကျယ်ကျယ် ပြုလုပ်နိုင်လျှင် အကောင်းဆုံးတည်း။ အကြောင်းမညီညွတ်၍ ကြီးကြီးကျယ်ကျယ် မပြုလုပ်နိုင်လျှင်လည်း ကိစ္စမရှိ။ ဥပမာ.. အဓိဋ္ဌာန်ဖြင့် ပုတီးစိပ်ခြင်း၊ တရားထိုင်ခြင်း၊ ပရိတ်တရားတော် ရွတ်ဖတ်ခြင်း၊ ဘုရားရှိခိုးခြင်း စသည်တို့ကို မိမိတတ်နိုင်သမျှ ပြုလုပ်နိုင်၏။ 
 
ထိုသို့သော အခြေအနေဆိုး တစ်မျိုးမျိုးနှင့် ကြုံတွေ့လာရပြီဆိုလျှင်၊ ကံနိမ့်သော အနေအထားမျိုး တွေ့မြင်လာရပြီဆိုလျှင် မိမိမှာ ကုသိုလ်ကံတို့ နည်းနေပြီ။ ရှိနှင့်ပြီးသော ကုသိုလ်တို့ဖြင့် လုံလောက်မှု မရှိတော့။ အခါတိုင်းထက်ပိုပြီး ကုသိုလ်ကောင်းမှုကို ပြုလုပ်ပေးဖို့လိုနေပြီ ဆိုသည်ကို သဘောပေါက်နားလည်ရပေမည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ကုသိုလ်ကံအရှိန်အ၀ါ ကြီးမားလာလျှင် အကုသိုလ်ကံတို့သည် ရှောင်ခွါအဝေး ပြေးရမြဲ ဓမ္မတာပင်တည်း။

♦ အဘိဓမ္မာအမြင် ♦
------------------------
အဘိဓမ္မာအမြင်ဖြင့် သုံးသပ်ရသော် ကုသိုလ်ကံနှင့် အကုသိုလ်ကံတို့၏ အကျိုးပေးသည် အင်းအားကြီးသောကံက အရင်အကျိုးပေးမြဲဓမ္မတာတည်း။ ကောင်းပြီ၊ ‘ကံ(၂)မျိုးလုံးသည် သူမသာ ကိုယ်မသာ အင်းအားညီမျှနေလျှင်ကော’ ဟု မေးစရာရှိ၏။ ထိုသို့သော အခြေအနေမျိုးဆိုလျှင် ကုသိုလ်ကံက သာမြဲ၊ အင်းအားကြီးမြဲ၊ အရင်အကျိုးပေးမြဲတည်း။

အဘယ့်ကြောင့်ဤသို့ဆိုရသနည်းဟူမူ..ကုသိုလ်ကံ၏သဘောတရားကို အဘိဓမ္မာ(၇)ကျမ်း၌ ပါဝင်သော ဓမ္မသင်္ဂဏီ ပါဠိတော်တွင် ဘုရားရှင်က “ကုသလံ အန၀ဇ္ဇသုခ၀ိပါက လက္ခဏာ၊ အကုသလ ၀ိဒ္ဓံသန ရသာ။” စသည်ဖြင့် ဟောထားပါသည်။ ကုသိုလ်ကံ(ကုသိုလ်) ဟူသည် အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကို ပေးတတ်ခြင်း လက္ခဏာရှိ၏။ အကုသိုလ်၏ အကျိုးပေးဖြစ်သော မကောင်းသော ဘေးဆိုး၊ ကပ်ဆိုး၊ အန္တရာယ်ဆိုး၊ ရောဂါဆိုးများ ကျရောက်ခြင်းတို့ကို တားဆီးခြင်း၊ ပယ်မြစ်ခြင်း၊ ဖျောက်ဖျက်နိုင်ခြင်း အစွမ်းသတ္တိရှိ၏ ဟူ၍ အဓိပ္ပါယ်ရပါသည်။

ဆိုလိုသည်မှာ ကုသိုလ်သည် ကောင်းသောအလုပ်ဖြစ်၏။ ထိုသို့ ကောင်းသောအလုပ်ဖြစ်၍ အပြစ်မရှိ။ မည်သူ့ကိုမျှ မထိခိုက်ပေ။ ကောင်းသောအလုပ်ဖြစ်၍ ကောင်းသောအကျိုးဖြစ်သည့် ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ အန္တရာယ်ကင်း ဘေးကင်းခြင်း၊ လိုအင်ဆန္ဒ ပြည့်ဝခြင်း စသောအကျိုးတို့ကို ရရှိစေနိုင်ပါ၏။ မိမိမှာ ကုသိုလ်ကံအားကြီးနေလျှင် အကုသိုလ်ကံများ ရှိနေဦးတော့ အကျိုးပေးနိုင်စွမ်း မရှိတော့ပေ။ ကုသိုလ်ကံ၏ တားဆီး ပယ်သတ်မှုကြောင့် သေးငယ်သော အကုသိုလ်ကံများဖြစ်လျှင် လုံးဝကွယ်ပျောက်၍ အကျိုးမပေးနိုင်တော့သော “အဟောသိကံ” ဖြစ်သွားလေ၏။ ကြီးမားသောအကုသိုလ်ကံများဖြစ်လျှင် ချက်ချင်း အကျိုးမပေးနိုင်အောင်၊ ကြီးသည့်အမှု သေးအောင်၊ သေးသည့်အမှု ပပျောက်အောင် ကုသိုလ်ကံက ပြုလုပ်နိုင်စွမ်း ရှိကြောင်း ယုံကြည်ကြပါကုန်။

သို့သော်လည်း ပဉ္စာန န္တရိယကံ (၁။အမိသတ်ခြင်း။ ၂။အဖသတ်ခြင်း။ ၃။ရဟန္တာသတ်ခြင်း။ ၄။ဘုရားရှင်ကို သွေးထွက်သံယိုဖြစ်အောင် ပြုလုပ်ခြင်း။ ၅။သံဃာဂိုဏ်းကွဲအောင် ပြုလုပ်ခြင်။) ဟူသော ကြီးလေးသောကံများကို ကျူးလွန်မိသောသူသည်ကား ထိုအကုသိုလ်ကံတို့ကို ကုသိုလ်ကံတို့ဖြင့် ပယ်သတ်ခြင်း၊ တားမြစ်ခြင်းငှါ မတတ်စွမ်းနိုင်တော့ကြောင်းလည်း နားလည်ကြရပေမည်။

♦ သမ္မပ္ပဓါန် ဖြစ်အောင်လုပ်နည်း ♦
-----------------------------------
ပိဋကတ်(၃)ပုံကို အနှစ်ချုပ်လျှင် ဗောဓိပက္ခိယတရား (၃၇)ပါးသာရှိကြောင်း ဗုဒ္ဓစာပေ လေ့လာသူတိုင်း နားလည်သဘောပေါက်ပြီး ဖြစ်ပါလိမ့်မည်။ ဗောဓိပက္ခိယတရားဟူသည် ဗောဓိဉာဏ်၏ အသင်းဝင်တရား၊ ဗောဓိဟူသော မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကို ရရှိစေနိုင်သော တရား(၃၇)ပါးဟု အဓိပ္ပါယ်ရ၏။ ထိုတွင် ပထမကား သတိပဋ္ဌာန်တရား(၄)ပါး၊ နှစ်ခုမြောက်ကား ယခုဆိုလတံ့သော သမ္မပ္ပဓါန်တရား (၄)ပါးပင်တည်း။ သမ္မပ္ပဓါန=သမ္မပ္ပဓါန်ဟူသည် ကြိုးစားအားထုတ်ကြောင်းတရား ဟုဆိုလိုပါ၏။ အရကောက်ယူသော် လုံ့လ ကြိုးကုတ် အားထုတ်မှု ၀ီရိယပင်တည်း။
ထို(၄)ပါးကား…

၁။ မပြုလုပ်ရသေးသော မကောင်းမှု အကုသိုလ်တရားတို့ကို မပြုလုပ်မိစေရန် ကြိုးစား ရှောင်ကြဉ်ရမည်။
၂။ မပြုလုပ်ရသေးသော ကောင်းမှု ကုသိုလ်တရားတို့ကို ကြိုးစားပြုလုပ်ရမည်။
၃။ ပြုလုပ်ပြီးသော မကောင်းမှု အကုသိုလ်တရားတို့ကို မေ့ဖျောက်ပစ်ရမည်။
၎။ ပြုလုပ်ပြီးသော ကောင်းမှု ကုသိုလ်တရားတို့ကို တိုးပွါးအောင် ကြိုးစား၍ မပြတ်သတိရ အောက်မေ့နေရမည်။ ဤကား သမ္မပ္ပဓါန်တရား (၄)ပါး၏ သရုပ်ပင် ဖြစ်ပါသည်။ (သမ္မပ္ပဓါန၀ိဘင်း၊ အဘိ၊၂။ ပါ၊ ၂၁၆။)

ဤနေရာ၌ ဗုဒ္ဓဆိုလိုသော အဓိပ္ပါယကို အလွယ်မှတ်ရန်မှာ ကုသိုလ်နှင့်ပါတ်သက်၍ (၂)ချက်၊ အကုသိုလ်နှင့် ပါတ်သက်၍ (၂)ချက် မှတ်ရပါမည်။ အကုသိုလ်(၂)ချက်တွင်လည်း အတိတ်က ပြုခဲ့ပြီးသော အကုသိုလ်နှင့် မပြုလုပ်ရသေားသော အနာဂတ် အကုသိုလ်ဟူ၍ ခွဲခြားမှတ်သားပါလေ။ ထို့အတူ ကုသိုလ်သည်လည်း အတိတ်က ပြုခဲ့ပြီးသော ကုသိုလ်နှင့် မပြုလုပ်ရသေားသော အနာဂတ် ကုသိုလ်ဟူ၍ ရှိကြသည်သာတည်း။ ထိုတွင် အနာဂတ်တွင် မပြုလုပ်ရသေးသည့် အကုသိုလ်နှင့် ကုသိုလ်များသည် မကြုံတွေ့ရသေး။ မပြုလုပ်ရသေး၍ ကြုံလာလျှင် အကုသိုလ်ဖြစ်လျှင် ရှောင်ကြဉ်နိုင်အောင် ကြိုးစားရမည်။ ကုသိုလ်ဖြစ်လျှင် ပြုလုပ်ဖြစ်အောင် ကြိုးစားရမည်။ ထို့ကြောင့် အနာဂတ် အကြောင်းအရာနှင့် ပါတ်သက်၍ အထူးရှင်းပြဖွယ် လိုမည်မထင်ပေ။

အတိတ်အကြောင်းဖြစ်သည့် ပြုလုပ်ခဲ့ပြီးသော အကုသိုလ်ဖြစ်လျှင် ကြိုးစား မေ့ဖျောက်ပစ်ရမည်။ ကုသိုလ်ဖြစ်လျှင် အမြဲသတိရနေအောင် ကြိုးစားရမည်။ အဘယ့်ကြောင့် ဤသို့ဆိုသနည်းဟူမူ ကုသိုလ်ဖြစ်စေ၊ အကုသိုလ်ဖြစ်စေ အမြဲသတိရနေလျှင် ထိုကုသိုလ်ကံ၊ အကုသိုလ်ကံတို့သည် တိုပွါးလာမြဲ ဓမ္မတာပင်တည်း။ သတိမရလျှင် မတိုးပွါးတော့ပေ။ ထို့ကြောင့် ‘အကုသိုလ်ဖြစ်လျှင် မေ့ပစ်၊ ကုသိုလ်ဖြစ်လျှင် အမြဲသတိရနေ’ ဟုဆိုခြင်း ဖြစ်ပါသည်။
မိမိပြုလုပ်ခဲ့ပြီးသော ကံပျက်ပျယ်စေရန်၊ သို့မဟုတ် လျော့ပါးစေရန်အတွက် သမ္မပ္ပဓါန်ဖြစ်အောင် ပြုလုပ်ရမည်မှာ……

၁။ လုပ်မိသည့်၊ သတ်မိသည့်ကိစ္စ၊ အကုသိုလ် အပြစ်များကို မေ့ပျောက်ပစ်ရန် ကြိုးစားရမည်။ မေ့ပစ်ရမည်။ စိတ်ထဲမှာ လုံးဝသတိမရလျှင် အကုသိုလ်ထပ်မပွါးပေ။ သတိရလျှင် သတိရတိုင်း ကိုယ်လုပ်ခဲ့သော အပြစ်များ၊ အကုသိုလ်များ ပို၍ပို၍ တိုးပွါးလာလေသည်။ သတိမရလျှင် တစ်ခါထဲပြတ်လေ၏။

၂။ ကုသိုလ်ကောင်းမှုကို မျာများပြုလုပ်ပေးရမည်။ ထိုမိမိပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှုကို ထပ်ခါထပ်ခါ သတိရနေရမည်။ အထုံများလျှင် ကုသိုလ်များ တိုးပွါးလာ၍ “ရေများ ရေနိုင်၊ မီးများမီးနိုင်” ဆိုသကဲ့သို့ အကုသိုလ်များ ခေါင်းမထောင်နိုင်ပါချေ။
ဤနေရာ၌ ပိုမို ရှင်းလင်းစွာ နားလည်စေရန် သက်သေ သာဓကများနှင့်တကွ ရှင်းလင်းပြပါမည်။

♦ သာဓက(၁) ♦
-----------------------
အနှစ်(၆၀)ကြာတရားအားထုတ်ခဲ့သော တောနေရဟန်း။ ။
တစ်ချိန်က တောထွက်ကာ တရားအားထုတ်နေသော ရဟန်းကြီး တစ်ပါးရှိခဲ့ပါ၏။ သူသည် တောထွက်ကာ တရားအားထုတ်လာသည်မှာ နှစ်ပေါင်း(၆၀)ပင် ကြာလာခဲ့ပေပြီ။ သို့သော် ပါရမီမရင့်ကျတ်သေး၍ တရားထူးကား မရရှိခဲ့ပေ။ တစ်နေ့သောအခါ အစားအစာအတွက် သစ်သီးသစ်ဥ ရှာဖွေထွက်ရာမှ အပြန်တွင် မိုးကြီးစွာ ရွာချခဲ့၏။ တောင်ကျချောင်းရေ ထိုးဆင်းလာသောအခါ ရဟန်းကြီးလည်း ထိုတောင်ကျရေနှင့် မျှောပါသွား၍ ကြောက်လန့်တကြား ဆွဲမိဆွဲရာ ဆွဲကိုင်လိုက်ရာ သစ်ကိုင်းတစ်ခုကို ဆွဲမိပြီး၊ အသက်ဘေးမကာှး လွတ်မြောက်ခဲ့ပါ၏။ သို့သော် သူဆွဲကိုင်မိသော သစ်ကိုင်းမှာ ကျိုးပဲ့သွားခဲ့သောကြာင့် ရဟန်းကြီးမှာ အာပတ် အပြစ်သင့်ခဲ့လေသည်။

သူ၏ဘ၀၀ယ် တစ်စုံတစ်ခုသော အပြစ်မျှ မကျူးလွန်ခဲ့ဘူးသောကြောင့် ထိုသေးငယ်သော အပြစ်လေးသည် သူ့အတွက်မူ ကြီးလေးသော အပြစ်ကြီးအဖြစ် သူ၏စိတ်ဝယ် ထင်နေ၏။ ထို့ကြောင့် နေ့စဉ်နေ့တိုင်းပင် ထိုအပြစ်ကို တွေးမြင်ကာ စိတ်မချမ်းမသာ ဖြစ်နေ၏။ ထိုအပြစ်လေးသည် ၀ိနည်းအပြစ်ဖြစ်သော်လည်း ကြီးမားသောအပြစ်ကား မဟုတ်ပေ။ အခြားသော ရဟန်းတစ်ပါးပါး ရှိပါလျှင် ဒေသနာကြားခြင်းဟူသော အာပတ်ဖြေခြင်းကို ပြုလုပ်ကာ ပြေပျောက်နိုင်သော အပြစ်ဖြစ်ပါ၏။ သို့သော် သူ၏အနားဝယ် ဒေသနာကြားရန်အတွက် ရဟန်းတစ်ပါးတလေမျှ မရှိခြင်းပင်တည်း။ ဤသို့အားဖြင့် ထိုရဟန်းကြီးသည် ထိုအာပတ်ဖြင့် စုတေသေလွန်သောအခါ တိရစ္ဆာန်မြွေဘ၀၀ယ် (၇)ရက်တာမျှ ဖြစ်ခဲ့ရလေ၏။

ဤဇာတ်တော်ကို ပြန်လည်သုံးသပ်ရလျှင် ထိုရဟန်းကြီးသည် သူကျူးလွန်ခဲ့သော အပြစ်သက်သက်ကြောင့် တိရစ္ဆာန်ဘ၀ ရောက်ခဲ့ရခြင်းကား မဟုတ်ပါပေ။ ထိုသေးငယ်သော အပြစ်လေးကို မကုစား မပယ်ဖျောက်နိုင်ခြင်း၊ ထိုအပြစ်လေးကို အမြဲသတိရကာ နှလုံးမသာမယာ (၀ိပ္ပဋိသာရ၊ ကုက္ကုစ္စ) ဖြစ်နေခြင်းတို့ကြောင့် ထိုသေးငယ်သော အပြစ်လေးသည် ကြီးမားအစွမ်းထက်လာကာ အကျိုးပေးနိုင်သောကံအဖြစ်သို့ ရောက်ရှိုလာခြင်း ဖြစ်ပါသည်။

♦ သာဓက(၂) ဘာသာခြား ကိုးကွယ်သော ဗေဒင်တတ် ပုဏ္ဏားကြီး ♦
---------------------------------------------------------------------
ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က ဗေဒင်အရာတွင် တစ်ဖက်ကမ်းခတ် တတ်ကျွမ်းသော ပုဏ္ဏားးလင်မယား(၂)ယောက်ရှိ၏။ အသက်အရွယ်ရလာသော တစ်နေ့တွင် ပုဏ္ဏားကြီးသည် သူ၏ကံဇာတာကို သူကိုယ်တိုင် ပြန်လည် စစ်ဆေးကြည့်ခဲ့၏။ သူမကြာခင် အချိန်ကာလတွင် သေရမည်ကို တွေ့ရှိသိမြင်ခဲ့လေ၏။ ပုဏ္ဏေးးမကို ပြော၍ သူ၏ဇာတာ ကံကြမ္မာကို ကူညီစစ်ဆေး ကြည့်ခိုင်းသောအခါတွင်လည်း အဖြေကား အတူတူသာတည်း။ 
 
သူတို့တတ်သော ဗေဒင်ပညာဖြင့် ပုဏ္ဏားးကြီး မကြာခင် သေမည်ကိုကား သိ၏။ သို့သော် သေပြီးနောက် ဘာဆက်ဖြစ်မည်ကို မသိပေ။ ထိုမသိသောအရာကို သိချင်သောကြောင့် မြတ်စွာဘုရားထံသို့ ရောက်လာကာ လျှောက်ထားမေးမြန်းလေ၏။
ဘုရားရှင်ကလည်း “ပုဏ္ဏားကြီးသည် မကြာခင် သေလိမ့်မည်၏ သေပြီးနောက် မျောက်ဖြစ်လိမ့်မည်”ဟု ဟောတော်မူလိုက်၏။ ပုဏ္ဏားလင်မယားသည် အိမ်သို့ပြန်လာကာ တိုင်ပင်ကြ၏။ 
 
ပုဏ္ဏားကြီး သေပြီးနောက် မျောက်ဘ၀ရောက်သောအခါ နေစရာ၊ စားစရာစသည်တို့ အဆင်ပြေစေရန် တောအုပ်တစ်ခုတွင် ဥယျာဉ်ကြီး ပြုလုပ်ခဲ့လေသည်။ ထိုဥယျာဉ်တွင် နေစရာဇရပ်၊ စားစရာ ငှက်ပျောစသော စားပင်များ၊ သောက်စရာ ရေတွင်း ရေကန်များပါ ပြုလပ်ခဲ့လေသည်။ ထိုသို့ဖြင့် ပုဏ္ဏားကြီး သေမည်ဆိုသောအချိန်သို့ ရောက်လာ၏။ သို့သော် ပုဏ္ဏားကြီးကား မသေခဲ့ပေ။

ထို့သို့ဖြစ်လာသောအခါ မိမိတို့ဗေဒင် မှားယွင်းကြောင်းကိုတော့ သတိမရနိုင်။ ‘မြတ်စွာဘုရားဟောတာ မှားတယ်။ တို့မြတ်စွာဘုရားကို မုသာဝါဒ(လိမ်ပြောမှု)နှင့် စွပ်စွဲကြစို့’ဟု တိုင်ပင်ပြီး ကျောင်းတော်သို့ သွားကာ စွပ်စွဲတော့၏။ မြတ်စွာဘုရားရှင်က “ပုဏ္ဏားကြီး၊ အမှန်စင်စစ် အဲဒီအချိန်တွင် သင်သေရမည်ပင်။ သို့သော် သင်မသေခဲ့ခြင်း အကြောင်းကား သင်သည် တစ်ခုခုသော ကုသိုလ်ကံ (ကောင်းသော အလုပ်)ကို ပြုလုပ်ခဲ့ပါလိမ့်မည်။ သင် ဘာလုပ်ခဲ့ပါသနည်း” ဟု မေးမြန်းခဲ့၏။ ထိုအခါ ပုဏ္ဏားကြီး ပြန်ဖြေသည်ကား “မည်သည့် ကုသိုလ်ကောင်းမှုကိုမျှ မလုပ်ခဲ့ပါ။ သို့သော် သူလုပ်ခဲ့တာ တစ်ခုကား မျောက်ဘ၀ရောက်လျှင် စားဖို့ နေဖို့အတွက် ဥယျာဉ်တည်ခြင်း၊ ဇရပ်ဆောက်ခြင်း၊ ရေတွင်းရေကန်တူးခြင်း စသည်တို့ကိုကား ပြုလုပ်ခဲ့ပါ၏” ဟု ပြန်လည် လျှောက်ထားခဲ့လေသည်။

ထိုအခါ မြတ်စွာဘုရားက ပြန်လည်ရှင်းပြခဲ့လေသည် “ပုဏ္ဏားကြီး၊ သင်ကတော့ မျောက်ဘ၀ရောက်လျှင် စားသောက်နေထိုင်ရန်အတွက် ပြုလုပ်ခြင်းဖြစ်သော်လည်း ထိုအလုပ်သည် ကောင်းသောအလုပ်( ကုသိုလ်ကံ) ဖြစ်၏။ ထိုသင်ပြုလုပ်ခဲ့သော ဥယျာဉ်တွင် ခရီးသွားများအတွက် တည်းခိုစရာ၊ နားနေစရာ၊ စားသောက် အပန်းဖြေစရာ ဖြစ်ခဲ့၏။ ထိုကုသိုလ်ကံ၏ အကျိုးကြောင့် သင်ပုဏ္ဏားကြီးသည် မသေဘဲ အသက်ရှည်ရခြင်းဖြစ်ကြောင်း” ရှင်းပြခဲ့လေသည်။

ဤသာဓကတွင် ပုဏ္ဏားကြီးပြုလုပ်ခဲ့သောကံသည် ကုသိုလ်ကံ အမည်ရရုံသာတည်း။ အဘယ့်ကြောင့်ဆိုသော် ယုံကြည်မှု (သဒ္ဓါတရား)၊ ကမ္မဿကတာဉာဏ် (ကံ ကံ၏အကျိုးကို သိနားလည်ခြင်း) မပါဘဲ ပြုလုပ်ခဲ့သောကြာင့်ပင် ဖြစ်ပါသည်။ ထိုကဲ့သို့ ကုသိုလ်မည်ကာမျှသာ ဖြစ်သော ကုသိုလ်ကောင်းမှုသည်ပင် အသက်မသေအောင် အကျိုးပေးနိုင်သည်ဆိုလျှင် ယုံကြည်မှု (သဒ္ဓါတရား)၊ ကမ္မဿကတာဉာဏ် (ကံ ကံ၏အကျိုးကို သိနားလည်ခြင်း) တို့နှင့် အတူတကွ ပြုလုပ်သော ဗုဒ္ဓဘာသာဝင်တို့၏ ကုသိုလ်ကောင်မှုသည် မည်မျှအထိ အကျိုးပိုများမည်ကို တွေးကြည့်ရုံနှင့် နားလည်သဘောပေါက်နိုင်ပါသည်။

♦ သာဓက(၃) အင်္ဂုလိမာလ၏ အကုသိုလ်ကံတို့ အဟောသိကံ ဖြစ်ပုံ♦
----------------------------------------------------------------------------
လူပေါင်းများစွာကို သတ်၊ လက်ညိုးများကို ဖြတ်ယူပြီး၊ ပန်းကုံးပြုလုပ်လျက် စုဆောင်း၍ လက်ညိုးပေါင်း တစ်ထောင်ပြည့်လျှင် ဆရာကို ကန်တော့မည့် လူဆိုးလူမိုက်ကြီး အင်္ဂုလိမာလ အကြောင်းကို လူတိုင်းကြားဖူးကြမည် ထင်ပါသည်။ သို့ဖြစ်၍ ဤဇာတ်တော်ကို အကျယ်မပြတော့ပြီ။
ဤဇာတ်တော်ကိုကြည့်လျှင် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သော အင်္ဂုလိမာလသည် အဆုံးတွင် ဘုရားနှင့်တွေ့ပြီး၊ တရားထူးရကာ ရဟန္တာဖြစ်ခဲ့လေသည်။

သူပြုလုပ်ခဲ့သော (လူသတ်မှု) အကုသိုလ်အပြစ်တို့သည် ဘယ်သို့ရောက်သွားသနည်း။ အဘယ်ကြောင့် အကျိုးမပေးတော့ဘဲ၊ အဘယ်သို့သောနည်းဖြင့် အဟာသိကံ (အကျိုးပေးနိုင်စွမ်း မရှိတော့ဘဲ အချည်းနှီးဖြစ်သွားသောကံ) ဖြစ်သွားရသနည်း။ စဉ်းစားသင့်သောအချက် ဖြစ်ပါ၏။

အကြောင်းကား အင်္ဂုလိမာလသည် ပါရမီပြည့်ပြီးသော ပစ္ဆိမဘ၀ိကပုဂ္ဂိလ် (ဤဘ၀သည် သူ၏ နောက်ဆုံးဘ၀ဖြစ်ကာ ရဟန္တာဖြစ်မည့်ပုဂ္ဂိုလ်) ဖြစ်၏။ ထို့ကြောင့် သူသည် ဘုရားရှင်၏ တရားတော်ကို နာယူပြီးသည်နှင့် တပြိုင်နက် ရဟန္တာဖြစ်ခဲ့လေသည်။ သူရရှိခဲ့သော တရားထူး အရဟတ္တမဂ်က သူပြုလုပ်ခဲ့သော (လူသတ်မှု) အကုသိုလ်အပြစ်တို့ကို အကြွင်းမဲ့ ပယ်သတ်လိုက်သောကြောင့် ထိုအကုသိုလ်ကံတို့သည် အဟာသိကံ ဖြစ်သွားခဲ့ခြင်း ဖြစ်ပါသည်။
စာပေစကားဖြင့်ပြောရလျှင် သမုစ္ဆေဒပဟာန်ဖြင့် ပယ်သတ်လိုက်ခြင်းကြောင့်ပင်တည်း။

♦ ပယ်သတ်နည်း(၃)မျိုး ♦
----------------------------
ဤနေရာတွင် ကုသိုလ်ကံတို့၏ ပယ်သတ်နည်း(၃)မျိုးကို နားလည်ရန် လိုမည်ထင်ပါ၏။
၎င်းတို့မှာ..
၁။ တဒင်္ဂပဟာန်ဖြင့် ပယ်သတ်ခြင်း။
၂။ ၀ိက္ခ မ္ဘနပဟာန်ဖြင့် ပယ်သတ်ခြင်း။
၃။ သမုစ္ဆေဒပဟာန်ဖြင့် ပယ်သတ်ခြင်းဟူ၍ ပယ်သတ်နည်း(၃)မျိုးရှိပါသည်။

၁။ တဒင်္ဂပဟာန်ဖြင့် ပယ်သတ်ခြင်း။ ။
ဥပမာ။ ။တရားထိုင်နေသောသူသည် တရားထိုင်နေစဉ် သမာဓိရ၍တည်ငြိမ်နေလျှင် ထိုသမာဓိရနေသမျှကာလပတ်လုံး လောဘ၊ ဒေါသ၊ မောဟ စသောအကုသိုလ်တရားတို့ မရှိ။ မလာတော့ပေ။ ပယ်သတ်ပြီး ဖြစ်တော့၏။ ထိုနည်းတူ ဘုရားရှိခိုးခြင်း၊ တရားနာခြင်း၊ ပုတီးစိပ်ခြင်း စသည်တို့ကို ပြုလုပ်ရာတွင် မိမိစိတ်သည် ဘုရားအပေါ် ကြည်ညိုသောစိတ်၊ တရားအပေါ် ၀ပ်းမြောက်မှု ပီတိစိတ် စသော ကုသိုလ်စိတ်ဖြစ်နေသမျှ အကုသိုလ်အပြစ်များကို ကာမာဝစရကုသိုလ်ကံက တဒင်္ဂ ပယ်သတ်ပြီးဖြစ်ကြောင်း မှတ်ယူနိုင်ပါ၏။ ဤနည်းဖြင့် ပယ်သတ်ခြင်းကို တဒင်္ဂပဟာန်ဖြင့် ပယ်သတ်ခြင်းဟု ခေါ်ပါသည်။

၂။ ၀ိက္ခ မ္ဘနပဟာန်ဖြင့် ပယ်သတ်ခြင်း။
တရားအားထုတ်၍ ဈာန်တရားများရရှိသောသူသည် ထိုဈာန်တရားဖြစ်နေသမျှ
ကာလပတ်လုံး လောဘ၊ ဒေါသ၊ မောဟ စသော
အကုသိုလ်တရားတို့ မရှိ။ မလာတော့ပေ။ ပယ်သတ်ပြီး ဖြစ်တော့၏။ ဈာန်တရားဟူသော မဟဂ္ဂုတ်ကုသိုလ်ကံက ထိုအကုသိုလ်အပြစ်တို့ကို ၀ိက္ခ မ္ဘန ပဟာန်ဖြင့် ပယ်သတ်လိုက်သောကြောင့် ဖြစ်ပါသည်။ ဤနည်းဖြင့် ပယ်သတ်ခြင်းကို ၀ိက္ခ မ္ဘန ပဟာန်ဖြင့် ပယ်သတ်ခြင်းဟု ခေါ်ပါသည်။

၃။ သမုစ္ဆေဒပဟာန်ဖြင့် ပယ်သတ်ခြင်း။
အင်္ဂုလိမာလ ကဲ့သို့ ရဟန္တာအားလုံးသည် သူတို့မှာရှိသော လောဘ၊ ဒေါသ၊ မောဟ စသော ကိလေသာ အကုသိုလ်တရားတို့ကို အရဟတ္တမဂ် (လောကုတ္တရာကုသိုလ်ကံ)က သမုစ္ဆေဒပဟာန်ဖြင့် အကြွင်းမဲ့ ပယ်သတ်လိုက်သောကြာင့် ဖြစ်ပါ၏။ ဤနည်းဖြင့် ပယ်သတ်ခြင်းကို သမုစ္ဆေဒပဟာန်ဖြင့် ပယ်သတ်ခြင်းဟု ခေါ်ပါသည်။

မိမိတို့သည် ပုထုဇဉ်များဖြစ်ကြ၍ မိမိတို့လုပ်နိုင်စွမ်းသော ကာမာဝစရ ကုသိုလ်ကံကို ပြုလုပ်ကာ တဒင်္ဂပဟာန်နည်းဖြင့်သာ မကောင်းမှု အကုသိုလ်ကို ပယ်သတ်နိုင်ကြပါ၏။ ဈာန်ရသူတို့လို ၀ိက္ခ မ္ဘနပဟာန်ဖြင့် ပယ်သတ်ခြင်း၊ ရဟန္တာတို့လို သမုစ္ဆေဒပဟာန်ဖြင့် ပယ်သတ်ခြင်းကိုကား ဤဘ၀တွင် ပြုလုပ်နိုင်စွမ်းမည် မဟုတ်ပါ။ (အချို့ပါရမီရင့်သန်သူ ဖြစ်လျှင် ပြုလုပ်နိုင်စွမ်းသည်သာ။) သို့သော် ထိုသို့ဖြစ်သည့်အတွက် ၀မ်းနည်းဖွယ် မရှိပါပေ။ မိမိတို့ ပယ်သတ်ခဲ့သော ထိုတဒင်္ဂလေးများသည် စုပေါင်းကာ များပြားလာလျှင် ကျန်းမာ ချမ်းသာ ဘေးရန်ကွာမှု၊ ချမ်းသာငြိမ်းအေးမှုတို့သည်လည်း များပြားလာမည်သာတည်း။

ပျားကောင်းလေးများ၊ ခြကောင်လေးများကို အတုယူကာ
ထိုသို့သော တဒင်္ဂလေးမှသည် ထာဝရအဆင့်သို့ရောက်အောင် မိမိ၏ပါရမီကုသိုလ်ကို အဆင့်မြှင့်၍ ရင့်သထက်ရင့်စေရန် ပါရမီဖြည့်ကျင့်ပြီး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကာ ထာဝရအေးငြိမ်းရာမှန် မြတ်နိဗ္ဗာန်သို့ ဧကန်မသွေ ရောက်ရှိစေနိုင်သော နည်းမှန်လမ်းမှန် ဖြစ်၍ ဘေးအန္တရာယ် ကင်းဝေးစေသည့် ဗုဒဒ္ဓအလိုကျ ဓမ္မယတြာမှန်ကို ကိုယ်စီကိုယ်ငှ ကြိုးစားပြုလုပ်နိုင်ကြပါစေဟု ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ပါသည်။ ။

[စာရေးသူ - အရှင်ဥက္ကံသ သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A.(Buddhism)]

ကျမ်းကိုး ။ ။နှစ်ဖက်လှ ဦးကျော်လွင် “ကျန်းမာရေးအတွက် မြတ်ဗုဒ္ဓဟောကြားချက်များ”
တောင်တန်းသာသနာပြုဆရာတော် ဦးဥတ္တမသာရ “အာပတ်နှင့် စုတေလျှင်”
အရှင်ဇနကာဘိဝံသ “အဘိဓမ္မတ္ထသင်္ဂဟ ဘာသာဋီကာ”
အဘိဓမ္မာ၊ ဓမ္မသင်္ဂဏီ အဋ္ဌကထာ၊ ဋီကာ။ ၀ိဘင်းအဋ္ဌကထာ၊ ဋီကာ။ ၀ိသုဒ္ဓိမဂ်။

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
 
                                                                                        လေးစားစွာဖြင့်    ....    မောင်မြင့်

တရားဦး ဥဒါန်း မော်ကွန်း (ဓမ္မစကြာ ၈)

copy from http://ashinsirinda.com/
jan 16 2010
" အပင်ရေ တစ်ဆယ်သာသာလေး ရှိတဲ့ ကိလေသာချုံပုတ်ကို အ၀ိဇ္ဇာ အကန်း ဦးဆောင်ရာ နောက်မှာ တစ်ယောက်ခါး တစ်ယောက် ဆွဲပြီး အထပ်ထပ် လှည့်ပတ်ရင်း သံသရာခရီး ရှည်နေကြ ရတယ်" ဆိုတာ မျက်စိမြင်တဲ့ ပုဂ္ဂိုလ်တွေ အဖို့တော့ ရည်စရာလို ဖြစ်နေမှာပေါ့။
ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)

တရားဦးကို နားနဲ့ သင်ယူတဲ့ ပရိယတ်ကို ပြုလုပ်ပြီး စိတ်က နှလုံးသွင်း ဆင်ခြင်တဲ့ ပဋိပတ် အလုပ်ကို သတိနဲ့ မပြတ် ဆင်ခြင် ကြိုးစား တဲ့ အတွက် ပဉ္စ ၀ဂ္ဂီ ငါးဦး ထဲက အကြီးဆုံး ဖြစ်တဲ့ အရှင်ကောဏ္ဍည သန္တာနှ်မှာ  ကိလေသာမြူ ကင်းစင်ပြီး " ဖြစ်ပေါ်လာသမျှ သင်္ခါရ ဓမ္မတို့ဆိုတာ ချုပ်ပျောက်သွားကြမြဲ ဓမ္မတာ ပါကလား" ဆိုတဲ့ တရားမျက်စိ လင်းလင်းကြီး ပွင့်သွားပါတော့တယ်။
ဒုက္ခိတ သတ္တ၀ါတို့အတွက် ဒုက္ခကင်းဝေးရာ နိရောဓပန်းတိုင်ဆီ လျှောက် လှမ်း နိုင်မယ့် မဇ္ဈိမလမ်းတော် ကြီးကို လေးသင်္ချေ ကမ္ဘာတစ်သိန်း ကာလကြာ အောင် ပါရမီရှင်က အရှင်ကောဏ္ဍည ပန်းတိုင်ကို ပထမဦးဆုံး ရောက်ရှိသွားတာ ကို သိလိုက်ရတော့ ဖြစ်ပေါ်လာတဲ့ မုဒိတာအဟုန်က ရင်ထဲမှာ မျိုသိပ်ထားဖို့ မဆံ့ တော့ တဲ့ အတွက်" အညာသိ ၀တ ဘော ကောဏ္ဍညော၊ အညာသိ ၀တ ဘော
ကေဏ္ဍညော= ကောဏ္ဍညတော့ သစ္စာတရားကို ဦးဦး ဖျားဖျား သိသွားပေါ့၊ ကောဏ္ဍညတော့ သစ္စာ တရားကို ဦးဦးဖျားဖျား သိသွားပေါ့"။ လို့ နှစ်ခွန်းဆင့် မြွက်ဆိုတကာ ဥဒါန်းကျူးလိုက်ပါတော့တယ်။ ဒီ ဥဒါန်းကြောင့်ပဲ အရှင်မြတ်ရဲ့ အမည်ဟာလည်း"အညာသိ ကောဏ္ဍည" ဆိုပြီး သာသနာ စဉ်ဆက်  မော်ကွန်း တွင်သွားပါတော့တယ်။

အရှင်ကောဏ္ဍည သစ္စာတရား သိသွားတယ် ဆိုတာ "သင်္ခါရတရားမှန်သမျှ ဖြစ်ပြီး ပျက်သွားတာပဲ" လို့ သိလိုက်တာ ဖြစ်တယ် ဆိုတော့ ပါးစပ်က "ဖြစ် ပျက်၊ ဖြစ် ပျက်" လို့ ရွတ်ဆို ရှုမှတ်နေကြသူတွေကတော့ "ဒါ လေးများ"လို့ အောက်မေ့ချင် စရာပေါ့။ အရှင်အညာသိ ကောဏ္ဍည သိတဲ့ "ဖြစ် ပျက်" ဆိုတာ ဘ၀ ပုစ္ဆာကို ကိုယ်တိုင် သတိပဋ္ဌာန် အလုပ်နဲ့ ပွားများ တွက်ချက်ပြီး ကျေကျေ နပ်နပ် သိမြင် ရရှိလိုက်တဲ့ အဖြေမှန် ဖြစ်ပါတယ်။ သူများ တွက်ချက်ထားတဲ့ အဖြေမှတ်ကို သံယောင်လိုက် ကူးချ ထားတဲ့ အဖြေမျိုး မဟုတ်ပါဘူး။
သတိပဋ္ဌာန် ပွားများတယ် ဆိုတာ " ဘာတံ ဘူတတော ပဿတိ= မိမိခန္ဓာမှာ  ထင်ရှားတွေ့ရှိတဲ့ အာရုံကို ထင်ရှားတွေ့ရှိတဲ့အတိုင်း သတိနဲ့ ရှုမှတ်ရ တာပါ။ ဒါကြောင့် စတင် ပွားများစမှာ အရှုခံက ထင်ရှားရာအာရုံ၊ ရှုတာက သတိဖြစ်ပါတယ်။ အထပ်ထပ် ရှုမှတ်မှု အကြိမ်များလာတဲ့ အခါမှာတော့ မှတ်သိဖြစ်တဲ့ နာမပညတ်တွေ ပျောက်ပြီး ခဏမစဲ ဖြစ်ပျက်ပြောင်းလဲနေတဲ့ သဘောကို ကိုယ်တိုင် သိမြင်လာပါတယ်။ အဲဒီအခါမှာ သိက္ခာသုံးပါးတို့ရဲ့ အထွက် အထိပ် ပညာသိက္ခာအဆင့် ရောက်လာပါပြီ၊  ဘာဝနာအနေနဲ့     ၀ိပဿနာဘာဝနာ ဖြစ်လာပါပြီ၊ ဒီ အဆင့်ကို "သင်္ခါရ အရှုခံနဲ့ ရှုဉာဏ်" လို့ ပြောကြတာပါ။
ဒီနေရာမှာ အထူးထပ်ပြီး ပြောချင်တာကတော့တရားကို စတင် အားထုတ် စမှာ " ဖြစ် ပျက်၊ ဖြစ် ပျက်" လို့ စိတ်ထဲက ရွတ်ဆိုပွားများခြင်းဟာ သူများတွက် ထား တဲ့ အဖြေမှန်ကို ကူးချထားတဲ့ အငှားသိချည်း ဖြစ်တဲ့အတွက် ပွားများလို့ မရဘူး ဆိုတဲ့အကြောင်း အထက်မှာ ပြောခဲ့ပါပြီ။ ဒီလို ပြောတဲ့အတွက်
"ဘုရား ရှင် ကိုယ်တိုင်က ´ဖြစ် ပျက်´ ရှုရမယ်လို့ မိန့်တော်မူတယ် မဟုတ်လား၊ ဘာကြောင့် ´ဖြစ် ပျက်´လို့  မရှုရမှာလဲ ဆိုပြီး စောဒက တက်ချင်စရာ ဖြစ်နေ တတ်ပါတယ်။
"ဖြစ် ပျက် ရှုရမယ်" ဆိုတဲ့  စကားဟာ အရပ်ထဲမှာ ပြောကြတဲ့ " ထမင်း ချက်ရမယ်" ဆိုတဲ့ စကားနဲ့ အလားတူပါတယ်။ " ထမင်းချက်ရမယ်"  ပြောလိုက် တဲ့အတွက် ထမင်းကို ချက်ရင် လူစာ ဖြစ်လာနိုင်မယ် မဟုတ်ပါဘူး။ အမှန်က တော့ ဆန်ကို ချက်ရတာပါ။ ဆန်ကို ထမင်း ဖြစ်အောင် ချက်လို့ ဆိုလိုရင်း ဖြစ် တယ် ဆိုတာ လူတိုင်း သိကြပါလိမ့်မယ်။ ဖြစ် ပျက် ရှု ဆိုတဲ့ စကားကလည်း အဲဒီသဘောပါပဲ။ ထင်ရှားရာ အာရုံတို့ကို ဖြစ်ပြီး ပျက်သွားတယ် ဆိုတဲ့ ကိုယ် ပိုင်အသိ ပေါ်လာအောင် ရှုလို့ ဆိုရတာပါ။
ကိုယ်ပိုင်ဉဏ်နဲ့ ဒုက္ခသစ္စာကို ပိုင်းခြားသိတယ် ဆိုတာ " အဆိပ် သောက် ရင် သေတတ်တယ်၊ အစာစားရင် အားဖြစ်တယ်" လို့ သိတဲ့ အသိမျိုး ဖြစ်ရပါ မယ်။ ဒီလို သိတဲ့ ပုဂ္ဂိုလ်က ဆာလောင်တဲ့ အခါတိုင်းလည်း အစာ အာဟာရကို သတိရသလို အဆိပ်ကိုလည်း ဘယ်တော့မှ သောက်စမ်းမကြည့် တော့ပါဘူး။ ဖြစ် ပျက်ကို တကယ် သိသူဟာလည်း ဖြစ်ပြီး ပျက်သွားတာက လွဲလို့ ဘာအနှစ်မှ မရှိ တော့တဲ့ အရာကို ဘယ်တော့မှ တွယ်တာဖြင်း မရှိပါဘူး။ ထင်လာသမျှ အာရုံ ကို သတိရှေ့သွားပြီး
ဝိပဿနာ အမြင်နဲ့သာ ကြည်လေ့ရှိတဲ့အတွက် ပျက်စီးကုန် ဆုံး တဲ့ အရာမှန်သမျှ"  ၀ိပဿ နာဉာဏ်အား" အနှစ်ကျန်အောင် ရယူ သွားကြမြဲ ဖြစ်ပါတယ်။
တရားသဘောကို သိမြင်ပြီးတဲ့ အရှင်အညာသိ ကောဏ္ဍည (သောတာပန်) ရဲ့ ဂုဏ်ရည်များကတော့ ---
ဝိရဇံ- အပါယ်လေးပါး လားစေတတ်တဲ့ ကိလေသာမြူ ကင်းသွားပြီ၊
ဝီတလမံ- အယူမှား၊ အယုံမှား ဆိုတဲ့ ဒိဋ္ဌိ ၀ိစိကိစ္ဆာ  တိမ်သလာ အညစ်အကြေး လုံးဝ ကင်းစင်ပြီ။
ဓမ္မစက္ခု ဥဒပါဒ- သိက္ခာသုံးပါး တစ်သားတည်း ဖြစ်သွားတဲ့ သောတာပတ္တိ ဉာဏ် မျက်စိ ပွင့်သွားပြီ ဖြစ်လို့ သင်္ခါရ မှန်သမျှ ဖြစ်ပြီး ချုပ်မြဲသာ ဆိုတဲ့ အသိ ခိုင်မြဲ သွားပြီ မျက်မြင် နားကြား စတဲ့ အာရုံများကို ထင်ထင်ရှားရှား သိသလို သစ္စာလေး ပါး ကိုလည်း ထင်ရှားပြည့်စုံ လွှမ်းခြုံ သိမြင်သွားပြီ ဖြစ်လို့ " ဘယ်လိုပါ လိမ့်၊ ဘာ လုပ်ရပါ့"  စတဲ့  သံသယ ခရီးခဲကိုလည်း လွန်မြောက်ပြီး စိတ်နှလုံး တုံးတုံးချ အေးမြသွားပါပြီ။
အယူမှား၊ အယုံမှား ဆိုတဲ့ သံသယ ခရီးခဲကြီးကို လွန်မြောက် တယ်ဆိုတာ ပုထုဇဉ် နယ်က အရိယာ နယ်ထဲ ကူးမြောက်သွားတာပါ၊ မဇ္ဈိမခရီးရဲ့ ပန်းတိုင် နယ်မြေထဲ ရောက်သွားတာပါပဲ။ ဒီအခါမှာ ဖြစ်ပေါ်လာတဲ့ လွန်မြောက်မှု အရသာ (၀ိမုတ္တိရသ)   နဲ့ ပတ်သက်လို့ ဘုရားရှင် ပေးတဲ့ ဥပမာ လေး ကတော့--
လူတစ်ယောက်ဟာ အဖိုးတန် ရတနာထုပ်ကို  ထမ်းပြီး ခိုးသူဓားပြ ထူပြောလှတဲ့ ကန္တာရခရီးကြမ်းကြီးကို ဖြတ်သန်းသွားလာ နေရတယ်။ လုယက်တာ၊ ရိုက်ပုတ် တာတွေကိုလည်း တွေ့မြင်နေရတယ်၊   ဒီိခရီးခဲကြီး မလွန် မြေက်သေးသမျှ သစ်ခက် ကြွေသံ၊ ငှက်ပျံသံ ကြားတာကို တောင် ထိတ်လန့် တုန်လှုပ် နေရလို့ ရှေမရောက်၊ နောက်ပြန် ဘေးကွေ့ ပင်ပန်းသလောက် ခရီးမ တွင် ဖြစ်နေရတယ်။
ဒီခရီးခဲကြီးကို ကြိုးစားကူးမြောက်ပြီး ဘေးရန်ကင်းတဲ့ ရွာကို ရောက်သွား တဲ့  အခါမှာတော့ ပြောပြလို့ မရနိုင်အောင်  ၀မ်းမြောက်ကြည်နူးမှု ကို ရရှိခံစားရ ပါတော့တယ်။ အယုံမှား၊ အယူမှား ခရီးခဲကို လွန်မြောက်တဲ့ပုဂ္ဂိုလ်များရဲ့ ၀ိမုတ္တိ ရသက ဒီထက် ပိုပါတယ်။ ပြောမပြနိုင်တော့လို့လည်း "ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ= ပညာရှိတို့သာ ကိုယ်သိ မျက်မှောက် ခံစားသိနိုင်စွမ်းတဲ့တရား" လို့ ဆိုရတာပါ။

လူ့ဘ၀ဆိုတာ ဒုလ္လဘ ရတနာကြီး ဖြစ်သလို ဗုဒ္ဓုပ္ပါဒ ဆိုတာလည်း ကြုံခဲ လှတဲ့ တကယ့် ရတနာမြတ် တွေပါ။ သာသနာ ကြုံခဲလှတဲ့ တကယ့် ရတနာ မြတ်သုံးပါးကို သက်ဝင်ယုံကြည်သူ ဖြစ်နေရတာဟာ ရသမျှလည်း" အား"  ကုန်သမျှလည်း " အား"  သာ ဖြစ်စေတဲ့ အတွက် ရတနာဘုံဘ၀မှာ ရတာနာ ထုပ်ကို ပိုက်ပြီး ခရီးသွားနေရတာပါပဲ။ ဒါပေမဲ အယုံမှား အယူမှားဆိုတဲ့ ခရီးခဲ ကြီးကို မကျော်လွန်နိုင်သေးသမျှ ရထားတဲ့ ရတနာကို ရတနာမှန်း မသိ၊ ကြုံတွေ့ ရတဲ့ ရတနာသုံးပါးတို့ရဲ့ ဂုဏ်ကျေးဇူးကိုလည်း နားမလည် ဘဲ အားပျက်စေတဲ့ အလုပ်ကို အားတက်၊ အာတက်စရာ အလုပ်ကိုတော့ အားပျက်နဲ့  တစ်သိန်း တန် ရွှေခွက်ကို ရက်တက်နဲ့ လဲသောက် ဆိုသလို တစ်သံသရာလုံး အဆုံးအဖြတ် ပေးမယ့် ရတနာအစစ်တွေကို တစ် ဘ၀စာ တောင် အာမခံချက် မရှိတဲ့ ရာထူး ဂုဏ်သိန် စည်းစိမ်း ဥစ္စာများ  နဲ့လဲနေကြတာဟာ ဒိဋ္ဌိ
ဝိစိကိစ္ဆာနယ်ကို မလွန် မြောက် သေးတဲ့အတွက် ကြုံတွေ့ရတဲ့ အန္တရာယ် များပါပဲ။ ဒီခရီးကြမ်း ကြီးကို လွန်မြောက်သွားပြီး ဖြစ်တဲ့ အရှင်ဘာသိကောဏ္ဍည လို သောတာပန် ပုဂ္ဂိုလ် မျိုးမှာတော့-
ဝေသာရဇ္ဇပတ္တော= ကြောက်ရွံ့ခြင်းကင်း ရဲတင်းထက်မြက်သူ ဖြစ်သွားပါ ပြီ။  ဒီစကားရပ်ကို ဘာသာဋီကာ ကျမ်းပြု တောင်မြိုံ မဟာဂန္ဓာရုံ ဆရာတော်ကြီး ကတော့ "မိမိက မရိုးမသား သူတော်ကောင်းယောင် ဆောင်ပြီး သာသနာတော် ကို ကိုးကွယ် ဆည်းကပ်နေသူဟာ သူတစ်ပါး စွပ်စွဲမည့် အရေး၊ နောင်တမလွန် အရေးတို့ကို တွေးပြီး ကြောက်ရွံ့ နေတတ်တယ်။  ဒီလို မဟုတ်တဲ့ သူတော် ကောင်း စစ်စစ် ဖြစ်သွားသူတို့ကတော့ သာသနာတော်ကို ကိုးကွယ် ဆည်းကပ်ရာ မှာ ဖြစ်စေ၊ ဒီဘ၀, နောင်ဘ၀ အတွက် ဖြစ်စေ ကြောက်ရွံ့စိတ် မရှိတော့ဘဲ ရဲရင့်တယ်"လို့ ရှင်းပြတော်မူပါတယ်။ ( သီ၊ဘာဋီ၊၃၊၄၅၇)။

အပရပစ္စယော- တရားအသိ ကိုယ်ပိုင် ရှိပြီး ဖြစ်လို့ သာသနာတော်နဲ့ ပတ်သက်ပြီး ကြားစကား ယုံစရာ အကြောင်းမရှိတော့ဘူး။ ရရှိတဲ့  ၀ိမုတ္တိရသ ထက် သာလွန်တဲ့ အရာ ဆိုတာလည်း မရှိတော့ဘူး ဆိုတာ အခိုင်အမာ  သိပြီးဖြစ်လို့  နောက်ကြောင်းကို ပြန်မလှည့်တော့ပါဘူး။ ဒါကြောင့် မြတ်စွာဘုရား သာသနာတော်မှာ ရဟန်းပြုခွင့်ကို တောင်းခံလိုက်ပါတယ်။

မြတ်စွာဘုရားရှင်က " ဧဟိ ဘိက္ခု" လို့ ခေါ်တော် မူလိုက်တဲ့အခါ ပရိက္ခရာ အစုံနဲ့  တကွ ရဟန်းအဖြစ် ရောက်ရှိသွားပါတော့တယ်။ အရှင်အညာသိ ကောဏ္ဍည မထေရ်မြတ်ဟာ သာသနာတော်မှာ သစ္စာ လေးပါးကို ပထမဆုံး ထိုးထွင်း သိမြင်တဲ့ သာဝကအဖြစ်" အညာသိ" ဆိုတဲ့ မော်ကွန်းနဲ့ အတူ ပထမ ဆုံး အရိယာ၊ ပထမဆုံး ရဟန်း အဖြစ် ရရှိတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ သာဝက အားလုံးတို့ရဲ့ "နောင်တော်ကြီး" ဆိုတဲ့ မော်ကွန်းလည်း တွင်ရစ်သွား ပါတော့ တယ်။
၁၃၄၂-ခုနှစ်က တိပိဋကစာမေးပွဲ ပြန်ဆိုအပြီးမှာ မဟာစည် ဆရာတော် ဘုရားကို ၀င်ရောက်ကန်တော့ တဲ့အခါ ဆရာတော်ကြီးနဲ့တရင်းတနှီး စကား ပြော ဖြစ်ကြပါတယ်။ မိမိက " ဆရာတော်ဘုရား.. ပိဋကတ်တော်ထဲမှာ တွေ့ရတာက တော့ ဘုရားရှင် လက်ထက်က ပုဂ္ဂိုလ်တွေဟာ တစ်နေရာမှာ တစ်ကြိမ်သာ ကြားနာရတဲ့ စကားကို တစ်ခြားတစ်နေရာ ရောက်တော့ အပြည့်အစုံ ပြန်ပြီး ပြောပြ နိုင်ကြတယ်။ တပည့်တော် စဉ်းစားမိတာက ဒီလို မှတ်ဉာဏ် အားတွေ ကောင်းတဲ့အတွက် မြတ်စွာ ဘုရားရှင် ဓမ္မစကြာတရားဦးကို ဟောတော်မူစဉ်က (၅) ရက်တိတိ ဟောပြီးမှ ပဉ္စ၀ဂ္ဂီ(၅)ဦးလုံး အရိယာဖြစ်ကြတယ် ဆိုတဲ့ နေရာမှာ ဘုရားရှင်က (၅) ရက်လုံးလုံး ဓမ္မစကြာပါဠိကို မပြတ်ဟောရွက် ပြနေဖို့တော့ အကြောင်းမရှိဘူး ထင်ပါတယ် ဘုရား၊ အဲဒါ ဘယ်လိုလဲ ဆိုတာ စဉ်းစားမိ ပါ တယ်"လို့ လျှောက်ထားတော့-
"ဦးဇင်းလေး… မင်းလည်းအဲဒါကိုစဉ်းစား မိတယ်ပေါ့၊ ဟုတ်လား၊ အေး.. စာပေသင်ယူတယ် ဆိုတာ ဒီလို စဉ်းစားဖို့ အရေးကြီးတယ်၊ ဟုတ်တာပေါ့ တာဝတိံသာ မှာ အဘိဓမ္မဟောသလို မပြတ် ရွတ်ဖတ်နေတာ ဘယ်ဟုတ်မလဲ၊  ပါဠိတော်တွေမှာ တရားတစ်ပုဒ် စလိုက်တိုင်း ဘုရားရှင် ရဲ့ ရှေးဦးတိုက်တွန်းတဲ့ စကား တစ်ခွန်းကို တွေ့တယ် မဟုတ်လား။ သာဓကံ သုဏောထ၊ သာဓကံ မနသိ ကရောထ= ကောင်းစွာ နားထောင်ကြ၊  ကောင်းစွာ နှလုံးသွင်းကြ ´ ဆိုတာလေ။

"ကောင်းစွာ နားထောင်ကြ ဆိုတာက သင်ယူတဲ့ ပရိယတ်ပေါ့၊ ကောင်းစွာ နှလုံးသွင်းကြဆိုတာက သဘောပေါက်အောင် သတိပဋ္ဌာန်အလုပ်ကို လုပ်ခိုင်းတဲ့ ပဋိပတ် မဟုတ်လား၊ ဒေသနာတော် အဆုံးမှာ သောတာပန် စသည် ဖြစ်သွား ကြတယ် ဆိုတာ တရားပွဲ တစ်ခုမှာ အဲဒီလို ပရယတ်၊ ပဋိပတ် နှစ်မျိုး ပြည့်စုံလို့ သာ ပဋိဝေဓ  ဆိုက်သွား နိုင်ကြတာပေါ့။ မြတ်စွာဘုရားရှင် ဓမ္မစကြာ တရားဦးကို (၅) ရက် ဟောတယ် ဆိုတာလည်း ပါးစပ်က မပြတ် ရွတ်ပြ နေတာ ဘယ်ဟုတ်မ လဲ။  ပဉ္စ၀ဂ္ဂီ (၅)ဦး တို့ကို သဘောမပေါက် မချင်း သတိပဋ္ဌာန် အလုပ်နဲပဲ နှလုံး သွင်း ခိုင်းနေတာပေါ့။ သဘောပေါက်ပြီး အသိ တိုးလာအောင် မပြတ် လုပ်ရတာ ဖြစ်လို့ ´ ဘာဝနာ= ပွားများတယ်´လို့ ဆိုရတာပဲ။ ရှေးက ဆရာ တော်ကြီးတွေ ပြောလေ့ရှိတဲ့ စကားတစ်ခုရှိတယ်။ ´အရွတ်တွေကြီး ၀ါးမနေ ကြနဲ့၊  အားဖြစ်ဖို့ မလွယ်ဘူး။ အသားကို စားမှ ကြေလွယ် ညက်လွယ် အားဖြစ်လွယ်မယ်´တဲ့ ၊ ဦးဇင်းတို့လည်း ခုတော့ ´အရွတ်´ကို အဓိက ထား ရတာပေါ့လေ၊ ဒါနဲ့ တင်တော့ ကျေနပ်မနေကြနဲ့ဦး၊ ဆရာတော်ကြီးမှာ  မိန့်ကြား သလို "အား"ဖြစ်အောင် ´အသား´ကိုလည်း စားကြဦး၊ ကြားလား၊ သတိပဋ္ဌာန် မပွားများဘဲ မပြည့်စုံဘူးလို့ သတိပေးချင်တာနော်" လို့ မိန့်ကြား ဆုံးမတော်မူ ပါတယ်။
"အသား" စားပြီး "အား"ဖြစ်ကြပါစေ……

ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)

Monday, August 5, 2013

သစ္စာ နဲ့ တာဝန် (ဓမ္မစကြာ ၇)



copy from http://ashinsirinda.com/
Jan 14 2010

အို နာ သေမှု အစရှိတဲ့ လူသဘာဝ အတိုင်း ဖြစ်ပျက်နေတဲ့ သင်္ခါရဓမ္မတွေကို မကျေ နပ်စရာ(အပ္ပိယ) လို့ စွဲလမ်းနေသမျှ " မုန်း ဆုံ" ဒုက္ခနဲ့ ကြုံနေရမယ်။ ကျေနပ်စရာ (ပိယ) လို့ စွဲလမ်းနေရင်လည်း"ချစ်ကွဲ" ဒုက္ခနဲ့ ကြုံနေရမယ်။ မရနိုင်တာကို လိုချင် စွဲလမ်း နေသမျှ "လိုတာမရ"တဲ့ ဒုက္ခ နဲ့ ကြုံနေရမယ်။

သစ္စာလေးပါးလုံးမှာပဲ တစ်ပါး တစ်ပါးစီမှာ"သစ္စ၊ ကိစ္စ၊ ကတ" ဆိုပြီး အခြင်းအရာ သုံး မျိုးစိ ရှိပါတယ်။
သစ္စဉာဏ် ဆိုတာ အမှန်အတိုင်း နာယူသင်ကြားထားတဲ့ အသိပါ။
ကိစ္စဉာဏ်ဆိုတာ မဇ္ဈိမလမ်းအတိုင်း လျှောက်သူ တို့ရဲ့ လိုက်နာ ကျင့်သုံးရင်း သိလာမယ့် တာဝန်ပိုင်း အသိဖြစ်ပါတယ်။
ကတဉာဏ် ဆိုတာကတော့ တာဝန်ကျေပွန် ပြည့်စုံတဲ့ အတွက် ရရှိတဲ့ ရလာဒ် အသိပါပဲ၊
သာသနာသုံးပါးနဲ့ ပြောရရင် သစ္စဉာဏ် ဆိုတာ ပရိယတ္တိသာသနာ၊ ကိစ္စဉာဏ်ဆိုတာ ပဋိပတ္တိသာသနာ၊ ကတဉာဏ်ဆိုတာက ပဋိဝေဓသာသနာ လို့ ဆိုရပါလိမ့်မယ်။

နာယူသင်ကြားထားတဲ့ ပရိယတ္တိက မှန်ကန်မှ မှန်ကန်တဲ့ အသိ=သစ္စဉာဏ်ဖြစ်သလို ကျင့်သုံးတဲ့ ပဋိပတ္တိ(ကိစ္စဉာဏ်) တိုးပွားပြီး ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်သိနဲ့ ပြီးပြည့်စုံတဲ့ ပဋိဝေဓ (ကတဉာဏ်)ကို ဆိုက်ရောက် နိုင်ကြမှာပါ။

ဒုက္ခသစ္စာနဲ့ ပတ်သက်လို့ သာဝကတို့ရဲ့ တာဝန်ပိုင်း(ကိစ္စဉာဏ်)က ပရိညေယျ- ပိုင်းခြား သိရမယ့်
တာဝန်ပဲ ရှိပါတယ်။ ပါးစပ်ဖျားမှာ နှုတ်ကျိုးနေတာက "ဒုက္ခ ချုပ်ငြိမ်းရေး"ဆိုတော့ ဒုက္ခချုပ်ငြိမ်းသွားအောင် ဒုက္ခကို ပယ်ရမယ်လို့ ထင်နေတတ်ကြပါတယ်။ ဒုက္ခ ဆိုတာ သူ့ အကြောင်း အပြည့်အစုံ သိဖို့ပဲ လိုအပ်တယ် ဆိုတာကို "ဒုက္ခကို တစ်လွှာခြင်း ခွာကြည့်ခြင်းမှာ ပြခဲ့ပြီးပါပြီ။ သူ့အကြောင်း သိပြီးရင် ကိုယ်က ခွာစရာ မလိုဘဲ သူ့အလိုလို ချုပ်ငြိမ်းသွားတာပါ။

ဟုတ်ပါတယ်။ အိုတယ်၊ နာတယ်၊ သေတယ် ဆိုတာ သက်ရှိ သင်္ခါရတို့ရဲ့ ဖြစ်ပျက် ပြောင်းလဲ ဖောက်ပြန်မှု ကို လူတွေက သတ်မှတ်ထားတဲ့ သတ်မှတ်ချက်များပါ။ သက်မဲ့ သင်္ခါရ တို့ကိုကျတော့ အိုမင်း ဆွေးမြည့် ပျက်စီးတယ်လို့ ပြောနိုင်ပါတယ်။ အမှန်ကတော့ ဖြစ် ပျက် ဖောက်ပြန် သဘောချည်းပါပဲ။ အဲဒီ အို နာ သေမှု စတဲ့ င်္သါရတို့ရဲ့ ဖြစ် ပျက် ဖောက်ပြန်မှု တွေ ကိုပဲ မကျေနပ်စရာ (အပ္ပိယ) လို့ စွဲလမ်းနေတဲ့အတွက် "မှန် ဆုံ" (အပ္ပိယေ ဟိ သမ္ပယောဂ) ဒုက္ခနဲ့ ကြုံရတယ်။ ကျေနပ်စရာ (ပိယ)လို့ စွဲလမ်းပြန်တော့ ချစ်ကွဲ(ပိယော ဟိ ၀ိပ္ပယောဂ) ဒုက္ခနဲ့ ကြုံရမယ်။ ကိုယ့်အလိုကျ မရနိုင်တဲ့ အရာကို လိုချင်စွဲ လမ်းနေသမျှ လိုတာမရ (ယံ ပိစ္ဆံ န လဘတိ) ဒုက္ခနဲ့ ကြုံတွေ့ရမယ်။ အဲဒီ အစွဲအလမ်းတွေ ချုပ်သွားရင် အဲဒီ ဒုက္ခတွေဟာလည်း "အရင်း လဲရင် အဖျား ထင်းဖြစ်" ဆိုသလို ချုပ်သွား မှာပဲမို့လား။


"ငပြူး"မှန်းသိရင် မကြောက်ရတဲ့အပြင် ငေါက်ချလို့တောင် ရပါယတ်။ အနိစ္စ=မမြဲဘူး၊ ဒုက္ခ=သည်းခံ ကျေနပ်စရာ မရှိဘူး၊ အနတ္တ= အလို မဖြစ်ဘူး ဆိုတာတွေဟာ သင်္ခါရတရား တွေကို ငေါက်ငမ်းနေတဲ့ သဘောမျိုးပါပဲ။ အကြောင်းစုံ သိပြီး သူမျာသာ ဒီလို ငေါက်နိုင်တာ ပါ။ "ငပြူး"မှန်း မသိဘဲနဲ့တော့သွား မငေါက်လိုက်လေနဲ့၊ "မြို့ပိုင်မင်းကွ"ဆိုပြီး ထ ဟောက်လို့ ပြေးပေါက် မှားနေမယ်။

ဒုက္ခချုပ်ဖို့အတွက် တကယ်ပယ်ရမှာက သမုဒယ လို့ခေါ်တဲ့ တဏှာပါ။ ဒါကြောင့် သမုဒယသစ္စာနဲ့ ပတ်သက်လို့ သာဝကတို့ရဲ့ တာဝန်ပိုင်း(ကိစ္စဉာဏ်)ကိုတော့"ပဟာတဗ္ဗံ= ပယ်ရမယ်"လို့ ညွှန်ကြားပါတယ်။
တဏှာ သမုဒယကို ဘုရားရှင် ကြုံးဝါး ပယ် သတ်တော်မူပုံကတော့-
"ဟယ် ကာမ.. သင်ရဲ့ အရင်းမူလကို ငါ တွေ့မြင်ပြီ၊ အာရုံတွေ အပေါ်မှာ ဟိုဟို ဒီဒီ ကြံစည် စိတ်ကူးခြင်း  (ကာမသင်္ကပ္ပ)ကြောင့် သင်ကာမ ဖြစ်ပေါ်ခွင့် ရနေတာ။ အဲဒီ အကြံတွေကို ငါ မကြံစည်တော့ဘူး၊ ဒါကြောင့် ငါ့ သန္တာန်မှာ သင်ကာမ ဖြစ်ခွင့် မရှိတော့ဘူး"တဲ့။

ကာမတဏှာ ဆိုတာ တရားကိုယ် သဘောအရ လောဘ စေတသိတ်ပါ၊ စေတသိက်ဆိုတာ သူ့ချည်း ဖြစ် ပေါ် နေနိုင်စွမ်းမရှိပါဘူး၊ စိတ်ကို မှီပြီးမှ ဖြစ်နိုင်တာပါ။ ကြံစည်မှု(သင်္ကပ္ပ)ဆိုတာ လည်း အတူတူပါပဲ၊ သူတို့ရဲ့ ဆရာကြီးဖြစ်တဲ့ အ၀ိဇ္ဇာဆိုတာလည်း မောဟ စေတသိတ်ပါပဲ၊ အားလုံးဟာ စိတ်ကို မှီခိုကပ်ရပ်ပြီး ဖြစ်နေရတဲ့ တရားချည်းပါပဲ၊ ကိုယ်ပိုင် သီးခြား ဖြစ်တည် နေနိုင်တဲ့ တရားတွေ မဟုတ်ကြပါဘူး။
ဒေးဒရဲ နိကာယ်သင်တန်းမှာ ဆရာတော်ကြီးက "စဉ်းစားကြည့်လိုက်ရင် ကိုယ်ပိုင် ရပ်တည်နိုင်စွမ်းမရှိဘဲ စိတ်ကို မှီခိုကပ်ရပ်နေရတဲ့ အိုးခြေမဲ့ အိမ်ခြေမဲ့၊ ခြေသလုံးအိမ်ပါ၊ ရေမျောကမ်းတင်လိုဖြစ်တဲ့ ဒီတဏှာက ခြယ်လှယ်သမျှကို ခံပြီး အိုးနဲ့ အိမ်နဲ့၊ အခြေအနေနဲ့ နေနိုင်ကြတဲ့ တို့တစ်တွေ သံသရာမှာ ချာလပတ် ယမ်းနေကြရတယ် ဆိုတာ တကယ်တမ်း သိလာရင် ရှက်စရာတောင် ကောင်းတယ်။ ဒါပေမဲ့ ခုတော့ ဘယ်သူမှ ရှက်ရကောင်းမှန်း မသိကြသေးတာက ခက်တယ်" လို့ မိန့်ကြား ဖူးပါတယ်။

တဏှာကာမကို ပယ်ဖို့အတွက် သူတွယ်တာနေတဲ့ အာရုံတို့ရဲ့ သဘောအမှန်ကို သိလာအောင် သတိက ရှေ့ဆောင်ပြီး မပြတ်ကြည့်ပေးနေရတာပါ။ သတိနဲ့ မပြတ်စောင့်ကြည့်တာကိုပဲ အသိ တရား တိုးပွားအောင် အားထုတ်တာဖြစ်လို့" တရားအားထုတ်တယ်"လို့ ဆိုကြပါတယ်။ ထိုင်တာ၊ ရပ်တာ၊ လျောင်းတက စပြီး တော့ ဘယ်အလုပ်မျိုးမဆို အသိပွားအောင် သတိထား နေတာ မှန်သမျှ တရားအားထုတ်နေတာချည်းပါပဲ။
သဘောပေါက်ထား စေချင်တာကတော့ အသိတရား တိုးပွားဖို့ ဆိုတာ သူများ အသိကို ငှားပြီး ပွားလို့မရပါဘူး။ ကိုယ်ပိုင် အသိဖြစ်မှ ပွားလို့ ရပါတယ်။ ဒါကြောင့် စပြီး တရားအား ထုတ်ကတည်းက "အနိစ္စ အနိစ္စ "နဲ့ လုပ်နေတာဟာ ကိုယ်တိုင် သိတဲ့ "အနိစ္စ" မဟုတ်ဘဲ သူများ ပြောသံကြား အငှား အနိစ္စချည်း ဖြစ်တဲ့အတွက် ပွားလို့ မရပါဘူး။
ဘုရားရှင်ကတော့ စပြီး သတိထားချိန်မှာ "ဘူတံ ဘူတော ပဿတိ= ကိုယ့်အသိမှာ ထင်လာတာကို ထင်လာတဲ့အတိုင်း ရှုမှတ်ပါ" လို့  ညွန်ကြားပါတယ်။ ဒီအချိန်မှာ"ရှုမှတ်တယ်" ဆိုတာ ပညာမဟုတ်သေး ပါဘူး၊ "သညာ"လို့ ခေါ်ပါတယ်၊ အမှတ်သညာ များပြီး ခိုင်မြဲ လာရင် သတိထင်ရှားလာပါတယ်။ ဒါကြောင့် "သတိ ထိရ သညာပဒဋ္ဌာနာ= သတိဖြစ်ရေးမှာ ခိုင်မြဲတဲ့ သညာဟာ အနီးကပ်ဆုံး အကြောင်းတရား ဖြစ်တယ်"လို့  ဟောတော်မူတာပါ။ သတိမြဲလာမှ  အသိက ပွားလာတာပါ။

နောက်တစ်ခုက "အရှုခံ နဲ့ ရှုဉာဏ်" ဆိုတဲ့ စကားပါ၊ သမာဓိသိက္ခာ စတင်ထူထောင် တဲ့ တရားအား ထုတ်စမှာ အရှုခံဆိုတာ ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ ဆိုတဲ့ အာရုံတစ်မျိုးမျိုးပါ။ အဲဒီအာရုံကို ရှုမှတ်နေ တာကလည်း "ဉာဏ်"မဟုတ်သေးပါဘူး၊ "သတိ"သာ ဖြစ်ပါတယ်။   မဟာသတိပဋ္ဌာန သုတ်မှာ ဘုရားရှင် ဟောတော် မူတာကို သေသေ ချာချာ လေ့လာ ကြည့် ရင် သဘောပေါက်ပါလိမ့်မယ်။
သတိထားတဲ့အကျင့် အားကောင်းလာလို့ သတိထားတဲ့အဆင့် ရောက်လာတော့မှ မမြဲဘူးဆိုတဲ့ အနိစ္စသဘော၊ အလိုကျမဖြစ်ဘူး ဆိုတဲ့ အနတ္တသဘောတို့ကို ကိုယ်တိုင် သိလာတာပါ။ အဲဒီအဆင့် ရောက်တဲ့အခါ အရှုခံ က သင်္ခါရ (ဒုက္ခသစ္စာ) ရှုတာက " ဉာဏ်"ဖြစ်လာပါပြီ။
သတိနဲ့ ရှုမှတ်စရာ ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ  ဆို တဲ့ သီးသန့် ၀ိသေသ သဘောတို့ကို ရှုမှတ်ရတာ ဖြစ်လို့ တွန်းတယ်၊ တိုးတယ်၊ ပူတယ်၊ အေးတယ် စတဲ့ ၀ိသေသ လက္ခဏာ များကိုပဲ သိနေပါတယ်။  "ဖြစ် ပျက်" သို့မဟုတ် "အနိစ္စ ဒုက္ခ အနတ္တ" လို့ မသိသေးပါဘူး။ ဘူတံ ဘူတတော ပဿတိ= မိမိ စိတ်အစဉ်မှာ ထင်လာတာကို ထင်လာတဲ့အတိုင်း ရှုမှတ်ရမယ်" ဆိုတဲ့ အတိုင်း မိမိ စိတ်မှာထင်လာတဲ့ တွန်းတယ်၊ တိုးတယ်၊ ပူတယ်၊ အေးတယ် စတဲ့သဘောများကို ထင်လာတဲ့အတိုင်းသာ ရှုမှတ်ရမှာ ပါ။
ငါ့ကိုတွန်းတယ်၊ တိုးတယ်၊ ငါပူတယ်၊ ငါအေးတယ် ဆိုပြီး "ငါ"ဆိုတဲ့ အစွဲလည်း မပါဘူး၊ ပစ္စပ္ပန်ကျကျ ထင်လာတဲ့ အတိုင်းပဲ ရှုရမှာပါ။ မိမိစိတ်အစဉ်မှာ ထင်မြင်မလာသေးတဲ့ ဖြစ်ပျက် တို့၊ အနိစ္စ ဒုက္ခ အနတ္တတို့၊ ရုပ်တို့ နာမ်တို့ စတဲ့ သူတစ်ပါး ပြောသံကြားတွေ ကိုလည်း အငှားနဲ့ ရှုမှတ်လို့ မရပါဘူး။ "ပစ္စုပ္ပန်ကျကျ" ဆိုတာ မိမိစိတ်အစဉ်မှာ ထင်လာခိုက်မှာ ထင်လာတဲ့ အတိုင်း သာ ရှုမှတ်ရမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။
ဒီနေရာမှာ မြတ်စွာဘုရားရှင်ရဲ့  ပထမဆုံးတရားဦး ဒေသနာရယ်၊ ၀ိပဿနာလုပ်ငန်း အကျယ်ပြရာ ဖြစ်တဲ့ မဟာသတိပဋ္ဌာနသုတ်ရယ်၊ ပရိနိဗ္ဗာန်ပြုခါနီး နောက်ဆုံး မှာတမ်း စကား တော် နှစ်ခွန်းရယ်တို့ကို ခြုံငုံပြီး နည်းနည်း ပြောချင်ပါတယ်။
မြတ်စွာဘုရားရှင်ရဲ့ နောက်ဆုံးမှာတမ်း စကားတော် ပထမ တစ်ခွန်းက "၀ယဓမ္မာ သင်္ခါရာ = သင်္ခါရ တရားတွေဟာ ပျက်ခြင်းသဘော ရှိကြတယ်" တဲ့။ ဒါဟာ ၀ိပဿနာနယ် ပယ် အနေနဲ့ ပြောရမယ်ဆိုရင် "အရှုခံ" တရားများကို ညွန်ပြလိုက်တာပါ။
ဒါဖြင့် အဲဒီ သင်္ခါရတရားတွေ အပေါ် ဘယ်လို သဘောထားကြရမှာလဲ ဆိုတော့-  "အပ္ပမာဒေန သမ္ပာဒေထ= သတိနဲ့ ပြည့်စုံစေကြ"တဲ့။ သတိနဲ့ မပြတ်ကြည့်ရှု သုံးသပ်ကြလို့ တိုက်တွန်းမှာကြားတာပါ။

ဒီစကားနှစ်ခွန်းဟာ အရှုခံ တရားနဲ့ ရှုမှတ်ရမယ့် တရားတို့ကို အကျဉ်းချုပ် ဖော် ညွန်း ဆုံးမတော်မူ လိုက်ခြင်း ဖြစ်ပါတယ်။
ဒီမှာတမ်းစကားတော်နဲ့ ပတ်သက်လို့ အဋ္ဌကထာ ဆရာက "ကိစ္စအားလုံးတို့ကို သတိနဲ့ မကင်းစေဘဲ ပြည့်စုံစေရမယ်"လို့ ဖွင့်ပြပါတယ်။ အဲဒီစကားကိုပဲ ဋီကာဆရာကတော့ "အပ္ပမာဒ ဆိုတဲ့ သတိတရားက အနက်အဓိပ္ပာယ် အားဖြင့် (၄၅)၀ါပတ်လုံး ဟောကြား တော်မူခဲ့တဲ့ ဘုရားရှင်စကားတော်အားလုံးကို သိမ်းယူနိုင်တဲ့တွက် ဒီစကားကို မိန့်မှာခဲ့ခြင်း ဖြစ်တယ်" လို့ ကောက်ချက်ချပြီးတော့မှ  "သတိ´ဆိုတာ ဒီနေရာမှာ´ဉာဏ်နှင့်ယှဉ်တဲ့  သတိ´လို့ အနက်အားဖြင့် မှတ်ယူရမယ်၊ သတိက ဦးဆောင်မှုအရ လွန်ကဲတဲ့ အတွက် ကြောင့် ´သတိမကင်းစေဘဲ´လို့ ဆိုရတာ ဖြစ်တယ်"လို့ ရှင်းလင်း ဖွင့်ဆိုပြပါတယ်။
ပဓာနနည်းအားဖြင့်"သတိ"လို့ ဆိုပေမယ့် မကင်းကောင်းတဲ့ သဘောအရ သဒ္ဓါ´၀ီရိယ´ သမာဓိ´ ပညာ´တို့လည်း အကူအနေနဲ့ ပါရမယ်လို့ ဆိုလိုပါတယ်။
ဒါကြောင့်လည်း ရှေးဆရာတော်များက "အပ္ပမာဒေနကို မမေ့  မလျော့ မပေါ့ မဆတဲ့ သတိတရားနှင့်"လို့ မြန်မာပြန်ကြတာပါ။
 " မမေ့" ဆိုတာ သတိတရားကို ပြောတာ၊
"မလျော့" ဆိုတာ ၀ီရိယတရားကို ဆိုလိုတာပါ၊
"မပေါ့"ဆိုတာ သမာဓိတရားကို ပြောတာပါ။  ဟုတ်ပါတယ်၊ စိတ်ကထားရမယ့် အာရုံအပေါ်မှာ မထားဘဲ ဟိုဟိုဒီဒီ ရောက်နေတာကို ပေါ့ဆတယ်၊ ပေါ့လျော့တယ်လို့ ဆိုရတာ ဖြစ်လို့ "မပေါ့နဲ့" ဆိုတာ စိတ်က ဟိုအာရုံ ဒီအာရုံတွေ ဆီ ရောက်မနေဘဲ မိမိရှုမှတ်ရမယ့် အာရုံတစ်ခုတည်း အပေါ်မှာ ကျရောက်တဲ့ ဧကဂ္ဂတာ (သမာဓိ)နဲ့ လည်း ပြည့်စုံရမယ်လို့ ဆိုလိုတာပါပဲ။
"မဆ"ဆိုတာကတော့ လောကမှာ ယုံကြည် မှုအရ ဖြစ်စေ၊ သိမြင်မှုအရ ဖြစ်စေ တစ်စုံတစ်ရာ ဆုံးဖြတ်ချက် မချနိုင်ဘဲ ဖြစ်နေတာကို "ချိန်ဆနေတယ်"လို့ ပြောကြပါတယ်၊ "မဆနဲ့"ဆိုတာက အဲဒီလို မဆုံးမဖြတ် ချိန်ဆမနေဘဲ ခိုင်မာတဲ့ ယုံကြည်မှု ပီပြင်တဲ့ သိမြင်မှုနဲ့ ပြည်စုံရမယ်လို့ ဆိုလိုတာပါ။ ဒါကြောင့် "မဆနဲ့"ဆိုတဲ့  စကားက သဒ္ဓါတရား´ ပညာတရားတို့နဲ့တော့ "သဒ္ဓါ, ၀ီရိယ,သမာဓိ,ပညာ အခြံအရံပါတဲ့ သတိတရားနဲ့ ပြည့်စုံအောင်ထားပြိး ရှုမှတ်နေကြ"လို့ တိုက်တွန်းလိုရင်းပဲ ဖြစ်ပါတယ်။
ဒါဖြင့် ဒီမှာတမ်းတော်အရဆိုရင် သင်္ခါရအားလုံး ကိုပဲ ရှုမှတ်ရမှာလား ဆိုတော့ "ဘူတံ ဘူတတော ပဿတိ" ဆိုတဲ့ စကားအတိုင်း မိမိ စိတ်အာရုံထဲမှာ ထင်လာတဲ့ သင်္ခါရကိုသာ ရှုရမှာပါ။ ပစ္စပ္ပန်လည်းကျ ၊ မိမိ အဇ္ဈတ္တမှာလည်း ထင်မြင်မှသာ ရှုလို့ ရမှာပါ။
ဒါကို သဘောပေါက်ဖို့ အတွက် တရားကို ဘာဖြစ်လို့ ရှုမှတ်ပွားများရသလဲ ဆိုတာက စပြီး စိစစ်သင့်ပါတယ်။

တရားဦးမှာ ဟောတော်မူတာကို ခြုံငုံကြည့်မယ်ဆိုရင် ၀ိပဿနာ ရှုမှတ်ပွားများ ရတာဟာ ဒုက္ခသစ္စာဖြစ်တဲ့ သင်္ခါရ တရားတွေကို "ဒုက္ခသစ္စာပဲလို့"ကိုယ်တိုင် သိမြင် ဆုံးဖြတ်နိုင်အောင် ရှုမှတ်ရတာပါ။ သစ္စာအနေနဲ့ ပြောရရင် သင်္ခါရဆိုတာ ဒုက္ခသစ္စာ နောက်ဆုံးပိုဒ်မျာ " သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ"ဆိုတဲ့ စကားကို အထူးအလေးအနက် ထားရပါလိမ့်မယ်။

"ဥပါဒါန် စွဲကပ်နေတဲ့ ခန္ဓာငါးပါးဟာ ဒုက္ခဖြစ်တယ်" ဆိုတဲ့ စကားကို ထောက်ဆ ကြည့်ရင် "ဥပါဒါန် စွဲလမ်းခြင်း မရှိတဲ့ ခန္ဓာငါးပါးဟာ ဒုက္ခကင်းလွတ်နေတယ်" ဆိုတဲ့ အဓိပ္ပယ်ရပါတယ်။

ဒီစကားရပ်ဟာ " ဥပါဒါန်စွဲကပ်ခြင်း မရှိတဲ့ ခန္ဓာငါးပါးကို ၀ိပဿနာ ရှုလို့ မရဘူး။ ဥပါဒါန် စွဲကပ်နေတဲ့ ခန္ဓာငါးပါးကိုသာ ၀ိပဿနာ ရှုရမယ်" လို့ ရှုကွက်ကို အတိအကျညွန်ပြတဲ့ သဘောလည်း ဖြစ်ပါတယ်။

ဝိပဿနာ ရှုရတာ အစွဲ ဥပါဒါန် ကင်းလွတ်ဖို့ ဖြစ်တယ်။ အစွဲ ဥပါဒါန်ဟာဘယ်ကနေ ကင်းလွတ်ရမှာလဲ ဆိုရင် ကိုယ် စွဲနေတဲ့ အာရုံ(ခန္ဓာ) က လွတ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စွဲနေတဲ့ အာရုံ(ခန္ဓာ) ကိုသာ ရှုရမယ်။ မစွဲတဲ့ အာရုံ(ခန္ဓာ) ကိုတော့ စွဲမှ မစွဲဘဲ ဘာဖြစ်လို့ ရှုနေရမှာလဲ။ အဲဒီလို ရှင်းရှင်းလေး သဘောပေါက်ရမှာပါ။
ဒါကြောင့်မိမိစိတ်အစဉ်မှာ ငါမြင်တယ်၊ ငါကြားတယ်၊ ငါ့ကို တိုးတယ်၊ တွန်းတယ်၊ ငါ ထွက် ရှုထုတ်တယ်၊ ငါ ၀င်လေ ရှိုက်သွင်းတယ်၊ ငါပူတယ်၊ ငါအေးတယ်၊ ငါထုံတယ် စသည် စွဲထင်နေတဲ့ အာရုံကို ထင်လာတဲ့ အတိုင်း ရှုမှတ်ပွားများရမယ်။ ဘယ်အတွက် ရှုမှတ်ရမှာ လဲ ဆိုရင် အဲဒီ ငါ၊ ငါဥစ္စာလို့ ထင်မှတ်စွဲလမ်းနေမှုမှ ကင်းလွတ်သွားအောင် လို့ ရှုရမှာပါ။
ဘာနဲ့ ရှုမှတ်ရမှာလဲ ဆိုရင်တော့ သတိပဋ္ဌာန် အရာဖြစ်လို့ သတိက ဦးဆောင်ပြီး သဒ္ဓါ, ၀ီရိယ, သမာဓိ, ပညာတို့ရဲ့ အကူအညီနဲ့ ရှုရမှာ ဖြစ်ပါတယ်။
ဒီလို ရှုမှတ် ပွားများလို့  မိမိရှုမှတ်တဲ့ အာရုံပေါ်မှာ စိတ်တည်ကြည်မှု အား ကောင်းလာပြီ (စိတ္တ၀ိသုဒ္ဓိ ဖြစ်လာပြီ)ဆိုရင် ငါ, ငါ့ဥစ္စာလို့ ထင်နေတဲ့ အရာတွေက အသိခံ(သိစရာအာရုံ) တွေဖြစ်ပြီး ၊ အဆင်း အသံ စသည်တို့၊ ပူမှု၊ အေးမှု၊ တွန်းမှု၊ တိုးမှုတို့ ထွက်လေ ၀င်လေတို့ ဆိုရင် ဒီအာရုံတွေဟာ ရုပ်တွေဖြစ်တယ်။ အဲဒါကို သိသိနေတဲ့ သဘောက နာမ်တရားဖြစ် တယ်လို့ သဘောပေါက် လာမှာပါ။
အဲဒီ အခြေအနေ ရောက်လာပြီ ဆိုရင် သတိ ဦးဆောင်မှုရဲ့ နေရာကို ပညာက လွှဲ ပြောင်းယူပြီး ဦးဆောင်စ ပြုလာပါပြီ။ ဆက်ပြီး ရှုမှတ်ပွားများမယ်ဆိုရင် အရှုခံဖြစ်တဲ့ ရုပ်အာ ရုံ တွေ ဟာလည်း ခဏမစဲ ပြောင်းလဲ ဖောက်ပြန်နေတဲ့ အနိစ္စသဘော၊ အပျက်ဘေး မကင်းတဲ့ ဒုက္ခသဘော၊ ကိုယ့် အလိုကျ မဟုတ်ဘဲ သူ့သဘော သူဆောင်ပြီး ဖြစ်နေတယ်ဆိုတဲ့ အနတ္တ သဘော ရှိတယ်လို့ သိလာရင် ၊ ရှုမှတ်သိမြင်နေတဲ့ သဘောကလည်း အာရုံက ဖော်ပြပေးတဲ့ အတိုင်းသာ လိုက်ပြီး သိနေတာဖြစ်လို့ အာရုံနည်းတူ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘော ရှိတယ် လို့ပဲ သိမြင် လာမှာ ဖြစ်ပါတယ်။ ဒီလို အမြင် စင်ကြယ်လာတာကို
ဒိဋ္ဌိဝိသုဒ္ဓိလို့ သတ်မှတ် ပါတယ်။
အရှုခံက မိမိ စွဲလမ်းရာ သင်္ခါရ ဒုက္ခသစ္စာတရား ဦးဆောင် ရှုမှတ်နေတာက သတိတရား။
သတိ ထိရသညာပဒဋ္ဌာနာ- ဆိုတဲ့ အတိုင်း မိမိ စိတ်မှာ စွဲထင်မှတ်သားထားတဲ့ အမည်သညာ အတိုင်း မြင်တယ်၊ ကြားတယ်၊ ပူတယ်၊ အေးတယ် စတဲ့ အမည်သညာနဲ့ စပြီး ရှုမှတ်ရ ပါ တယ်။ အမှတ်သညာ ခိုင်မြဲမှ သတိ ခိုင်မြဲပါတယ်။
သတိ ခိုင်မြဲလာမှ အာရုံကို စူးစိုက်တဲ့ သမာဓိ အားကောင်းလာပြီး ထိုးထွင်းသိမြင်တဲ့ ပညာ ဖြစ်ပေါ် လာပါတယ်။
ပညာတရားက ရုပ်ပဲ၊ နာမ်ပဲလို့ ခွဲခြား သိခြင်း၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ သဘော လကဏ္ခဏာကို ထိုးထွင်းသိခြင်း ကိစ္စများကို ဆောင်ရွက်ပါတယ်။
သတိ ဦးဆောင်ပြီး ရှုတယ်၊ ပညာ ဦးဆောင်ပြီး သိတယ်လို့ အတိုချုပ် သဘော ပေါက်နိုင်ပါတယ်။
အနိစ္စ ဒုက္ခ အနတ္တ ဆိုတာဟာ သင်္ခါရတို့ရဲ့ ဘုံလက္ခဏာ ဖြစ်ပါတယ်။ (သာမညလက္ခ ဏာလို့လည်း ခေါ်ပါတယ်) ဘုံလက္ခဏာကို သိမြင် လာချိန်မှာ အရှုခံတို့ ဟာလည်း ကာယ စိတ္တ စတဲ့ ကိုယ်ပိုင် သဘောမျိုး မဟုတ်တော့ပဲ သင်္ခါရ ဆိုတဲ့ ဘုံသဘော ဆောင်လာပါတယ်။ သင်္ခါရ ဆိုတဲ့ ဘုံသဘောဖြစ်လာတဲ့ အခါ " သဗ္ဗေ သင်္ခါရာ ဒုက္ခာ" အရ ဒုက္ခသစ္စာ အရှုခံ တရား ဖြစ်သွားပါပြီ။ ဒါဟာ အထွတ်အထိပ်ရောက်တဲ့ ၀ိပဿနာဉာဏ် ဖြစ်တာပါပဲ။ ဒါကြောင့် မဂ်ရဲ့ရှေ့ ပြေး အနီးကပ် ဖြစ်တဲ့
ဝိပဿနာဉာဏ် မှာ ဒုက္ခသစ္စာက အရှုခံ ဖြစ်ပြီး၊ ရှုတာက ၀ိပဿနာဉာဏ် လို့ ဆိုရပါတယ်။ အရှုခံက ဒုက္ခသစ္စာ ဖြစ်သွားလို့ အနုပဿနာ အနေနဲ့ ပြောရရင် ဓမ္မာနုပဿနာလို့ ခေါ်ပါတယ်။ "မဂ်ဉာဏ်မှန်သမျှ ဓမ္မာနုပဿနာနဲ့ချည်း ရတာ ဖြစ်တယ်"  လို့ ညောင်လွန့်နည်း ကမ္မဋ္ဌာန်းပြ ဖြစ်တဲ့ မော်လမြိုင် ရွှေပရိယတ္တိ ဆရာတော် မိန့်ကြားတာဟာ ဒီသဘောကို ပြောတာပါပဲ။
ထားပါတော့၊ အမည်အမျိုးတွေ ခွဲခြားတာက ပညာရှင်တွေရဲ့ အလုပ်ပါ။ တကယ် မဇ္ဈိမ လမ်း သွားနေ သူများ အနေနဲ့တော့ သတိထားပြီး မပြတ်ရှု၊ ရှုပါများတော့ မြင်၊ မြင်ပါများတော့ ရိုးအီပြီး ငြီးငွေ့၊ ငြီးငွေ့တော့ အစွဲကွာ၊ အစွဲကွာတော့ လွတ်မြောက်၊ (ဧ၀ံ ပဿံ နိဗ္ဗိန္ဒတိ၊ နိဗ္ဗိန္ဒံ ၀ိရဇ္ဇတိ၊ ၀ါရာဂါ ၀ိမုစ္စတိ) ဆိုတာ ဖြစ်အောင် မပြတ် ရှုမှတ် နေဖို့သာ အဓိကပါ။ အစွဲ(တဏှာ) ကွာကျသွားပြီဆိုရင် ဘယ်လို လောကီအာရုံ မျိုးကမှ လွှမ်းမိုးချုပ်ချယ်နိုင်စွမ်း မရှိတော့တဲ့ အတွက် လွတ်မြောက်တယ်လို့ ဆိုတာပါ။ အာရုံလွှမ်းမိုးမှု ကင်းသွားရင် ဒုက္ခဆိုတာလည်း ချုပ် ငြိမ်းသွားတာပါပဲ၊ ဒီလို လွတ်လပ်ငြိမ်းအေးမှုကို သူပြောနဲ့ယုံကြည် တာ မဟုတ်ဘဲ ကိုယ်ကြုံ ကိုယ်သိ ခံစားခွင့် ရရှိတာဟာ မျက်စိရှေ့မှောက် ရောက်နေတဲ့ အရာဝတ္ထုကို တွေ့မြင်ရသလို ထင်ထင်ရှားရှားကြီး တွေ့ကြုံနေရတာဖြစ်လို့ " မျက်မှောက်ပြုတယ်"လို့လည်း ဆိုကြပါတယ်။
ဒုက္ခချုပ်ငြိမ်းရာ နိရောဓသစ္စာနဲ့ ပတ်သက်လို့ သာဝကတို့ တာဝန်က လုပ်ဆောင်ရတဲ့ တာဝန် မဟုတ်ပါဘူး၊ အလုပ် တာဝန် ကျေပွန်တဲ့ လုပ်ခအကျိုး အဖြစ် မျက်မှောက်ပြုရုံပါပဲ။
သစ္စာလေးခုမှာ တာဝန်လေးမျိုး ပြထားပေမယ့် တကယ်ဆောင်ရွက်ရမှာကတော့ မဇ္ဈိမ အကျင့်ဖြစ်တဲ့ မဂ္ဂင် ရှစ်ပါး(မဂ္ဂသစ္စာ)ကို ပွားများခြင်း တစ်ခုတည်းသာ ဖြစ်ပါတယ်။ မဂ္ဂသစ္စာကို ပွားများတဲ့ တာဝန် ကျေပွန်ပြည့်စုံတာနဲ့ တစ်ပြိုင်နက် ဒုက္ခသစ္စာကို ပိုင်းခြား သိခြင်း၊ သမုဒယသစ္စာကို ပယ်ခြင်း၊ နိရောဓသစ္စာကို မျက်မှောက်ပြုခြင်း တာဝန်(ကိစ္စ) များ လည်း တစ်ပြိုင်နက် ပြီးပါတယ်။ သိ,ပယ်,ဆိုက်,ပွား ,လေးပါး ကိစ္စ တစ်ပြိုင် နက် ပြီးစေ နိုင်စွမ်း ရှိလို့ မဂ်ဉာဏ်ကို တစ်ချက်ခုတ် လေးချက်ပြတ်တဲ့ ဓားသန်လျက်နဲ့ ဥပမာ ပေးကြ ပါတယ်။
ဒီနေရာမှာ အဘိဓမ္မာသဘောနဲ့ သုတ္တန်သဘောတို့ နှီးနှောပြီး သိထိုက်တာလေးလည်း ရှိနေပါတယ်။  အဘိဓမ္မာ သဘောအရ "သိတယ်"ဆိုတာ မိမိအာရုံပြုတဲ့ အရာ ကိုသာ သိတာ ပါ၊ မဂ်ဉာဏ် ဆိုတာ နိဗ္ဗာန်ကိုသာ အာရုံပြုတဲ့အတွက် "နိဗ္ဗာန်"ကိုသာ သိသင့်တယ်၊ ဘာဖြစ်လို့ ဒုက္ခသစ္စာကို သိနိုင်သလဲ ဆိုတာပါပဲ။ မတွေမဝေ (ပိုင်ပိုင်နိုင်နိုင်) ထိုးထွင်း သိခြင်း ကိစ္စ ပြီးပြည့်စုံတဲ့အတွက် သင်္ခတဓမ္မ အားလုံးကို ထိုးထွင်း သိမြင်တယ်လို့ ဆိုတာပါ၊ "ကိစ္စ" အားဖြင့် ပိုင်းခြား သိတယ်လို့ ဆိုလိုပါတယ်။  (သီ၊ဋ္ဌ၊ ၂၄၈)
ဒီလို သိသွားတဲ့အတွက် အရင်က ကြားတောင် မကြားဘူးတဲ့ သစ္စာလေးပါး တရားတို့နဲ့ ပတ်သက်လို့ မျက်စိလည်မှုကင်းပြီး အမြင်ရှင်းပြီ( စက္ခုံ ဥဒပါဒိ) အမြင် ရှင်းတဲ့အတွက် အသိ လည်း မှန်ပြီ ( ဉာဏံ ဥဒပါဒိ)၊ ခွဲခြမ်းစိတ်ဖြာ သိစရာများကိုလည်း ပိုင်းပိုင်းခြားခြား သိမြင်ပြီ ( ပညာ ဥဒပါဒိ)  အ၀ိဇ္ဇာမှောင် ခွင်းပြီး ထိုးထွင်း သိမြင်တဲ့ ၀ိဇ္ဇာဉာဏ် နဲ့ ပြည့်ပြီ။ ( (၀ိဇ္ဇာ ဥဒပါဒိ) အ၀ိဇ္ဇာအမှောင်ကင်းသွားတဲ့အတွက် ဉာဏ်အရောင် လင်းထိန်ခဲ့ပြီ၊ ( အာ လော ကော ဥဒပါဒိ) ဆိုတဲ့  ဂုဏ်ပုဒ်များဟာ မဇ္ဈိမ ခရီးဆုံးမှာ ရှိတဲ့ ပန်းတိုင်ရဲ့ သင်္ကေတ များပဲ ဖြစ်ပါတယ်။
သစ္စာတစ်ပါး တစ်ပါးမှာ သစ္စ၊ ကိစ္စ၊ ကတ ဆိုပြီး သုံးထပ် သုံးကျော့စီ ရှိတဲ့အတွက် သစ္စာ လေးပါးပေါင်းမှာ အထပ်အကျော့ (၁၂)ပါး ပြားပါတယ်။ " တိပရိဝဋ္ဋံ- သုံးပါးထပ်မံ သုံးကျော့ ပြန်ရှိသော "လို့ ပခုက္ကူ ဆရာတော် ပြန်ဆိုပါတယ်။ " ပထမ သစ္စဉာဏ် နဲ့ နာယူ ပြီး သိတယ်။ နောက် ကတဉာဏ်နဲ့ ကိုယ်တိုင် ကျင့်သုံးပြီး နာယူ သိကို တိုးပွားစေတယ်၊ နောက်ဆုံး ကတဉာဏ်နဲ့  ဆုံးဖြတ် သိပြီးတဲ့ အခါမှာတော့ ကိုယ်တိုင်သိ အဖြစ် တိုးတက် ပြောင်းလဲ ပြည့်စုံသွားပါတယ်။ အဲဒီလို အသိတွေ အထပ်ထပ် အကျော့ကျော့ ဖြစ်အောင်  လုပ်ရတာကိုပဲ "ဘာဝနာ=ပွားများတယ်"လို့ ဆိုရတာ ဖြစ်ပါတယ်။
သုံးကျော့ သုံးလီ (၁၂)ပါးလုံး စင်ကြည်ပြည့်စုံ အောင် သိပြီးတဲ့အတွက် လောကသုံးပါး မှာ သဗ္ဗညုဘုရား အဖြစ် ၀န်ခံနိုင်ခဲ့ပြီး ငါရဲ့ အရဟတ္တဖိုလ်ခေါ် ၀ိမုတ္တဉာဏ်ဟာလည်း ဆန့်ကျင် ဘက် တရားတို့ကြောင့် မလှုပ်မယိုင် မြဲခိုင်ခဲ့ပြီး၊ အခုဘ၀ ဖြစ်ရတဲ့ ဇာတိဟာလည်း နောက်ဆုံး လာဘိ နှစ်ခါမရှိတဲ့ ဇာတိပင် ဖြစ်တော့တယ် ဆိုတာ ကိုလည်း ဆင်ခြင် သိမြင်ပြီလို့  မိန့်ကြား    ရင်း တရားကို  နိဂုံးချုပ်တဲ့အခါမှာတော့ ပဉ္စ၀ဂ္ဂီ ငါးဦးတို့က နှစ်ခြိုက် အားရ၀မ်း မြောက် ၀မ်း သာ လက်ခံ သွားကြ ပါတော့တယ်။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

Sunday, August 4, 2013

စက်ရုပ် ဆီပြတ် ဒုက္ခရပ် (ဓမ္မစကြာ ၆)

copy from http://ashinsirinda.com/
Jan 11 2010
မင်းတို့ဟာ တလင်းဖြစ်အောင် လုပ်နိုင်တာလား၊ တောရှင်းအောင် လုပ်နိုင်တာလား     (တောင်တွင်းကြီး နတ်မှီတောရ ဆရာတော်)
တရားဦးရဲ့ ပထမ သစ္စာနဲ့ ဒုတိယ သစ္စာကို သဘောပေါက်သွားရင် ဒုက္ခဆိုတာ တဏှာ အဆီ ထည့်ထားလို့ ဥပါဒါန်က လှုပ်ပေးတိုင်း အသက်ဝင်သလို လှုပ်နေတဲ့ စက်ရုပ်ကျားကြီး ဆိုတာကိုလည်း သဘောပေါက် လောက်ပါတယ်။ တကယ်ကျားကြီးလို့ ထင်ယောင် ထင်မှား ဖြစ်ရတာကတော့ အ၀ိဇ္ဇာက မျက်နှာဖုံး စွပ်ပေး ထားလို့ပါ။ ဒါကြောင့်လည်း အ၀ိဇ္ဇာ အမှောင် ထု အားကြီးတဲ့အခါ ပိုပြီးခြောက်လှန့်နိုင်တာပေါ့။ "ပညာ"နေမင်းကြီး ထိန်ထိန်လင်းလာပြီ ဆိုရင်တော့ တဏှာ အဆီလည်း အငွေ့ဖြစ်ပြီး ခန်းခြောက် သွား မယ်၊ ဥပါဒါန်ကလည်း မလှုပ် ပေးနိုင်တော့ဘူး။ အရုပ်ကြီးပဲ ဆိုတာလည်း ရှင်းရှင်း လင်းလင်းကြီး သိသာ ထင်ရှားလာ ပြီ ။  အဲဒီလို ဖြစ်သွားပြီ ဆိုရင်တော့ စက်ရုပ်ကြီး ဇက်ပြုတ်သွားသလို တစ်ချက်မှ မလှုပ်နိုင် တော့ ဘဲငုတ်တုပ်သေပြီး ပုံကျသွားတော့မယ် ဆိုတာလည်း ရိပ်စား မိလောက်ပါတယ်။
ဒါကြောင့် မြတ်စွာဘုရားရှင်က တတိယသစ္စာကို ဟောတဲ့အခါမှာ အရေးမပါတော့တဲ့ ဒုက္ခအရုပ်ကြီး အကြောင်း ဘာမှ မပြောတော့ဘူး။ အရုပ်ကို အသက်ဝင်သ လို ဖြစ်စေတဲ့ တဏှာအဆီ ကုန်ခန်းပုံကိုသာ ပစ်မှတ်သဖွယ် ထားပြီး ဟောတော်မူပါတယ်။
တဏှာအကြွင်းမဲ့ ချုပ်ပြီဆိုရင် ဒုက္ခစက်ရုပ်ကြီးလည်း ဘယ်လိုမှ မလှုပ်နိုင်တော့တဲ့ အတွက်
"မုတ္တိ=လွတ်မြောက်ပြီ"လို့ ခေါ်ပါတယ်။ တဏှာအကြွင်းမဲ့ ချုပ် အောင် ဖယ်ထုတ်ရာ မှာ ကျင့်သုံးပုံ နည်းနှစ်မျိုးရှိပါတယ်။
"စာဂ"လို့ခေါ်တဲ့ တဖြည်းဖြည်းစွန့်ပြီး ခွာတဲ့နည်းနဲ့ "ပဋိနိဿဂ္ဂ"လို့ခေါ်တဲ့ ဇွတ်အတင်း ခွာချ ဖြုတ်ပစ်တဲ့ နည်းတို့ပါပဲ။
ဒီနည်းနှစ်မျိုးကို ဥပမာ အကူအညီနဲ့ စဉ်းစားကြည့်မှ ပိုပြီး သဘောပေါက်နိုင်ပါလိမ့် မယ်။ "တဏှာ" ဆိုတာ အာရုံကို လိုချင် တပ်မက်တဲ့သဘော ဖြစ်လို့ "ကိလေသာကာမ" လို့လည်း ခေါ်ပါတယ်။ အိုင်းအမာ (အနာ) နဲ့တူတယ်။ (ကာမော ဂဏ္ဍော)လို့ ဘုရားရှင်က ဟောပါတယ်။
"အနာ " ကို ကုသတဲ့ နေရာမျာ သောက်ဆေး လိမ်းဆေးတွေနဲ့ တဖြည်းဖြည်း ရင့်၊ မှည့်၊ ပြည်ပေါက်၊ အမြစ်ကျွတ်၊ ခြောက်၊ ကွာကျပြီး ပျောက်အောင်ကုတဲ့ နည်းက "စာဂ= စွန့်တဲ့ နည်းပါ"။ အနာထပိဏ်တို့
ဝိသာခါတို့ အပါအ၀င် အများစုက ဒီနည်းက ကုကြတယ်လို့ ဆို နိုင်ပါတယ်။ အခံရမခက်ဘူး၊ အပျောက်နှေးတယ် "တစတစစွန့်ဝံ့မှလျှင် ဘ၀နောင့်နှောင်း တာရှည်ကောင်း၏" ဆိုတာ ဒီသဘောကို ပြောတာပါပဲ။
ရင့်တာ မှည့်တာ အမြစ်တွယ်တာတွေအထိ အဖြစ်မခံတော့ပဲ၊ မကောင်းတဲ့သွေးကို ခွဲထုတ် အနာစိမ်း ဖြစ်အောင်လုပ်ပြီး အမြန်ခြောက်၊ ကွာကျသွားအောင် ကုတဲ့နည်းက "ပဋိနိဿဂ္ဂ=ကွာချတဲ့နည်း" လို့ ဆိုရပါလိမ့်မယ်။ မျှစ်စိမ်းချိုး ချိုးပစ်တဲ့သဘောပေါ့။ "သိဒ္ဓတ္ထ"မင်းသားတို့" ယသ"သတိုးသားတို့ စွန့်ခွာ သွားတာ ဒီနည်းမျိုးပါ၊ ခဏတော့ ခံရ ခက်ပါလိမ့်မယ်။ အပျောက်မြန်ပါတယ်။   တဏှာ အကြွင်းမဲ့ ကွာကျသွားရင်" မုတ္တိ=လွန်မြောက်တယ်" လို့ ခေါ်ပါတယ်။
တဏှာရယ် ၊ ဒုက္ခရယ်၊ လွတ်တာရယ်ကို သဘောပေါက်ဖို့ ဘုရားရှင် ပေးထားတဲ့ ဥပမာ လေးတွေနဲ့ မှန်းဆ ကြည့်နိုင်ပါတယ်။
အတွင်းက လိုချင်တဲ့ သဘောဖြစ်တဲ့ "တဏှာ"ကို  ကိလေသာကာမ"လို့ခေါ်ပါတယ်။
"အနာ"နဲ့တူပါသတဲ့ ( ကာမော ဂဏ္ဍော ) ။
အပြင်မှာရှိတဲ့ အာရုံငါးပါးတို့ကတော့ လိုချင်စရာ ၀တ္ထုတွေဖြစ်လို့ "၀တ္ထုကာမ"လို့ ခေါ်ပါတယ်။ "အာရုံငါးဖြာ၊ ကာမဂုဏ်တရားမှာ" ဆိုတာ ဒါကို ပြောတာပါ။ "ဆားငန်ရေ" နဲ့ တူပါသတဲ့။ "ကာမငါးထွေ၊ ဆားငန်ရေသို့၊ သောက်လေ လောက်လေ ငတ်မပြေသည့်၊ " ဆိုတာ ဒါကို ပြောတာပါပဲ။
"ဆားငန်ရေ" ဆိုတာ ရှာနဲ့တွေ့ရင် ငန်ပါတယ်။ တစ်ခြားနေရာနဲ့ထိရင်တော့ ဘာအရသာမှ မရှိပါဘူး။ ဒါပေမဲ့ တစ်ခြားနေရာနဲ့ ထိမိလို့"နာကျင်စပ်ရှား" တဲ့ဝေဒနာကို ခံစားရပါတယ် ဆိုရင်တော့ အဲဒါ စဉ်းစား ကြည့်ပါ။ ဘာကြောင့်ဒီလို ခံစားရတာလဲ၊ ဆားငန် ရေကြောင့်လား အနာကြောင့်လား၊ အနာမရှိရင် ဒီလိုခံစားရပါမလား၊ ငန်လဲမငန်၊ စပ်လဲ မစပ် နိုင်ပါဘူး။
ဒါကြောင့်တဏှာက "အနာ" ပါ၊ အာရုံငါးပါး သင်္ခါရတရားတို့က "ဆားငန်ရေ" ပါ။ အနာရှိတဲ့အတွက် ဆားငန်ရေနဲ့ထိတဲ့အခါ နာကျင်စပ်ရှား ဆိုးဝါးခံခက်ဖြစ်တာက "ဒုက္ခ"ပါ။ အနာမရှိတဲ့အတွက် ဆားငန်ရေနှင့် ထိပေမယ့် ဘာအရသာမှမရှိ၊ နာကျင် စပ်ရှား ဆိုးဝါး ခံ ခက်မှုလည်း မရှိတာ "၀ိမုတ္တိ"ပါ။
ဝိမုတ္တိဖြစ်ဖို့အတွက် အာရုံ သင်္ခါရတွေကို စွန့်ပယ်ရမှာ မဟုတ် ပါဘူး၊ အနာကိုသာ စွန့်ပယ်ရမှာပါ၊ ဒါကြောင့်လည်း သစ္စာတရားတို့နဲ့ပတ်သက်ပြီး
တာဝန်ပိုင်း(ကိစ္စ)ကိုပြောတဲ့အခါ ဒုက္ခဆိုတာ သိရုံ သိရမှာ၊ ပယ်ဖို့မလိုဘူး(ပရိညေယျ) လို့ ဟောတော်မူပြီး တဏှာသမုဒယကိုသာ(ပဟာတဗ္ဗှ=ပယ်ရမယ်)လို့ ဟောတော်မူတာပါ။
"မုတ္တိ=လွတ်တယ်" ဆိုတာဟာ ဆင်းရဲတာ မဟုတ်သလို ချမ်းသာတာလဲ မဟုတ် ပါဘူး၊ ဆင်းရဲခြင်း၊ ချမ်းသာချင်း နှစ်မျိုးလုံးကလို လွတ်တဲ့သဘောပါ။ ပုထုဇဉ်တို့ရဲ့ အလေ့အထုံက "ချမ်းသာတယ်"ဆိုတာ သည်းချေကြိုက်လိုဖြစ်နေကြလေတော့ ချမ်းသာ ခြင်း မဟုတ်ဘူးဆိုရင် တယ်လက်မခံချင်တတ်ပါဘူး။ တစ်ခြားဥပမာလေးတစ်ခုနဲ့ စဉ်းစား ကြည့်ရအောင်ပါ။
တဏှာလို့ခေါ်တဲ့ ကိလေသာ ကာမကို စာမှာတော့ ကုဋ္ဌဝေဒနာနဲ့ တူတယ် လို့ဆိုပါတယ်။ "၀ဲခြောက်နာ"နဲ့ တူတယ်လို့ပြောရင်လည်း သဘောပေါက်နိုင်ပါတယ်။ ၀ါခြောက်နာများဟာ မီးနဲ့ဝေးပြီး အအေးဒဏ်နဲ့ ကြုံရတဲ့အခါ နာကျင် ကိုက်ခဲပြီး အလွန် အနေရ ခက်ပါသတဲ့။ မီးလေးနဲ့ကင်ပေးပြီး ကုတ်ပေးနေရင်တော့ တယ်ဇိန်ကျဆိုကိုး။ သင့်လျော်တဲ့ဆေးနဲ့ ကုသပေးလိုက်လို့ ၀ဲခြောက်နာဆိုတာ လုံးဝ မရှိတော့ဘူးဆိုရင် မီးနဲ့ဝေး လို့ အေးပြီး နာကျင်ခံခက်တယ်ဆိုတဲ့ ဒုက္ခမရှိသလို မီးပူးလေးနဲ့ကင်ပေးပြီး ဇိန်ကလေးနဲ့ ကုတ် ပေးရင်း ခံစားနေရတဲ့ သုခဆိုတာလည်း မရှိတော့ပါဘူး။
တဏှာနဲ့ ၀ဲခြောက်နာ၊ လိုချင်တဲ့အာရုံနဲ့ ဝေးနေရတာက မီးနဲ့ဝေးနေရတာ၊ လိုချင်တဲ့ အာရုံကို ရရှိနေ တာက မီးပူလေးနဲ့ ကင်ခွင့်ရနေတာ။ လိုတာလေး ရလို့ ပီတိ သုခ တွေ ဖြစ်နေတာက ၀ဲနာကို မီးကင်ပြီး ဇိန်ကျနေတာတို့နဲ့ အသီးသီးတူကြပါသတဲ့။ ဒီဥပမာ အတိုင်းဆိုရင်တော့ လောကီ စီးစိမ်ချမ်းသာဆိုတာ
ဝဲခြောက်ကို မီးကင်ခွင့် ရပြီး ဇိန်ကျနေ တဲ့ သဘောလိုဘဲ ပြောရမယ်ထင်ပါတယ်။
တဏှာ အကြွင်းမဲ့ ချုပ်သွားတာကတော့ ၀ဲခြောက်နာ ပျောက်ကင်းသွားတဲ့ သဘောပါ။ အဲဒီအချိန်မှာ
မီးနဲ့ဝေးခြင်း၊ နီးခြင်းကို အကြောင်းပြုပြီး ခံစားရခြင်းနဲ့ တူတဲ့ ဆင်းရဲခြင်း၊ ချမ်းသာခြင်းဆိုတာ နှစ်မျိုး လုံးမရှိတော့ပါဘူး၊ အဲဒါကြောင့် "မုတ္တိ=လွန် မြောက် တယ်"လို့ ဆိုရတာပါ။ ဆင်းရဲနဲ့ ချမ်းသာဆိုတာ အချင်းချင်း နှိုင်းယှဉ်ချက်အရ လောကနယ်မှာ သတ်မှတ်ချက်ဖြစ်ပါတယ်။ မုတ္တိ(၀ိမုတ္တိ)ဆိုတာ လောက နယ်ကိုလွန်တဲ့ " လောကုတ္တရာ" တရားဖြစ်လို့ အတိအကျ တူညီတဲ့ ခိုင်းနှိုင်းစရာရယ်လို့ မရှိပါဘူး။
 "အနှိုင်း လွက် တရားသာ ဖြစ်ပါတယ်" ။ ဘာနဲ့မှ နှိုင်းပြလို့ မရတဲ့အတွက် တရားဂုဏ်တော်မှာ
" ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ= သိမြင်ခံစားနိုင်တဲ့ပညာနဲ့ ပြည့်စုံသူတို့သည်သာ ကိုယ်တိုင် ခံစား သိမြင်နိုင်တဲ့တရား"လို့ ဆိုတာပါ။
အနှိုင်းလွတ်ဖြစ်တဲ့ ၀ိမုတ္တိသုခကို ကိုယ်တိုင် ခံစားနှိုင်ခွင့်ရပြီးတဲ့ ပုဂ္ဂိုလ်များ အနေနဲ့ တော့ ၀ဲခြောက်ကို မီးကင်ပြီး ခံစားရတဲ့ သုခဆိုတာကိုလဲ ဘယ်တော့မှ ပြန်လည်တောင့်တ ခြင်း မရှိ တော့ပါဘူး။ ဒါကြောင့် တတိယသစ္စာရဲ့ နောက်ဆုံး စကားပိုဒ်က " အနာလယော= နောက် ကြောင်းပြန်လှည့် ငဲ့ကွက်တွဲတာခြင်း
မရှိလို့"ဆိုတာပါ။ အလယပြတ်တယ်ဆိုတာ "အနာလယ"ရဲ့ ပါဠိပျက် ဝေါဟာရပါပဲ။ " ကုသလာ ကုသလံ ဇဟံ= ကုသိုလ် အကုသိုလ်တို့ ရဲ့ အကျိုးဖြစ်တဲ့ ချမ်းသာနဲ့ဆင်းရဲ နှစ်မျိုးလုံးကို စွန့်ပယ်လိုက်ပြီ" ဆိုတာ လည်း ဒီသဘောကို ပြောတာပါ။
ဒီတတိယသစ္စာကို တဏှာရဲ့လွမ်းမိုး ချယ်လှယ်မှုက လွတ်မြောက်တဲ့ အတွက် မုတ္တိ(၀ိမုတ္တိ)လို့ ခေါ်သလို တဏှာဆိုတဲ့ အဆာဓာတ် ချုပ်ငြိမ်းသွားပြီ ဖြစ်လို့ "နိဗ္ဗာန=နိ+၀ါန =  အဆာဓာတ်ငြိမ်းအေးတဲ့ တရား"လို့လဲ ခေါ်ပါတယ်။

ဒီတတိယသစ္စာမှာ နောက်ထပ် နားလည် သဘောပေါက်ခဲတဲ့ အဓိပ္ပာယ်က တော့ "အသင်္ခတ= ဘယ်လို အကြောင်းတရားကြောင့်မှ ဖြစ်ပေါ်လာတဲ့ (ပြုလုပ်လို့ ရတဲ့ အကျိုးတရား မဟုတ်ဘူး"ဆိုတာပါပဲ။ တစ်ချို့ကတော့ နိဗ္ဗာန်ဆိုတာ ၀ိပဿနာ ကုသိုလ်ကြောင့်ရတဲ့ တရား လို့ ထင်တတ်ကြသလို မဂ်ရဲ့ အကျိုးတရား လို့ ထင်သူကလည်း ထင်တတ်ကြပါတယ်။ တကယ် ကတော့ "မဂ် စိတ်ရဲ့ အကျိုးတရားက ဖိုလ်စိတ်သာ ဖြစ်ပါတယ်။ နိဗ္ဗာန်ဆိုတာ ဘယ် အကြောင်းတရားရဲ့ အကျိုး တရားမှလည်း မဟုတ်ဘူး ဒါကြောင့် အကြောင်းမဲ့ဖြစ်တာလား ဆို ပြန်တော့ အကြောင်းမဲ့ ဖြစ်တာလဲ မဟုတ်ဘူး။ အဲဒါကို နားမလည် နိုင်တာပါ။
ဒေးဒရဲမှာ နိကာယ်သင်တန်းတက်စဉ်က ဒီအကြောင်းနဲ့ ပတ်သက်ပြီး မေး ဖြေ ဆွေး နွေး ကြပါတယ်။ ဦးဇင်းတစ်ပါးက "ဆရာတော် နိဗ္ဗာန်ဆိုတာ ၀ိပဿနာ ဘာဝနာကို ပွားများ တဲ့ အတွက် မျက်မှောက်ပြု လာရတဲ့ တရားမဟုတ်လား ၊ ဘာလို့ "အသင်္ခတ= အကြောင်း တရား တို့က ပြုလုပ်ခြင်းကြောင့် ဖြစ်ပေါ် လာတဲ့ တရားမဟုတ်" လို့ ဆိုရတာတုံးဆိုတာ ရှင်းပြ ပါအုံး။" လို့ လျောက်ထားပါတယ်။
မှတ်မှတ်ရရ အဲသည်နေ့က ဥပုသ်ထွက်နေ့ပါ၊ ဒေးဒရဲကွင်းကျောင်းမှာ နိကာယ် သင်တန်း ပို့ချနေတဲ့ ကျောင်းဆောင်ကြီးရဲ့ ရှေ့မှာ ကွက်လပ်ကြီး တစ်ခုရှိပါ တယ်။ ဘာ အ ဆောက်အဦးမှ မရှိလို့ ကွက်လပ်လို့ပြောရတာပါ။ ပိစပ်ပင် ၊ ထိရရုန်းပင် စတဲ့ ချံနွယ် မြက် ပင်တွေ တောထနေပါတယ် ၊ (အရင်နေ့) ဥပုသ်နေ့ကမှ ကပ္ပိယတွေ ကျောင်းသားတွေ ကိုယ် ရင်တွေနဲ့ စုပေါင်း ရှင်းလင်းထားလို့အဲဒီနေ့ (ဥပုသ်ထွက်နေ့)ရောက်တော့ ကျောင်းရှေ့မှာ ချုံနွယ် ပိတ်ပေါင်းတွေရှင်းပြီး တလင်းပြင် ဖြစ်နေပါပြီ။
တောင်တွင်းကြီး နတ်မှီတောရ ဆရာတော်ကြီးက ဦးဇင်းလေး မေးလျောက်တဲ့ စကားကို နားထောင်ပြီး ခန စဉ်းစားနေတယ်။ ပြီးတော့မှ ကျောင်းရှေ့က တလင်း ပြောင်ကို ကြည့်ြုပီး" ဟောဟို တလင်းပြောင်ကြီးဟာ ဘယ်သူလုပ်လို့ ဖြစ်ပေါ်လာတယ်ထင်သလဲ" လို့ မေးလိုက်ပါတယ်။ ဦးဇင်းလေးက" တပည့်တော်တို့ လုပ်တာ ပေါ့ဘုရား မနေ့က ဥပုသ်နေ့ဖြစ် လို့ တပည့်တော်တို့ စုပေါင်းပြီး လုပ်လိုက်ကြတာပဲ"လို့ လျောက်ပါတယ်။
ဆရာတော်ကြီးက" ဟုတ်ရဲ့လားကွ သေသေချာချာ ပြန်စဉ်းစားပါအုံး မနေ့က အလုပ်လုပ်ခါနီး ကပ္ပိယတွေ ကျောင်းသား ကိုယ်ရင်တွေစုပြီး ခေါ်တုံးက မင်းတို့ ဘယ်လို ပြောခဲ့တုံး။ " လာကြဟေ့ တလင်းပြောင်ကြီး လုပ်ကြစို့လို့ ပြောပြီး ခေါ်တာလား" ဆိုတော့ အဲဒီ လိုတော့ ဘယ်ဟုတ်မလဲ ဘုရား " ပေါင်းတွေ ရှင်းကြ စို့လို့ ပြောပြီးခေါ်တာပေါ့" တဲ့။ " ဒါဖြင့် မင်းတို့ဟာ တလင်းဖြစ်အောင် လုပ်နိုင်တာလား တောရှင်းအောင် လုပ် နိုင်တာလား" ဆိုတော့ ဆရာတော်…… ဘာထူးလဲ ဘုရား အဲဒါ အတူတူပဲ မဟုတ်လားလို့ လျောက် ထား ပါတယ်။
" မဟုတ်ဘူးလေ ကိုယ်လုပ်နိုင်တာ ကိုယ်သိရမှာပေါ့ မင်းတို့ တလင်းကို လုပ်နိုင် တာလား ပေါင်းရှင်း တာကို လုပ်နိုင်တာလား" ဆိုတော့မှ " ပေါင်းရှင်းတာကို လုပ်နိုင်တာပါ ဘုရား"လို့လျောက်ထားပါတယ်။
" အေး…… အဲသလို ပေါ့ကွာ မဂ်စိတ်(မဂ်ဉာဏ်)ဆိုတာ နိဗ္ဗာန်ကို ဖုံးကွယ်နေတဲ့ ကိ လေသာ ချုံတော ကြီးကို ခုတ်ထွင် ရှင်းလင်းတဲ့ အလုပ်ကိုသာ လုပ်နိုင်တာ နိဗ္ဗာန်ကို လုပ်နိုင် တာ မဟုတ်ဘူး။ ကိလေသာချုံရှင်းလို့ ပေါ်လာတဲ့ ကွက်လပ်နဲ့တူတဲ့ နိဗ္ဗာန်ကိုတော့ အာရုံ ပြု ယုံဘဲ ပြုနိုင်တာပါ။ ဒီ လို ပြော လိုက်တဲ့အတွက် " ဒါဖြင့် နိဗ္ဗာန်ဆိုတာ အကြောင်းမဲ့ ဖြစ်တဲ့ တရားလား"လို့လဲ တွေးစရာ မလိုတော့ပါဘူး။ ချုံကို မရှင်းနိုင်ရင် တလင်းမဖြစ်သလို ကိလေ သာကို ရှင်းမပစ်ရင်လည်း နိဗ္ဗာန်ဆိုတာ ပေါ်ပေါက်နိုင်တဲ့ တရားမှ မဟုတ်ပဲလို့ မိန့်ကြားတော် မူပါတယ်။
စကားဝိုင်းမှာပါဝင်တဲ့ မထေရ်လတ် တစ်ပါးကတော့"ကိုယ်တော်လေး ဒီ လောက် ဆို သဘောပေါက်တော့ ကိုယ်က တလင်းပြောင် ဖြစ်စေချင်တာပဲ မဟုတ်လား ၊ ချုံ တွေ ရှင်း သွားရင် တလင်းပြောင် တွေ့မယ် ဆိုရင် တော်ရောပေါ့၊ ရှေ့ဆက် ဘာများ တွေးတော သံသယ ဖြစ်စရာလိုသေးလဲ"လို့ မိန့်ကြားလိုက် တဲ့ အတွက် "မှန်ပါ အခုလို သိရတာကို ကျေနပ် ၀မ်းသာ လှပါပြီဘုရား"လို့ လျောက်ထားပါတယ်။ ဒီထက် ပိုရှင်းဖို့ကတော့ နိဗ္ဗာန်မှာ ဆုံရှင်းကြတာပေါ့။
ဓမ္မဘေရီအရှင်ဂီရိယ(တောင်စွန်း)

Saturday, August 3, 2013

ချစ်ခြင်း မုန်းခြင်း ကင်းသည့် ခရီးသည် (ဓမ္မစကြာ ၅)



copy from http://ashinsirinda.com/
Jan 10 2010
"မကောင်းမှု ဒုစရိုက်"ဆိုတာ "ချစ်ခြင်း၊ မုန်းခြင်း" ဆိုတဲ့ အစွန်း တစ်ခုခုနဲ့ ငြိသူတွေသာ ကျူးလွန်လေ့ရှိတဲ့ အမှုမျိုး ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့ မဇ္ဈိမလမ်းစဉ် မပေါ်ခင်က လူတို့(သတ္တ၀ါတို့) လျှောက်လှမ်းနေတဲ့ လမ်းစဉ်ဟာ အမည်တွေ အမျိုးမျိုး ကွဲပြားကြပေမယ့် အမျိုး တူရာ ပေါင်းလိုက်တဲ့အခါ အာရုံကို အချစ်ကြီး လွန်းသူတို့ရဲ့ "ကာမသုခလ္လိက"လမ်းစဉ်နှင့် အာရုံကို အမုန်းကြီးလွန်း သူတို့ရဲ့ "အတ္တကိလမထ" လမ်းစဉ် ဆိုပြီး နှစ်မျိုးသာရှိကြောင်း တရားဦးအစမှာ မြတ်ဗုဒ္ဓက ထောက်ပြခဲ့ပါ တယ်။
ဒီခရီးသည် နှစ်မျိုးတို့ဟာ အချင်းချင်း ဖြောင့်ဖြောင့် ဆန့်ကျင်တဲ့ လမ်းနှစ်ခုကို လျှောက် လှမ်းနေကြတယ် လို့ ထင်ရပေမယ့် တကယ့်ပန်းတိုင် ရှိရာ ရှေ့တည့် တည့်ကို ကြည့်ရကောင်း မှန်း မသိကြတာချင်းကတော့ အတူတူပါပဲ။ ရှေ့တည့်တည့်ကို ကြည့်ရကောင်းမှန်းမသိလို့ ဘေးကို ကြည်မိ နေကြပေမယ့် ဘေးကို လည်း တကယ် မမြင်ကြပါဘူး၊ ဘေးကို မမြင်ဘဲ ဘေးဘက်ကို ဦးတည် ဇွက်တိုးနေကြလို့ နောက်ဆုံးမှာ ဘေးစွန်းနဲ့ ငြိပြီး ဘေးတွေ့ကြတာ ချင်းလည်း အတူတူပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြတ်ဗုဒ္ဓက အစွန်းတရား နှစ်ခုလုံးတို့ရဲ့ နိဂုံးကို "အနရိယော အနတ္ထသံဟိတော= သူမြတ်တို့ လက်မခံတဲ့ အကျိုးမဲ့လမ်း ဖြစ်တယ်" လို့ တစ်ပေါင်းတည်း မှတ်ချက်ချတော်မူတာပါ။

ကာမသုခလ္လိက ခရီးသည်များက အာရုံကို အချစ်ကြီးလွန်းတယ်၊ အတ္တကိလမထ ခရီး သည်တို့က အာရုံကို အမုန်းကြီးလွန်းတယ်။ သတ္တ၀ါတွေကို ဒုက္ခခရီးရှည်စေတဲ့ မကောင်းမှု ဒုစရိုက် ဆိုတာက
ချစ်ခြင်း၊ မုန်းခြင်းဆိုတဲ့ အစွန်းတစ်ခုခုနဲ့ ငြိသူတွေသာ ကျူးလွန်လေ့ရှိတဲ့ အမှုမျိုး ဖြစ်ပါတယ်။

ဘေးရောက်ရင် ဘေးတွေ့တတ်တဲ့အတွက် ဘေးဘက်ကို မလျှောက်ဘဲ ဘေးလွတ်ရာ ရောက်အောင် ရှေ့တည့်တည့် လျှောက်ရမယ့် မဇ္ဈိမခရီးသည်ဆိုတာ ချစ်ခြင်း၊ မုန်းခြင်း ကင်း သူ ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မဇ္ဈိမ ချဉ်းကပ်လမ်းမှာ ဣန္ဒြိယသံဝရ= ဣနြေ္ဒကိုစောင့် စည်းမှုနဲ့ ပြည့်စုံဖို့ လမ်းညွန်ခဲ့တာပါ။ မျက်စိ၊ နား၊ နှာ စတဲ့ ဣနြေ္ဒများနဲ့ အပြင်အာရုံတို့ တိုက် ဆုံမိခြင်းကို အကြောင်းပြုပြီး ချစ်ခြင်း၊ မုန်းခြင်း ဆိုတဲ့ ဘက်တစ်ခုခုစီ ရောက်မသွားအောင် ထိန်းသိမ်း စောင့်ရှောက်နိုင်မှုနဲ့ ပြည့်စုံရမှာပါ။  ဣနြေ္ဒလုံခြုံရင် ဒုစရိုက်ကင်းပြီး ချမ်းသာခြင်းကို ဆောင်နိုင်ပါတယ်။

"စိတ္တံ ရက္ခေထ မေဓာဝီ၊ စိတ္တံ ဂုတ္တံ သုခါဝဟံ= စိတ်ကို လုံခြုံအောင် စောင့်ကြပါ။ စိတ်လုံခြုံရင် ချမ်းသာကို ဆောင်နိုင်ပါတယ်။(ဓမ္မပဒ၊၃၆)ဆိုတာ ဒီသဘောကို ရည်ညွန်းတာ ပါပဲ။  ဒုစရိုက်ကင်းပြီး သုစရိုက် သုံးပါးနဲ့ ပြည့်စုံတဲ့တွက် သီလသိက္ခာ ပြည့်စုံသူ လို့လည်း ဆိုနိုင်ပါပြီ။ သမာဓိသိက္ခာ၊ ပညာသိက္ခာ တိုးပွားရေး အတွက် အဆင့်မီသူလည်း ဖြစ်ပါပြီ။ ဒါကြောင့် "သုစရိုက်နဲ့ ပြည့်စုံရင်  သတိပဋ္ဌာန်လေးပါး ပြည့်စုံ စေ တယ်"လို့ အ၀ိဇ္ဇာသုတ်မှာ ဆက်ပြီး ဟောတာပါ။ သတိပဋ္ဌာန်လေးပါး ပြည့်စုံစေတယ်ဆိုတာ မဂ္ဂင်ရှစ်ပါး(မဇ္ဈိမပဋိပဒါ) ကိုပြည့်စုံအောင် အားထုတ်ဖို့ လုံလောက်ပြီလို့ ဆိုတာနဲ့ အတူတူပါပဲ။

"မဇ္ဈိမ ချဉ်းကပ်လမ်း" လို့ ပြောခဲ့တဲ့ သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ခြင်းကစပြီး သုစရိုက်သုံးပါး ပြည့်စုံလို့ သီလသိက္ခာကို မိမိသန္တာန်မှာ အိမ်ရှင်သဖွယ် တည်ရှိတဲ့အထိကို အသေအချာ ပြန်ပြီး စဉ်းစား သုံးသပ်ကြည့်မယ်ဆိုရင် စိတ်ရဲ့ စွမ်းအားစုဖြစ်တဲ့ သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာ ၊ ငါးပါးထဲမှာ "သဒ္ဓါ"တရားက ဦးဆောင်ခဲ့တာ ဖြစ်ပြီး ကျန်စွမ်းအား လေးခုက ကူညီ ထောက်ပံ့ပေးတဲ့ အဆင့်မှာပဲ ရှိတယ် ဆိုတာကိုလည်း သဘောပေါက်သင့် ပါတယ်။ သဒ္ဓါစွမ်းအား ကောင်းမှ ဒီအဆင့်ကို ရောက်မယ်လို့ ဆိုလိုတာပါ။

မှန်ပါတယ်။ ကျိုး ပေါက် ပြောက် ကြားခြင်းမရှိ၊ တဏှာကျွန် အဖြစ်က လွတ်အောင် ရုံးပြီး တဏှာဒိဋ္ဌိ တို့နဲ့ လည်းမှားမှားယွင်းယွင်း စွဲကပ်မထားဘဲ သမာဓိကို အထောက်အကူ ပေးနိုင်လောက်တဲ့ သီလသိက္ခာ ဆိုတာ အနည်းဆုံး သောတာပန် ဖြစ်နိုင်လောက်တဲ့ သောတာ ပတ္တိယင်္ဂ တရားလေးပါးထဲမှာ အဓိက အကျဆုံးလည်း ဖြစ်ပါယ်။ " စတူသု -သောတာပတ္တိ ယင်္ဂေသု ဧတ္ထ သဒ္ဓါဗလံ ဒဋ္ဌဗ္ဗံ= သောတာပတ္တ အင်္ဂါလေးပါးတို့မှာ သဒ္ဓါ တရားကို အဓိက ဦးဆောင်တဲ့ တရားလို့ မှတ်ရမယ်" (အံ၊၂။၁၀ ဒဋ္ဌဗ္ဗသုတ်) ဆိုတဲ့အတိုင်း သီလသိက္ခာမှာ သဒ္ဓါ စွမ်းအားက အဓိက ဦးဆောင်ဖြစ်ပါတယ်။

ဆက်လက် လျှောက်လှမ်းကျင့်သုံးရမယ့် မဇ္ဈိမ လမ်းမှာ ကျန်တဲ့ သိက္ခာ နှစ်ခုထဲက သမာဓိသိက္ခာဖြစ်တဲ့ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ မဂ္ဂင်သုံးပါးတို့ကို အဓိက ပွား များ အားထုတ်ကြရမှာပါ။ သမာဓိသက္ခာဟာ သီလနဲ့ ပညာတို့ကို တပေါင်းတည်း အပြည့်အ၀ ဖြစ်အောင် ပေါင်းစပ်ပေးပါတယ်။ မဂ်အဆင့် ရောက်တဲ့အခါ သီလဟာ စောင့်သီလ( သမာဒါန၀ိရတိ) ရှောင်သီလ (သမ္ပတ္တ၀ိရတီ) အဆင့်ကို ကျော်လွန်ပြီး မြဲသီလ (သမုစ္ဆေဒ၀ိရတီ) အဆင့် ရောက်သွားတဲ့အတွက် သီလနဲ့ ပညာ တစ်ပေါင်းတည်း ဖြစ်သွားပါ တယ်။ ဒါကြောင့် "သီလ ပညာနံ အဂ္ဂမက္ခာယတိ= သီလနဲ့ ပညာကို အမြတ်ဆုံးလို့ ဆိုရ မယ်"လို့ ဘုရားရှင် ဟောတော်တော်မူတာပါ။ (ဒီ၊၁။ ၁၁၇)။

သမာဓိမဂ္ဂင် သုံးမျိုးတို့ကို ပွားများရာမှာ ဈာန်လမ်းစဉ်အတွက် ဆိုရင်သာ သမာဓိက ဦးဆောင် ဖြစ်ပေမယ့် ဉာဏ်လမ်းစဉ်ဖြစ်တဲ့ မဇ္ဈိမပဋိပဒါ အကျင့်မှာတော့ ၀ိပဿနာ ၊ မဂ် ပညာ တို့ကို အထောက်အကူ ပေးရေးသာ အဓိက ရည်ရွယ်ပွားများရမှာ ဖြစ်လို့ သတိက ဦးဆောင်ပါတယ်။ ဒါကြောင့်
"သတိပဋ္ဌာန်အလုပ်"လို့ ဆိုကြတာပါ။

ဒီနေရာမှာ သတိရဲ့ ဦးဆောင်နိုင်ပုံနဲ့ ပတ်သက်လို့ ပိဋကတော်မှာ လာတဲ့အတိုင်း တိပိဋကဓရ(ယော)ဆရာတော် ဟောကြားတော်မူတဲ့ "ဧမြရွှင်ပြုံး လူ့နှစ်လုံး"တရားတော်ကို အခြေခံပြီး ပြည့်ြုပည့်စုံစုံလေး ပြောချင်ပါတယ်။

သတိရဲ့ အဓိက တောင်းဆိုချက်ကတော့ ပစ္စုပ္ပန်ကို တန်ဖိုးထားဖို့ပါပဲ။ သတိ ဆိုတာ-
(၁) အာရုံကို ပုံဖော်ရမယ်၊ ဘာပဲဖြစ်ဖြစ် ဆောက်ရွက်လိုတဲ့ အာရုံဟာ အသိစိတ်ထဲ ပြတ်ပြတ် သားသား ပေါ်လာရမယ်။
(၂) အာရုံ၌ စိတ်ကင်းလွတ်မသွားအောင် ချပ်ချပ် ရပ်ရပ် ကပ်ပေးရမယ်။
(၃) မလုပ်မပြီးမီ အာရုံမပျောက်အောင် အသိစိတ်ကို အာရုံပေါ်မှာ မိမိရရ စွပ်ထားရမယ်။
(၄)အလုပ်တစ်ခု လုပ်နေတုန်း တစ်ခြားအာရုံကြားဖြတ်ဝင်မလာအောင် စောင့်ရှောက်ရတယ်။ အာရုံကို သတိရဲ့ အစီအစဉ်အတိုင်း လာစေရမယ်၊ အစီအစဉ်ကင်းမဲ့တဲ့ အာရုံတွေကို လက်ခံ ထားခြင်ဟာ ရှုပ်ထွေးတဲ့ အလုပ်ဖြစ်တယ်။ အာရုံရှုပ်တော့ အသိရှုပ်တယ်။ အသိရှုပ်တာ ကို အလုပ်တယ်လို့ ပြောနေကြတာ၊ အမှန်က အရှုပ်လုပ်နေကြတာပါ။ အရှုပ် လုပ်လို့ အသိ ရှုပ်ပြီး စိတ်ရှုပ်ရတာပါ။
ဘာအလုပ် လုပ်လုပ် ၊ ဘယ်လောက် အလုပ်များများ၊ သတိနဲ့ မပြတ် အောင် စောင့် ကြည့်တတ်ရင် အာရုံမရှုပ်တဲ့တွက် အသိလည်း မရှုပ်၊ စိတ်လည်း မရှုပ်ပါဘူး၊ အရပ်စကားမှာ အလုပ်များကိုပဲ အလုပ်ရှုပ်တယ်လို့ ပြောကြပါတယ်။

အဲဒီစကားအရ ပြောရရင်" အလုပ်ရှုပ်တာဟာ စိတ်ရှုပ်စရာလည်း မဟုတ်ဘူး၊ နောက်ဆက်တွဲ အကျိုး လည်း မရှုပ်ပါဘူး။ အရှုပ်လုပ်တာက စိတ်လည်း ရှုပ်ရ တယ်၊ နောက်ဆက်တွဲ အကျိုး တွေလည်း ရှုပ်လာမယ်"လို့ပဲ ပြောရပါလိမ့်မယ်။
(၅)ဘာပဲလုပ်လုပ် အလုပ်မပြီးမချင်း ရှေ့အသိနဲ့ နောက်အသိ စပ်ထားပါ။ အသိချင်း ကွာသွားရင် ပမာဒ ကြားဝင်လာတဲ့အတွက် မဓာနအလုပ် အာရုံမျက် ခြည် ပြတ်ပြီး ကြားဝင် လာတဲ့ အာရုံ အရှုပ်တွေနောက် လိုက်မိသွားမယ်။ အဲဒါဟာ အရှုပ်လုပ်တာပါ။ အသိရှုပ်၊ စိတ်ရှုပ်ရတာဟာ ဒါကြောင့်ပါ။ သမာဓိပျက်ရတယ် ၊ စိတ်မတည်ငြိမ်ဘူး ဆိုတာလည်း ဒါကိုပဲ ပြောတာပါ။
အာရုံရှုပ်ရင် အသိရှုပ်၊ စိတ်ရှုပ်၊ အာရုံရှင်းရင် အသိရှင်း၊ စိတ်ရှင်းရပုံနဲ့ ပတ်သက်လို့ မြတ်စွာဘုရားရှင် ပေးတဲ့ ဥပမာနဲ့ မိုးပြီး ပြောရရင်တော့-
အောက်ခြေ၀န်းကျင်က စိမ့်ရေတွေ အမြဲထွက်ပြီး အလွန်နက်တဲ့ ရေအိုင်ကြီးတစ်အိုင်၊ လေးဖက်လေးတန်း ကလည်း ရေတွေ စီးဝင်နေမယ်၊ အထက်ကလည်း မိုးတွေ တဝေါဝေါ ရွာချနေမယ်၊ အဲ ဒီလို "ရှေ့ နောက် ၀ဲ ယာ အထက်" ဆိုတဲ့ ငါးဖက်ငါးတန်က ရေတွေ ဒလဟော ၀င်နေမယ် ဆိုရင် အဲဒီ ရေအိုင်ကြီးဟာ ရေမျက်နှာပြင် လှုပ်ရှားနေမယ်၊ အဲဒီလို လှုပ်နေတဲ့ ရေပြင်မှာ မိမိမျက်နှာကို ငုံ့ပြီးကြည့်ကြည့် ပုံရိပ်မှန် မပေါ်နိုင်သလို ဘာမှ ရှင်းရှင်း လင်းလင်း မသိနိုင်ဘူး။

လေးဘက်လေးတန်ကလည်း ရေတွေစီးမ၀င်တော့၊ အပေါ်ကလည်း မိုးမရွာတော့ဘူး၊ အပြင်မှာရှိတဲ့ ငါးဖက်က ရေတွေ မ၀င်တော့ဘဲ အတွင်းက စိမ့်ရေလေး နဲ့သာ ပြည့်နေတဲ့ အိုင်ကြီးဆိုရင် ရေမျက်နှာပြင် ငြိမ်သက်နေတဲ့ အတွက် မိမိမျက်နှာကို ငုံ့ကြည့်လိုက်ရင် နဂို ပုံရိပ်မှန်ပေါ်ပြီး မှဲ့၊ ညှင်း၊ တင်းတပ်၊ ၀က်ခြံ အစက် အပြောက် ကလေးပါ မကျန် မြင်ရ နိုင် တယ်။
အပြင်က ရေတွေ၊ မိုးတွေ ၀င်နေတာက အပြင် အာရုံတွေ ကြားဝင်ရှုပ်တဲ့ သဘော၊ ရေမျက်နှာပြင် လှိုင်း လှုပ်နေတာက စိတ်ရှုပ်တဲ့သဘော( သမာဓိပျက်တဲ့ သဘော) ။ ဘာမှ ပီပီပြင်ပြင် မမြင်၊ မသိရတာက အသိရှုပ်တဲ့သဘောပါ။ အပြင်က ရေတွေ မ၀င်တော့ဘဲ စိမ့်ရေ လေးသာ ရှိတယ် ဆိုတာက အပြင်အာရုံ တွေ မရှုပ်စေဘဲ "မနော"ဆိုတဲ့အတွင်းစိတ် ကလေး ကို သတိနဲ့ ကပ်ထားတဲ့ သဘော၊ ရေမျက်နှာပြင် ပြငိမသက်တာက စိတ်မရှုပ်တော့ဘဲ သမာဓိ ဖြစ်နေတဲ့ သ ဘော၊ မျက်နှာကို အသေးစိတ် သိမြင်ရတာက အမြင်ရှင်း၊ အသိရှင်း( ၀ိပဿနာ ပညာဖြစ်)  တဲ့ သဘောပါ။
(၆) အလုပ်တိုင်း အရေးကြီးတယ်။ (အရေးပါစေပါတယ်)။
မဇ္ဈိမခရီးသည်တို့ရဲ့ လုပ်ခဆိုတာ ကုန်သွားသမျှ "အား"ဖြစ်ရတာါပဲ။ ကုန်ဆုံးခြင်းရဲ့ ရလာဒ်ဟာ စွမ်းအား ဖြစ်စေရပါမယ်။ ဒါကြောင့် မဇ္ဈိမခရီးမှာ အရေးမကြီး တဲ့(အရေးမပါတဲ့) အလုပ်ဆိုတာ မရှိပါဘူး။ စားတာ၊ သွားတာ၊ ကျင်ကြီး ကျင်ငယ် စွန့်တာအထိ( မဟာသတိပဋ္ဌာနသုတ်မှာ ပါတဲ့အတိုင်း) လှုပ်ရှားမှု မှန်သမျှ အလုပ်တိုင်းရဲ့ နောက်မှာ "အသိ" ဆိုတဲ့ လုပ်ခတန်ဖိုး ပေးတာချည်းပါပဲ မိမိက ရယူနိုင်အောင် မပြတ် "သတိ"ထားနေရမှာပါ။
ထင်းကို အမှတ်မဲ့ မီးရှို့ထားရင် ထင်ကုန်တဲ့အခါ "ပြာ"ပဲ ကျန်မှာပါ။ ထင်းမှာ မီးလောင် နေတယ်ဆိုတာ သတိထားမိသူ အတွက်တော့ အိုးထဲမှာ ဆန်နဲ့ရေ အလောတော် ထည့်ပြီး တည်ထားလိုက်ရင် ထင်ကုန်သလောက် "ထမင်း" အမြတ် ကျန်ခဲ့တဲ့ သဘောပါပဲ။ "သတိထား အသိပွားနိုင်ကြပါစေ"ဆိုတာ ဒါကို ပြောတာပါ။
သတိ အမြဲရှိရေးအတွက် အခြေခံ ထားရှိရမယ့် မူသုံးချက် ရှိပါတယ်။

(၁) ဘာမဆို အေးအေးဆေးဆေး လုပ်ပါ။  သတိ သမာဓိရှိဖို့ ပြောတာပါ။ အောင်ပွဲရဖို့ဆိုတာ တာထွက်လိုက်တာနဲ့ ပန်းတိုင်ကို မျက်ခြည်မပြတ်ဖို့၊ သေချာဖို့ လိုပါတယ်။ အလုပ်မှာ စူးစိုက် တည်ငြိမ်အေးချမ်းဖို့ အရေးကြီးပါတယ်။ ဒါမှ ပစ္စုပ္ပန် သေချာမှာပါ။ ပစ္စုပ္ပန်ကို တန်ဖိုးထားဖို့
ဆိုတာလည်း ဒါကိုပဲ ပြောတာပါ။

(၂) "မအားဘူး"လို့ မပြောပါနဲ့၊ လူဆိုတာ နတ်များလို ကံဟောင်းကို ထိုင်စားနေတဲ့ ဘ၀မဟုတ်လို့ စား
ဝတ်နေရေးအတွက် အလုပ်လုပ်နေရတယ်။ ရှိတာကို သိအောင် လုပ်ပါ၊ သတိနဲ့ကပ်ပြီး ကြည့်တတ်ရင် အလုပ်များတာဟာ တရားဝင်ပေါက်တွေ များတာပဲလို့ အားရှိ စရာ ကို တွက်တတ်ဖို့ လိုပါတယ်။
အလုပ်နဲ့ တရား တွဲမိအောင် သတိက အမြဲ စေ့စပ် ပေးနေ ဖို့ လိုပါတယ်။

(၃) မဇ္ဈိမခရီးသည်တို့ရဲ့ အစွမ်းက ကုန်သွားတာဟာ "အား" ပဲ၊ ကုန်ဆုံးခြင်းရဲ့ နောက်မှာ စွမ်းအားရလာဒ် ကျန်နေခဲ့ရမယ်။ လူရဲ့ လက်ထဲမှာ ရှိနေတဲ့ သက်ရှိ သက်မဲ့ မှန်သမျှ  ကိုယ်လိုချင်သလောက် ရှိနေကြမှာ မဟုတ်ဘဲ သူ ရှိ နိုင်သလောက်သာ ရှိနေပြီး ကန့်သတ်ချိန် ပြည့်ရင် ကုန်ဆုံးပျောက်ကွယ်မြဲ ဖြစ်တယ်။ "ထင်း"ကုန်ရင် "ထမင်း"ကျန် ရစ်စေရမယ်လို့ အမြဲ ခံယူချက်ထားပါ။ ဒီ အခြေခံမူ သုံးခုကိုတော့ လက်မလွှတ်မိပါစေနဲ့။

"ဟင်း"တိုင်းမှာ "ဆား" သင့်ဖို့ အရေးကြီးသလို မဇ္ဈိမခရီးသည်ဟာလည်း ကိုယ်၊ နှုတ်၊ စိတ် လှုပ်ရှားမှုတိုင်း သတိအမြဲရှိဖို့ လိုအပ်လှတဲ့အတွက် ဒီလောက် အပြည့်အစုံ ပြောနေရ တာပါ။ ဘုရားရှင် သက်တော် ထင်ရှား ရှိစဉ်က ဆိုရင် နေ့ခင်း ဆွမ်းဘုဉ်းပေးပြီးချိန်တိုင်း ရဟန်းတော်တို့ကို "အပ္ပမာဒေန သမ္ပာဒေထ= သတိနဲ့ ပြည့်စုံစေကြ"လို့ နေ့စဉ် ဆုံးမတော်မူပါ သတဲ့၊ နောက်ဆုံး ပရိနိဗ္ဗာန် စံခါနီး ဆဲဆဲ တဲတဲကလေး လိုတော့တဲ့ အချိန်မှာလည်း နောက်ဆုံး သြ၀ါဒ အနေနဲ့ ဒီစကားကိုပဲ မိန့်ကြားသွားပါတယ်။ နောက်ဆုံးစကား ဆိုတာ အလေးထားတတ်ကြမြဲ ဖြစ်တဲ့အတိုင်း အလွန်ကို အလေးအနက် ထားစေချင်တဲ့ မဟာ ကရုဏာတော်ရှင်ရဲ့ ကရုဏာ စကားတော်ဟာ တစ်သာသနာလုံးအတွက် အရေးပါဆုံး စကားပါပဲ။ ဒါကြောင့်လည်း အဋ္ဌကထာ ဆရာတော်က ဒီနောက်ဆုံး စကားတော်ဟာ ၄၅-၀ါပတ်လုံး ဟောကြားသမျှတို့ကို ခြုံငုံမိစေတဲ့ မှာတမ်းတော် ဖြစ်တယ်လို့ မှတ်ချက်ချပါတယ်။

ဘယ်အရာမဆို "အကျင့်ပါတယ်"ဆိုတာ အကြိမ်များမှ ဖြစ်လာတာပါ။ အကြိမ်များ တယ်ဆိုတာ ဟာလည်း တစ်ကြိမ်က စ ရတာချည်းပါပဲ။ အကြိမ်များလို့ အကျင့်ပါလာပြီ ဆိုရင်တော့ "သတိ" ဟာ ကိုယ်က ကြောင့်ကြစိုက်ပြီး ထားနေရတဲ့ "ထားသတိ" အဆင့်ကနေ အမြဲအသင့်ရှိနေတဲ့ "မြဲသတိ" အဆင့် ရောက်လာပါတယ်။ ဘယ်အချိန်မဆို ဘယ်လို အာရုံနဲ့ တွေ့တွေ့ အမြဲ သတိရှိနေရင် ပမာဒ ကြားမ၀င် နိုင်တော့တဲ့အတွက် သမာဓိသိက္ခာလည်း လုံခြုံ ပြီး ပညာသိက္ခာပါ ပြည့်စုံသွားပါတော့တယ်။
ပညာသိက္ခာ ပြည့်စုံပြီဆိုရင် ကိလောသာတွေဟာ ခွာရတဲ့ အခြေအနေတွေကနေ ကွာ ကျတဲ့ အခြေအနေ ရောက်သွားပါတယ်။ မဂ်ပညာနဲ့ ဖယ်ခွာပြီးတဲ့ ကိလေသာများတာ နောက်ထပ် ဘယ်တော့မှလည်း ဖြစ်ခွင့် မရတော့ပါဘူး။ ဒါဟာ မဇ္ဈိမခရီးသည်တို့ရဲ့ ပန်းတိုင် ရောက်ပြီး ပြည့်စုံမှုပဲ ဖြစ်ပါတယ်။

အေးအေးဆေးဆေး သတိ ထား၊ အသိ ပွားနိုင်ကြပါစေ။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

Friday, August 2, 2013

ဒုက္ခရဲ့ လက်သည်များ (ဓမ္မစကြာ ၄)

copy from http://ashinsirinda.com/
Jan 7 2010

"အသက်"နဲ့ လူလုပ်နေတာ မဟုတ်ဘူး၊"အရှက်နဲ့ လူလုပ်တာဆိုတဲ့ စကားနဲ့ အယူဝါဒ အတွက် အသက်ကိုစွန့်လွှတ်ကြတဲ့ ဖြစ်ရပ်တွေကို ထောက်ဆကြည့်လိုက်ရင် "ဘ၀"ထက် ပိုပြီး ဆန္ဒပြင်းတဲ့
ဘ၀ရဲ့ဂုဏ်သိန်နဲ့ အယူဝါဒအကျင့် သိက္ခာတို့ကိုလည်း " ၀ိဘ၀"အရထဲမှာ ထည့်သွင်း ရမယ် ထင်ပါတယ်။
မိဂဒါဝုန် တရားပွဲဟာ "တရားဦး"ဖြစ်တဲ့အတိုင်း "ပွဲဦး မလန်ရအောင်"အဘက်ဘက်က စနစ်တကျ သုံးသပ်ပြီး ဟောတော်မူတာဖြစ်လို့ နောင်(၄၅)၀ါ ပတ်လုံး ဟောတော်မူတဲ့ တရားအား လုံးကို ခြုံငုံ မိရုံ မျှမက စကားလုံးတိုင်းဟာလည်း ကျယ်ဝန်းတဲ့ အဓိပ္ပာယ်ကို ဆောင်နိုင်လောက်အောင် တိုကျဉ်း ထိမိလှတဲ့ အတွက် "သြဇဂုဏ်"အလွန်မြောက်ပါတယ်။
ဒုက္ခရဲ့ ဒီနောက်ဆုံးအလွှာဖြစ်တဲ့ "သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ" ဆိုတဲ့ စကားကို ကျေ ကျေ နပ်နပ် လက်ခံလိုက်တာနဲ့ တစ်ပြိုင်နက် ဒုက္ခရဲ့လက်သည်အစစ်ဟာ "ဥပါဒါန်"ဖြစ်တယ်ဆိုတာကို လည်း ဘယ်လိုမှ ငြင်းဆန်စရာမလိုဘဲ လက်ခံပြီးသား ဖြစ်သွားစေပါတော့တယ်။
ဒီစကားပိုဒ်ဟာ ဒုက္ခသစ္စာ အတွက်သာ အရေးကြီးဆုံး ဖြစ်တာ မဟုတ်ပါဘူး၊ မြတ်ဗုဒ္ဓရဲ့ မဇ္ဈိမ လမ်းစဉ် တစ်ခုလုံး တစ်နည်းပြောရရင်တော့ သာသနာတော် တစ်ခုလုံးအတွက် အလွန်အရေးပါတဲ့ စကားပါ။
မြတ်စွာဘုရားရှင်ရဲ့ ပထမဆုံး ဥဒါန်းတော်မှာပါတဲ့ "ဒုက္ခခန္ဓာ အိမ်ကို တည်ဆောက်တဲ့ လက်သည် အစစ်ကို ရှာမတွေ့နိုင်တဲ့အတွက် သံသရာကြောမှာ မောခဲ့လှပြီး အခု လက်သည်အစစ်ကို ရှာဖွေတွေ့ရှိပြီ ဖြစ်တဲ့အတွက် နောက်ထပ် ဒုက္ခခန္ဓာအိမ်ကို ဆောက်လုပ်ခွင့် မရှိတော့" ဆိုတဲ့ စကား ကို ကြည့်လိုက်ရင် ဘုရားလောင်းတော်တို့ လေးသင်္ချေ ကမ္ဘာတစသိန်းကြာအောင် ပါရမီ ဖြည့်ကျင့်ခဲ့ရ တာတို့၊ ခြောက်နှစ် ပတ်လုံး ဒုက္ကရစရိယာ ကျင့်ခဲ့ရတာတို့ ဆိုတာ "ဒုက္ခရဲ့ လက်သည်" ကို ရှာနေရ တာပါ။။
မြတ်ဗုဒ္ဓ မပွင့်ပေါ်မီကစပြီး ဒီနေ့အထိ ဘာသာ အယူဝါဒတွေ ကွဲပြားနေတာဟာလည်း ဒုက္ခ လက်သည်ကို သတ်မှတ် နေရာမှာ ကွဲပြားနေခြင်းက အဓိက အကြောင်းရင်း ဖြစ်ပါတယ်။ ဒါကြောင့် ဒုက္ခလက်သည် အစစ်ကို မီးမောင်းထိုးပြလိုက်သလို ဖြစ်တဲ့ ဒီစကားရပ်ဟာ တခြားဝါဒ လမ်းစဉ်များနဲ့ မဇ္ဈိမလမ်းစဉ် တစ်ခုလုံး(တစ်သာသနာတော်လုံး) အတွက် အရေးကြီးဆုံး စကားလို့ ဆိုရတာပါ။
" တဏှာနဲ့ ဥပါဒါန်" ဆိုတာ လိုချင်စွဲလမ်းမှု အားသေးတာနဲ့ အားကြီးတာပဲ ကွာပါတယ်။ ဒုက္ခ ရဲ့ လက်သည်များ ဖြစ်တဲ့အတွက် သစ္စာအရာမှာတော့ "သမုဒယ"လို့ သုံးပါတယ်။ တရားကိုယ် အနေ နဲ့ တော့ အားလုံးဟာ အာရုံကို လိုချင် တပ်မက် ဆာလောင်ခြင်း သဘောရှိတဲ့ "လောဘ" စေတသိတ် ချည်းပါပဲ။
"တဏှာ"ဆိုတဲ့ စကားလုံးရဲ့ မူလအဓိပ္ပာယ်က "အာရုံဆာလေင်မှု"ဖြစ်ပါတယ်၊ အိန္ဒိယ အနောက် တောင်ပိုင်းမှာ ရှိတဲ့"အဂျန္တ" လိုဏ်ဂူမှာပဋိစ္စသုမုပ္ပါဒ်ကို(မော်ဒါန်ဆန်ဆန်)ရုပ်လုံးများနဲ့ သရုပ်ဖော်ထား ရာမှာ "တဏှာ"ကို ဆိတ်ကျောင်းသားတစ်ယောက် သစ်ရွက်ခြောက်ကလေးတွေကို လိုက်ကောက် စားနေတဲ့ပုံနဲ့ ပြထားပါသတဲ့။ ဆာလွန်းတဲ့အတွက် ရရာကို အငမ်းမရ ကောက်စား နေတဲ့ သဘောပါ။ "ဆာတယ်"ဆိုတဲ့ အဆင့် ရောက်လာတာကို "ဥပါဒါန်" လို့ ဆိုရပါလိမ့်မယ်။
ဒုက္ခရဲ့ လက်သည်ဖြစ်တဲ့ "သမုဒယ" သဘောကို ခြုံငုံမိအောင် ဆိုရင်တော့ "တဏှာ" ကို "ချစ်ခြင်းတပ်မှု"လို့ ပြောရင် ပိုပြီး အဓိပ္ပာယ်ပြည့်စုံပါလိမ့်မယ်။ "ချစ်ခြင်း"ဆိုတာ လိုချင် ရချင် တဲ့ သဘောချည်း မဟုတ်ပါဘူး။ လိုချင်တယ်၊ မလိုချင်ဘူး၊ ပေါင်းဆုံချင်တယ်၊  ဝေးကွာချင်တယ် စတဲ့ "ချင်"ဆိုတဲ့ ဥပါဒါန်စကားလုံးနဲ့ တွဲထားတာမှန်သမျှ "ချစ်ခြင်း" (သမုဒယ) ချည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း  သမုဒယရဲ့ လက်ရာဖြစ်တဲ့ "ဒုက္ခသစ္စာ"မှာ "မုန်း ဆုံ၊ ချစ် ကွဲ၊ လိုတာ မရ" အားလုံး ကို ဒုက္ခ လို့ ဆိုထားတာပါ။
လောကကြီးကို တဏှာက ခြယ်လှယ် လှည့်စားတတ်ပုံနဲ့ ပက်သက်လို့ သမုဒယသစ္စာမှာ ပြဆိုထားတာ ကတော့ တဏှာဟာ သူ့ကို မပယ်သတ်နိုင်သမျှ ဘ၀ အသစ်သစ်  အထပ်ထပ်ဖြစ် စေတတ်တယ်။ သံသရာမှာ တစ်ဘ၀ပြီး တစ်ဘ၀ ဖြစ်စေရုံ မကဘူး ဘ၀တစ်ခုတည်း အတွင်းမှာပဲ လူကောင်းသူကောင်း ဘ၀ကနေ သူခိုးဘ၀၊ ဓားပြဘ၀၊ လူလိမ်လူညာ၊ မတရားသူ၊ ရက်စက်သူ၊ လောင်းကစားသူ စတဲ့ ဘ၀အမျိုးမျိုးတွေ ဖြစ်နေရတာဟာ တဏှာရဲ့ လက်ချက်တွေချည်း ဖြစ်တယ်လို့ ဆိုလိုတာပါ။
ပြီးတော့ "နန္ဒီရာဂသဟဂတာ=နှစ်သက်ခြင်း၊ စွဲလမ်းခြင်းတို့နဲ့ ခွဲခြားမရအောင် တွဲကပ်နေ တတ်တယ်" တဲ့ ။ တဏှာဆိုတာ တပ်စွဲခြင်းသဘောပါ။ သမာန်ဆိုးဆေးသဘောမျိုး တပ်စွဲ တာက "နန္ဒီ" ပါ။ ချုပ်ဆေးနဲ့ မကျွက်အောင် ချုပ်ထားသလို တပ်စွဲတဲ့ သဘောကိုကတော့"ရာဂ"လို့ ခေါ်ပါ တယ်။ နန္ဒီ နဲ့တဏှာ၊ ရာဂ နဲ့ ဥပါဒန်တို့ဟာ သဘောချင်းအတူတူပဲ ဖြစ်ပါတယ်။ အကြိမ်ကြိမ် အထပ် ထပ် ဆိုးဆေးနဲ့ ဆိုးထားတဲ့ အတွက် ချွက်ဘို့ မလွယ်အောင် စွဲ သွားတတ်တယ် လို့ ဆိုလို တာပါ။
နောက်ဆုံး လှည်းစားတတ်တဲ့ သဘောကတော့ "တတြတတြာဘိနန္ဒိနီ= ၀ဋ်နာ ကျနေစေ ဦးတော့၊ ဖြစ်ရာ ဘ၀ကိုပဲ နှစ်သက်တတ်တယ်" တဲ့။ လူတွေက တိရစ္ဆာန်တွေကို ဖြစ်စေ၊ လူလူချင်းမှာ ဒုက္ခနဲ့ နေသူက ဒုက္ခအကြီးအကျယ် တွေ့နေသူကို    ဖြစ်စေ၊ "လက်ရှိဘ၀က လွတ်မြောက်ပြီး ချမ်းသာတဲ့ ဘ၀ ရောက် အောင် ´ရော့… ဟောဒီပစ္စည်းဝတ္ထုကိုယူပြီး ကုသိုလ် ကောင်းမှု ပြုလိုက်၊ ပြီးရင် လက်ရှိဘ၀ကို စွန့်လွှတ်လိုက်´လို့ ပြောကြည့်ပါ။ လက်မခံတဲ့ အပြင် " ဒါဟာ ပြောင်စရာ၊ နောက်စရာလား" ဆိုပြီး ဓားနဲ့ ထ မခုတ်ရင် ကံကောင်းပေါ့။
ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားနေရသူအတွက် ရှင်သန်ဖို့ မျှော်လင့်ချက် မရှိတော့ဘူး ဆိုတာ သိရင် ဒီ ဒုက္ခက မြန်မြန်လွတ်မြောက်အောင် ကူညီပေးလိုက်တာ ကောင်းတယ်"လို့ ယူဆသူများ သတိပြုရမယ့် အချက်ပါ။
ဇာတ်တော်ထဲမျာ "အဿက"ဆိုတဲ့ ဘုရင်ကြီး ဟာ သူ့မိဖုရားကြီးကို အလွန်မြတ်နိုးတယ်။ မိဖုရားကြီးက လည်း သူက လွဲရင် ဖွဲနဲ့ ဆန်ကွဲချည်းပဲလို့ သဘောထား လိမ့်မယ် လို့လည်း ထင်မှတ် နေတယ်(ဒီလို ပြောထားဖူးလို့ ယုံကြည်နေတာလည်း ဖြစ်နိုင်တယ်)  မိဖုရားကြီး ကွယ်လွန်တော့ အလောင်းကို မပစ်ရက်ဘူး ဆိုပြီး ဒီအတိုင်း ကြည့်နေတယ်။ အဲဒီအချိန်မှာ  မိဖုရား ကြီးက ပိုစီမဘ၀ ရောက်လို့ ပိုးစီဖိုနဲ့ ပျော်မွေ့နေပြီ။ ဒီအကြောင်း သိမြင်နိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်က ပြောပြတော့ မယုံဘူး။ လက်တွေ့ မေးကြည့် မယ်ဆိုပြီး မေးကြည့်တဲ့အခါ "အဿကဘုရင်ဆိုတာ  သူ့နှလုံးသားထဲမှာ မရှိဘူး။ ခုနေပိုးစီဖိုမှာ ဝေဒနာ တစ်ခုခုဖြစ်လို့ အဿကဘုရင်ရဲ့ လည်ချောင်းသွေးနဲ့ ကုမှ အသက်ရှင်မယ် ဆိုရင်တောင် သူကိုယ်တိုင် အဿကဘုရင်ရဲ့ လည်ချောင်းသွေးကို ရအောင် ယူမယ်"လို့ ပြန်ပြော တော့မှ ဘုရင်ကြီးလည်း " ရင်ဟာ ပြီး လွန်းနာကျ မနေတော့ဘဲ ရင်နာပြီး အလွမ်း ခ၀ါချ" သွားပါတော့သတဲ့။ " ဖြစ်ရာဘ၀ကိုပဲ နှစ်သက်တတ်တယ်" ဆိုတာ အဲဒါကို ပြောတာပါ။
ဒုက္ခရဲ့ လက်သည် တဏှာဟာ တစ်ဆင့်ထက် တစ်ဆင့် ပိုတန်ဖိုးထားတတ်ပြီး ပိုလည်း အစွဲ ပြင်းတဲ့ အဆင့်သုံးဆင့် ရှိပါတယ်။
(၁) စည်းစိမ်ဥစ္စာလို့ခေါ်တဲ့ အာရုံငါးပါး ကာဂုဏ် တ၇ားတို့ကို တပ်မက်စွဲလမ်းတဲ့    ကာမတဏှာအဆင့်။
(၂) လက်ရှိ ဖြစ်တည်နေတဲ့ အသက်ခန္ဓ(ဘ၀) ကို စွဲလမ်းတဲ့ ဘ၀တဏှာအဆင့်၊
(၃) ဘ၀ပြတ်မှ ဒုက္ခခပ်သိမ်း အေးမယ် လို့ ယုံကြည်သတ်မှတ်ပြီး ဘ၀ပြတ်မှု ဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိ နဲ့ ယှဉ်တဲ့ အယူဝါဒနဲ့ ဘ၀ရဲ့ ဂုဏ်သိန် အကျင့် သိက္ခာတို့ကို စွဲလမ်းတဲ့ ၀ိဘ၀တဏှာ အဆင့်တို့ ဖြစ်ပါတယ်။
ဒီတဏှာရဲ့ အာရုံသုံးဆင့်တို့နဲ့ ပတ်သက်လို့ " တန်ဖိုးထားးခြင်း"  နဲ့ "စွဲလမ်းခြင်း" တို့ကို ရောထွေး နေတတ်ကြပါတယ်။ မြတ်စွာဘုရားရှင် အလိုတော်အရ-
ခြေလက်အင်္ဂါကို စောင့်ရှောက်ဖို့ ပစ္စည်းဥစ္စာကို စွန့်ရမယ်။
အသက်ခန္ဓာကို စောင့်ရှောက်ဖို့ ခြေလက်အင်္ဂါကို စွန့်ရမယ်။
ကိုယ်ကျင့်သီလကို စောင့်ရှောက်ဖို့ အသက်ခန္ဓာကိုယ် စွန့်ရမယ်လို့ ဆိုထားတဲ့အတွက် (၀ိသုဒ္ဓိမဂ် သီလကတာ) တစ်ဆင့်ထက်တစ်ဆင့် တန်ဖိုးထားကြရမှာလည်း မှန်ပါတယ်။ တန်ဖိုးထားတယ် ဆိုတာ မပျက်စီးအောင် စောင့်ရှောက်ရမယ်လို့ ဆိုလိုတာပါ။ " အသက်ခန္ဓာကို ငဲ့ကွက်ပြီးတော့လည်း ကိုယ် ကျင့်သီလ မပျက်စီးစေကြနဲ့"လို့သာ ဆိုလိုပါတယ်။ တဏှာ ဒိဋ္ဌိ တို့နဲ့   စွဲလမ်းရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။
ဒီတဏှာသုံးဆင့်မှာ"ကမတဏှာ၊ ဘ၀တဏှာ"တို့နဲ့ ပတ်သက်လို့ အဋ္ဌကထာ အစရှိတဲ့ ဆရာတို့ရဲ့  ဖွင့်ဆိုချက်များကို သဘောပေါက်လွယ်ကြပေမယ့် "၀ိဘ၀တဏှာ"ကို "ဘ၀ပြတ်မှုကို စွဲ လမ်းခြင်း" ဖွင့်ဆိုတာနဲ့ ပတ်သက်လို့ မိမိကိုယ်တိုင် ဘ၀င်မကျနိုင်တဲ့ အချက် နှစ်ချက် ရှိခဲ့ဖူးပါတယ်။
ပထမအချက်က ဘ၀ထက် ဘ၀ပြတ်မှုကို ဘာ့ကြောင့် ပိုပြီး စွဲလမ်းမလဲ ဆိုတာရယ်၊ နောက် တစ်ချက်က ဘ၀ပြတ်မှုဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိ စွဲလမ်းမှုကို " ၀ိဘ၀တဏှာ" ခေါ်တယ် ဆိုရင် ဗုဒ္ဓဘာသာကို ရေရေရာရာ သက်ဝင် ယုံကြည်သူတိုင်းမျာ ဥစ္ဆေဒဒိဋ္ဌိ အယူမရှိတဲ့အတွက် " ၀ိဘ၀ တဏှာ" ဆိုတာ မရှိဘူးလို့ ဆိုနိုင် ပါသလား ဆိုတဲ့ အချက် များဖြစ်ပါတယ်။
ဒီသံသယနှစ်ခုနဲ့ ပတ်သက်လို့ ဒေးဒရဲ နိကာယ်သင်တန်းမှာ ဆရာတော်များကို လျှောက်ထား ကြည့်တဲ့အခါ တောင်တွင်းကြီး နတ်မှီတောရ ဆရာတော်ကြီးက-
" ဘ၀ပြတ်မှုကို တောင့်တတယ်"ဆိုတာ "ဘ၀ပြတ်မှ ဒုက္ခချုပ်ငြိမ်းမယ်"လို့ ယုံကြည်တဲ့ အယူ ၀ါဒစွဲပါပဲ။ ဓမ္မစကြာမှာ ပါတဲ့ " အတ္တကိလမထာ နုယောဂ"ဆိုတာ လည်း ခန္ဓာကိုယ်ထဲမှာ "အတ္တ" ကလေးဟာ ခန္ဓာကိုယ်ထဲမှာ မမွေ့လျော်တော့ဘဲ ခန္ဓာကိုယ်နဲ့ ပြတ်စဲသွားမှ မူလပရမတ္ထကြီးနဲ့ " အတ္တ"ညှင်းပန်းတဲ့ အကျင့်ကို ကျင့်တာပါ။ ဘုရားရှင်လက်ထက်တော်က အယူဝါဒတွေထဲမှာ ဒီအယူ ၀ါဒဟာ အထင်ရှားဆုံးနဲ့ အစွဲအပြင်းဆုံး ဖြစ်လို့ "၀ိဘ၀"အရ ထုတ်ပြလိုက်တာပါ။ အတိုချုပ် ကတော့ အယူဝါဒစွဲ၊ ဓလေ့စွဲပါပဲ"လို့ ရှင်းပြပါတယ်။
ဒါဆိုရင် "ဒီနေ့ ဗုဒ္ဓဘာသာဝင်တွေမှာ အဲဒီလို အယူဝါဒစွဲ မရှိတဲ့အတွက်"၀ိဘ၀တဏှာ" ဆိုတာ မရှိဘူး လို့ ဆိုရမလား" ဆိုတာနဲ့ ပတ်သက်လို့တော့ တဏှာသုံးမျိုးတို့ရဲ့ တစ်ခုထက်တစ်ခု ပိုပြီး အစွဲပြင်းပုံကို သဘောပေါက်ဖို့ လိုပါတယ်။ "ဘ၀"(အရပ်သုံးစကားနဲ့ပြောရရင်တော့" အသက်") ထက်ပိုပြီး  လူတွေ အစွဲပြင်းတဲ့ အရာကို " ၀ိဘ၀ "လို့ ယူရမှာ ဖြစ်ပါတယ်။ ဘ၀ ထက် တန်ဖိုးထား အစွဲ ပြင်းတဲ့အရာ ဆိုတာ ----
လောကမှာ ပြောနေကြတဲ့ "အသက်" နဲ့ လူလုပ်နေတာ မဟုတ်ဘူး။ "အရှက်"နဲ့ လူလုပ်နေတာ ဆိုတဲ့ စကား၊ ဂုဏ်သိက္ခာနဲ့ အယူဝါဒအတွက် အသက်ကို စွန့်လွှတ်သွားကြတဲ့ ဖြစ်ရပ်တွေကို ထောက်ကြည့် မယ်ဆိုရင် "ဘ၀ရဲ့ ဂုဏ်သိန်၊ အယူဝါဒ၊အကျင့်သိက္ခာတို့ကိုလည်း "၀ိဘ၀"အရ ကောက်ယူရမှာပါ။ ဒီလို ယူလိုက်ရင် မုထုဇဉ်မှန်သမျှ တဏှာ သုံးမျိုးလုံးနဲ့ မကင်းကြဘူး ဆိုတာ ထင်ရှားပါလိမ့်မယ်။
"ဒီလိုဆိုရင် ဗုဒ္ဓဘာသာဝင်တို့ အနေနဲ့ မိမိတို့ စောင့်ထိန်းထားတဲ့ သီလသိက္ခာကို စွဲလမ်း တာကော ၀ိဘ၀ တဏှာပဲလား"လို့ မေးတဲ့ ပုဂ္ဂိုလည်လည်း ရှိနိုင်ပါတယ်။ အဖြေကတော့  ပဋ္ဌာန်းပါဠိတော်၊ အာရမ္မဏပစ္စည်းမှာ---
ဒါနံဒတွာ သီလံ သမာဒိယိတွာ  ဥပေါသထကမ္မံ ကတွာ အဿာဒေတိ စသည်ဖြင့် ဟောတော် မူထားတာ ရှိပါတယ်။ "မိမိ ပြုထားတဲ့ ဒါန၊ ဆောက်တည်ထားတဲ့ သီလ၊ ကျင့်သုံးထားတဲ့ ဥပုသ်တို့ကို အာရုံပြုပြီး သာယာနှစ်သက်ရင် ရာဂဒိဋ္ဌိ ၀ိစိကိစ္ဆာ စတဲ့ အကုသိုလ်တရားစုသာ ဖြစ်တယ်"လို့ ဆိုတာ ပါ။
မဟာပရိနိဗ္ဗာနသုတ် ဓမ္မဒါယာဒ တရားမှာလည်း သီလနဲ့ ပတ်သက်လို့ "၀ိညူ ပသဋ္ဌေဟိ အပရာ မဋ္ဌေဟိ- ပညာရှိတို့ ချီးမွမ်းထိုက်၊ တဏှာဒိဋ္ဌိတို့ဖြင့် မှားယွင်းစွာ မသုံးသပ်(မစွဲလမ်း)တဲ့ သီလ ဖြစ်မှသာ အပါယ်ဒုဂ္ဂတိ ဘေးက ကင်းဝေးနိုင်တယ်။ အရိယာပုဂ္ဂိုလ် ဖြစ်နိုင်တယ်" လို့ ဟောညွန်ထား ပါတယ်။
ဒါကြောင့် ဘယ်အကျင့်သီလကို မဆို တဏှာဒိဋ္ဌိတို့နဲ့ မှားယွင်းစွာ စွဲလမ်းသုံးသပ်တာဟာ ၀ိဘ၀တဏှာ လို့ပဲ ဆိုရမှာ ဖြစ်ပြီး ၊ တဏှာမှန်သမျှဟာလည်း ဒုက္ခရဲ့ အကြောင်းရင်း လက်သည် များ ချည်းသာ ဖြစ်တယ် လို့သာ မှတ်ယူရမှာ ဖြစ်ပါတယ်။
သီလကို သာယာနှစ်သက်စွဲလမ်းတာနဲ့ သုံးသပ်ဆင်ခြင်တာ မတူဘူး ဆိုတာကိုလည်း သဘောပေါက်ကြရ ပါလိမ့်မယ်။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

Thursday, August 1, 2013

ဒုက္ခကို တစ်လွှာခြင်း ခွာကြည့်ခြင်း(ဓမ္မစကြာ ၃)

copy from http://ashinsirinda.com/
 jan 5 2010
ဒုက္ခဆိုတာ……..
*သတိမေ့သူကို လှုပ်နှိုးပေးတတ်တယ်။
* ဥပါဒါန်အားကြီးသူကို ခြောက်လှန့် တတ်တယ်။
* သတိကင်းမဲ့သူကို ၀ါးမျိုတတ်တယ်။
* သတိရှိရှိ တက်စီးနိုင်ရင်း လိုရာခရီးကို ပို့ပေးတယ်။
* ပညာမျက်စိနဲ့ ရာနှုန်းပြည့် ကြည်လိုက်ရင်တော့
" စက်ရုပ်ကျားကြီး"ပါပဲ။
" မဇ္ဈိမ" လမ်းစဉ်ကို ကျင့်သုံးခြင်းရဲ့ ရည်မှန်းချက်ပန်းတိုင်က ဒုက္ခအားလုံး ချုပ်ငြိမ်း ရာဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုရေး(နိဗ္ဗာနာယ)ဖြစ်ပါတယ်။ အဲဒီလို မျက်မှောက် ပြုနိုင် ဖို့အတွက် အမှန်ကို အမှန်အတိုင်း အပြည့်အ၀ (ရာနှုန်းပြည့်) ထိုးထွင်း သိမြင်အောင် ကြိုးစား အားထုတ် ကြရမှာပါ။ (သမ္မောဓာယ)။
အသိဉာဏ်ရာနှုန်းပြည့်တယ်ဆိုတာ အမှန်တရားတစ်ခုချင်းစီအတွက်…..
(၁) နာယူသိ        (သစ္စဉာဏ်)၊
(၂) ကျင့်သုံးသိ    (ကိစ္စဉာဏ်)
(၃) ဆုံးဖြတ်သိ    (ကတဉာဏ်) ဆိုတဲ့ အဆင့်သုံးဆင့်လုံး ပြည့်စုံအောင် သိတဲ့ အသိဉာဏ် ဖြစ်ရမှာပါ။ သူများပါးစပ် အငှား (စာအငှား) နဲ့ စကားလုံး သိနေရုံနဲ့တော့ အသိဉာဏ် ရာနှုန်း မပြည့်ရုံမျှမက ဉာဏ် မျက်စိတောင် လည်နေတတ်ပါတယ်။
မြတ်စွာဘုရားရှင်က မဇ္ဈိမပဋိပဒါ လမ်းစဉ်အရ ပညာသိက္ခာအနေနဲ့ သိရမယ့် သစ္စာ လေးပါးတို့ကို အခြေခံဖြစ်တဲ့ နာယူသိ(သစ္စဉာဏ်)နဲ့  သိမြင်ဖို့အတွက် ဟောကြားရာမှာ ပထမ ဆုံး " ဒုက္ခသစ္စာ" နဲ့ပတ်သက်လို့ အလွန်အငြင်းပွားစရာ မရှိနိုင်ပါဘူး။ ကျန်သစ္စာသုံးပါးမှာသာ  အယူဝါဒတွေ ကွဲပြား နေကြတာပါ။ မဇ္ဈိမပဋိပဒါ လမ်းစဉ်အရ နိဗ္ဗာန်ကို ထိုးထွင်းသိမြင်ရေး အတွက် အရေးကြီးဆုံး လိုအပ် ချက်က အယူမှားနဲ့ ယုံမှားသံသယ (ဒိဋ္ဌိ နဲ့ ၀ိစိကိစ္ဆာ) ကင်းစင် ရမှာ ဖြစ်တဲ့အတိုင်း ဘယ်သူမှ ယုံမှား သံသယ ဖြစ်စရာ မရှိသလို အားလုံးနဲ့ ရင်းနှီး ကျွမ်းဝင် ပြီးဖြစ်တဲ့ ဒီ ဒုက္ခသစ္စာကို စပြီး ဟောတော်မူ တယ်လို့ မှန်းဆကြည်ညိုမိပါတယ်။
ဒုက္ခဆိုတာ လောကရဲ့ သရုပ်မှန် ဖြစ်တဲ့ အပြင် တရားဦးကို နာယူကြမယ့် ပဉ္စ၀ဂ္ဂီ ငါးဦးတို့ ကိုယ်တိုင် လည်းပဲ ဒီဒုက္ခကို အထိုက်အလျောက် ဉာဏ်မီ သိမြင်ကြလို့သာ လောက နယ်က ရုနုးထွက်ပြီး ဓမ္မနယ် ဘက်လာကြသူများ ဖြစ်လို့ ဒုက္ခအကြောင်းက စပြီး ဟောပြော တာဟာ သူတို့ လက်ခံဖို့အတွက် အလွယ်ကူဆုံး ဖြစ်နိုင်ပါတယ်။
မြတ်စွာဘုရားရှင် ဟောပြတော်မူတဲ့ ဒုက္ခသစ္စာကို အလေးအနက် နှစ်လုံးသွင်း နာယူ ကြည့်မယ်ဆိုရင်- 
" ဒုက္ခ" ဆိုတာ သတိမေ့သူကို လှုပ်နှိုးပေးတတ်တယ်။ ဥပါဒါန်အားကြီးသူကို ခြောက်လှန့်တတ်တယ်။ သတိကင်းမဲ့သူကို ၀ါးမျိုတတ်တယ်။ သတိရှိရှိ  တက်စီး နိုင်သူကိုတော့ လိုရာခရီးကို အရောက်ပို့ပေး နိုင်တယ်။ ပညာမျက်စိနဲ့ ရာနှုန်းပြည့် ကြည့်လိုက်ရင်တော့ "စက်ရုပ်ကျားကြီး"ပါပဲ။
ဟုတ်ပါတယ်။ တဏှာအဆီ ထည့်ပေးထားပြီး ဥပါဒါန်က  လှုပ်နိုးပေးနေလို့သာ သက်ဝင်လှုပ်ရှား နေတဲ့ စက်ရုပ်ကျားကြီးပါပဲ။ အကြောင်းမှန်ကို သိပြီးလို့ တဏှာအဆီ ထည့် မပေးတော့ဘူး ဆိုရင်တော့ ဥပါဒါန်ကလည်း လှုပ်နိုး အသက်သွင်း မရတော့လို့ "ဒုက္ခ" ဆိုတာ လည်း အရုပ်ကြိုးပြတ် ဖြစ်သွားရ စမြဲပါပဲ။
မဇ္ဈိမပဋိပဒါ မပေါ်ထွန်းသေးတဲ့ အတွက် သတ္တ၀ါတွေ ဒုက္ခကြောင့် အရုပ်ကြိုးပြတ် ဖြစ်သလို ဒုက္ခရှေ့ မှောက်မှာ ဒူးထောက်ကြရပေမယ့် မဇ္ဈိမလမ်းစဉ်ကို ကျင့်သုံးပြီးလို့ အကြောင်း မှန် သိပြီး သွားရင်တော့ "ဒုက္ခ" က အရုပ်ကြိုးပြတ်ဖြစ်ပြီး မဇ္ဈိမအကျင့်နဲ့ ပြည့်စုံ သူရဲ့ ရှေ့မှောက်မှာ ဒူးထောက် လာရမယ့် သဘောပါ။
ဒုက္ခရဲ့ သဘောကို နှလုံးသွင်းရင်းကပဲ ကြားဖူးတဲ့ ဖြစ်ရပ်လေး တစ်ခုကို ပြေးပြီး သတိ ရမိလိုက်တယ်။ ကိုလိုနီခေတ်တုန်းက "မြို့ပိုင်မင်း"ဆိုတာကို ကျေးလက်တောရွာတွေမှာဘုရားထူး ၊ဦးချနဲ့  အတော်လေး ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရွံ့ကြပါသတဲ့ ။ ရွာတစ်ရွာကို မြို့ပိုင် မင်း ရောက်လာတဲ့အခါ သူကြီးက စပြီး တစ်ရွလုံး ပျာပျာသလဲ ဖြစ်နေကြတော့ အဒေါ်ကြီး တစ်ယောက်က "ဒီလောက်တောင် အဖြစ်သည်း နေကြတာ၊ ဘယ်လိုပုဂ္ဂိုမျိုးလဲ ဆိုတာ သိရ အောင် ငါလည်း သွားကြည့်ဦးမှပဲ"ဆိုပြီး သွားကြည့်တဲ့အခါ မြို့ပိုင်မင်းဆိုသူကိုလည်း မြင် လိုက်ရော"ဟောတော် …. မြို့ပိုင်မင်း မြို့ပိုင်မင်းနဲ့ တစ်ရွာလုံး ဖိမ့်ဖိမ့်တုန် နေလိုက်ကြတာ၊ ဘယ်သူများလဲလို့၊ လက်စသတ်တော့ ငယ်ငယ်တုန်းက ငါ ထိန်းပေးခဲ့ရတဲ့ မျောက်ရှုံး "ငပြူး" ကိုး ဟဲ့၊ မျောက်ရှုံးအောင် ဆော့ထားလို့ နဖူးကွဲထားတဲ့ အမာရွတ်ကြီး မြင်လိုက်ကတည်းက သင်းကို ငါမှတ်မိပါ့တော်" လို့လည်း အော်လိုက်တော့ မြို့ပိုင်မင်းလည်း မမျှော်လင့်ဘဲ ဒီရွာမှာ ရောက်နေတဲ့ သူ့အဒေါ်နားကပ်ပြီး" တိုးတိုးပြောပါ အဒေါ်ရဲ့၊ သူများတွေ ကြားလို့ ရှက်စရာကြီး ၊ အဒေါ် ဒီရွာမှာ ရောက်နေမှန်း မသိလို့ပါ၊ အလုပ်ပြီးမှ လာတွေ့ပါ့မယ်၊ အခု ကိုယ့် အိမ် ကိုယ် ပြန်ပါတော့" လို့ ချော့မော့ တောင်းပန်လိုက်ရသတဲ့။
"ဒုက္ခ"ဆိုတာ ဒီသဘောပါပဲ။ "ငပြူး"မှန်း မသိသူတွေကသာ သူကို ဖိမ့်ဖိမ့်တုန် ကြောက်ပြီး ဒူးထောက် နေကြပေမယ့် "ငပြူး"မှန်း သိသူကိုကြတော့ သူကတောင် ဖိမ့်ဖိမ့် တုန်ကြောက်ပြီး ဒူးထောက်ရမယ့် သဘောပါ။ ဟုတ်တယ်၊ သူ့အကြောင်း အကုန်သိကုန် ကြရင် ဘယ်သူကမှ အရေးမလုပ်ကြတော့တဲ့ အတွက်"သစ္စာတရား"ဆိုတဲ့ ဂုဏ်ပုဒ်ကြီးတောင် အလကားဖြစ်သွားနိုင်တာကိုး။
မြတ်စွာဘုရားရှင်ရဲ့ တရားဦး ဒေသနာတော်မှာ "ဒုက္ခ" ကို တစ်လွှာခြင်း ခွာပြတော်မူတဲ့ အခါမှာတော့ ငှက်ပျောတုံးကြီးလိုပါပဲ။ ဘာမှ အနှစ်သာရ၊ အခိုင်အမာ ဆိုတာ မတွေ့ရပါဘူး။ (အိမ်ရှင်များ၊ မုန့်ဟင်းခါး အချက်ကောင်းရင်တော့ မြိန်ရေရှက်ရေ ခံစားလိုက ခံစားနိုင်ပါ လိမ့် မယ်)။
အပေါ်ဆုံး အလွှာကတော့ လူတိုင်းအသိဆုံးနဲ့ အကြောက်ဆုံး ဖြစ်တဲ့ " မွေး၊ အို၊ နာ၊ သေ " ဒုက္ခပါ။ ဒီအလွှာနဲ့ပတ်သက်လို့ ပဉ္စ၀ဂ္ဂီငါးဦးလုံးက အလွယ်တကူ လက်ခံပြီ ဆိုတော့ နောက်ထပ် တစ်လွှာကို ခွာပြတယ်။ " မုန်း ဆုံ ချစ် ကွဲ" ဒုက္ခပါ။ ( အပိယ ပိယ ဆိုတဲ့ ပါဠိ စကားကို လွယ်လွယ်ကူကူ "မုန်းသူ ချစ်သူ"လို့ မြန်မာပြန်ကြပေမယ့် အတိအကျတော့ အပိယ ဆိုတာမလိုလား မနှစ်သက် မမြတ်နိုးစရာ အာရုံဝတ္ထု(ပုဂ္ဂိုလ်)များ ဖြစ်ပြီး ပိယ ဆိုတာ လိုလားနှစ်သက်မြတ်နိုးစရာ အာရုံဝတ္ထုနှင့်ပုဂ္ဂိုလ်(ဣဋ္ဌ ကန္တ မနာပ) အားလုံးကို ဆိုတာပါ) ဒီဒုက္ခလွှာဟာ ကျန်သစ္စာသုံးပါးကို သဘောပေါက်ဖို့ အတွက် ညင်ညင်သာသာနဲ့ အဆင့် တက် ပေးလိုက်တဲ့ သဘောပါ။ ( ဟောပြောမှု ကျွမ်းကျင်လိမ္မာတော်မူလှတဲ့ ဘုရားရှင်တို့ရဲ့ ကောသလ္လဉာဏ်တော်ကို အာရုံပြု ကြည်ညိုစရာပါ)။
သူလို ကိုယ်လို ဘယ်သူ မဆို ၊ ဘယ်အရာ မဆို သင်္ခါရ မှန်သမျှ ဖြစ်ပေါ်နေတဲ့" မွေး၊ အို၊ နာ၊ သေ"ဆိုတဲ့ သဘာဝ ဖြစ်စဉ်ကြီးကိုပဲ ဖြစ်ဖြစ်၊ တခြား သင်္ခါရအာရုံ ၀တ္ထုတွေကို့ ဖြစ် ဖြစ်၊ ကိုယ်က" မချစ်ခင် မနှစ် သက်စရာ" လို့ သတ်မှတ် စွဲလမ်းထားရင် "ပေါင်းဆုံရတဲ့ ဒုက္ခ" ကို ခံစားရမယ်၊ "ချစ်ခင်နှစ်သက်စရာ"လို့ သတ်မှတ် စွဲလမ်းထားရင် "ကွေကွင်းရတဲ့ ဒုက္ခ" ကို ခံစားရမယ်လို့ မိန့်တော်မူလိုက်တာပါ။ ဒီ ဒုက္ခ အလွှာ ကလည်း အရပ်ထဲမှာ လူပြော သူပြော အများ ဆုံး ဖြစ်နေတာမို့ ပဉ္စ၀ဂ္ဂီတို့ အနေနဲ့ မငြင်းသာပါဘူး။ လက်ခံရတော့တာပါပဲ။
ဒီအလွှာကို "မှန်ပါတယ်"လို လက်ခံလိုက်တာနဲ့ တစ်ပြိုင်နက် ပထမအလွှာက လုံးဝ ပျောက်ကွယ် သွား
ပါ တယ်။ မှန်ပါတယ်။ မွေး၊ အို၊ နာ၊ သေ ဆိုတာ သင်္ခါရတို့ရဲ့ သဘာဝ ဖြစ်ရိုးဖြစ် စဉ်ကြီးပါ။ ဒီသဘာဝ ဖြစ်စဉ်ကြီး အပေါ်မှာ "မချစ်ခင် မနှစ်သက်စရာ"လို့ သတ်မှတ် စွဲ လမ်း သူတွေက "ပေါင်းစုံဒုက္ခ" ကို ခံစားရတယ်။ နုပျိုကျန်းမာ အသက်ရှင်နေတာကို ချစ်ခင် နှစ်သက်စရာလို့ သတ်မှတ် စွဲလန်းသူတွေက "ကွေကွင်းဒုက္ခ"ကို ခံစားရမယ်။ သဘာဝ က တော့  သဘာဝအတိုင်းပါပဲ။ ဘယ်သူ့အလိုကျ အတိုင်းမှ မဖြစ်ပါဘူး။ ဒါကို သဘောပေါက် လာပြီဆိုရင် "မွေး၊ အို၊ နာ၊ သေ"က ဒုက္ခဖြစ်လာတာလား၊ သတ်မှတ် စွဲလမ်းမှုက ဒုက္ခဖြစ်နေ တာလား ဆိုတာ နည်းနည်း ရိပ်စားမိလာ စေပါတယ်။
(သင်တန်းမှာတုန်းက ဆရာသမား မိန့်ကြားတာကတော့" ရိပ်စားမိလာတယ်" ဆိုတာ ဒီအတိုင်း ကိုက်ဖြတ် စားတဲ့ အဆင့်ကို ကျော်လာတာပဲ၊ ဘာဖြစ်လို့လဲ ဆိုတော့ တိရစ္ဆာန် တွေက အသီးအပင်တွေကို ဒီအတိုင်း ကိုက်ဖြတ်စားတယ်။ လူတွေကသာ ရိတ်သိမ်း ချက်ပြုတ် စားကြတာ ဖြစ်လို့ပါ တဲ့။ သံတူကြောင်းကွဲ မှတ်မိလွယ်စရာပါ)
ဒီအလွှာကို လက်ခံ သဘောကျပြီ ဆိုရင် ဒုက္ခအစစ်က ဘာလဲ၊ ဒုက္ခလက်သည်( သမုဒယ) ဆိုတာ ဘာလဲ ၊ ဒုက္ခချုပ်ငြိမ်းရာ ဆိုတာ ဘာလဲ၊ ဒုက္ခ ချုပ်အောင် ဘာကို ဖြုတ် ရမလဲ ဆိုတဲ့ ကျန်သစ္စာသုံးမျိုးကို ရိပ်စား မိစေမှာ ဖြစ်လို့ ဒီအလွှာဟာ ကျန်သစ္စာသုံးပါးကို သဘဘောပေါက်ဖို့အတွက် အဆင့်တက်လိုက် တာ ဖြစ်တယ်လို့ ဆိုရတာပါ။
နောက်ထပ် တစ်လွှာကတော့ "ယံပစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ" ပါတဲ့။ လိုတာ မရတာဟာ ဒုက္ခပဲလို့ ဆို လိုက်တာပါ။ ဒါကလည်း အရပ်ထဲမှာ သူလိုကိုယ်လို သိနေ ပြောနေကြတာ ဖြစ် လို့ ဘာမှ အငြင်း ပွား စရာတော့ မလိုပါဘူး၊ ဒီစကားရပ်ကို နှစ်လုံးသွင်မယ်ဆိုရင် အရပ်ထဲမှာ လူပြောသူပြော ဒုက္ခတွေဟာ တကယ်ဒုက္ခ မဟုတ်သေးဘူးလို့ ဆိုရမှာပါ။ အမှန်က လိုတာ မရတာ ဒုက္ခ မဟုတ်ဘူး၊ မရတာကို လိုချင် နေတာကသာ ဒုက္ခဖြစ်နေတာလို့ ဆိုလိုက်တာပါ။ ဒီအလွှာကို လက်ခံ လိုက်နိုင်ပြီ ဆိုရင်တော့ ဒုက္ခရဲ့ လက်သည်ဟာ " လိုချင် တပ်မက် စွဲလမ်း မှု (တဏှာ)"သာ ဖြစ်တယ် ဆိုတာ ကွင်းကွင်းကြီးပေါ်လာပါပြီ။
ဒါကြောင့် ဘုရားရှင်က ဒုက္ခနဲ့ ပတ်သက်လို့ နောက်ဆုံး အကျဉ်းချုပ် ကောက်ချက်ချ ပြလိုက်တာကတော့
" သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ"ပါတဲ့။ အတိုချုပ်ကတော့ ဥပါဒါန် စွဲကပ်ထားတဲ့ ခန္ဓာငါးပါးကြီးဟာ ဒုက္ခဖြစ်နေတာပဲလို့ ဆုံဖြတ်လိုက်တာပါ။ ဒီနောက်ဆုံးအလွှာ ဟာ ဒုက္ခရဲ့ အကျဉ်းချုပ်ဖြစ်သလို အစစ်အမှန် ပရမတ္ထဒုက္ခ လို့လည်း ဆိုရပါလိမ့်မယ်။
မှန်ပါတယ်။ ပရမတ္ထရဲ့ သဘောက ဆန့်ကျင်ဘက် စကားလုံးနဲ့ တွဲလိုက်ရင် ဆန့်ကျင်ဘက် အဓိပ္ပါယ် ကို ထွက်စေပါတယ်။ ဥပမာ- လောဘနဲ့ အလောဘ တို့လို ပါပဲ။
ဒုက္ခရဲ့ အလွှာတစ်ခုချင်းကို ဆန့်ကျင်ဘက် စကားလုံးများနဲ့ တွဲပြီး စဉ်စားကြည့်ပါ။ မွေး၊ အို၊ နာ၊သေ ဆိုတဲ့ အလွှာမှာ မမွေးဘူးဆိုရင် ဘာဖြစ်မလဲ။ မမွေးတဲ့အရာဟာ ဖြစ်ကို ဖြစ် ပေါ်မလာတဲ့ အတွက် ပြောစရာ ဘာမှမလိုတဲ့ ကိစ္စပါ။ ဒါဖြင့်" မအို၊ မနာ၊ မသေရင်ကော" ဆိုရင် အမှတ်မဲ့တော့ ဒါဆို "သုခ" ပေါ့လို့ ထင်စရာပါပဲ။ ဒါပေမဲ့ မွေးဖွားလာသမျှ သတ္တ၀ါတွေ ဟာ "မအို၊ မနာ ၊ မသေကြဘူးဆိုရင် " စိတ်ကူးနဲ့ မှန်းကြည့်ကြည့်ပါ။ လူဘုံလူ့ဘ၀ တစ်ခု တည်း ကိုပဲကြည့်။ အခုရှိနေသူတွေဟာ ဘယ်သူမှ သတ္တလောကရဲ့ "ဓားမ ဦးချ" တွေ မဟုတ် ကြဘူး ဆိုတာကိုလည်း မမေ့ပါနဲ့။ ဘယ်လိုနေမလဲ၊
 "အ၀ီစိ ငရဲ" ဆိုတာ ကံကြွေးမကုန်သမျှ သေကြရိုးထုံးစံ မရှိဘဲ အသစ်တွေသာ တိုးတိုးပြီး ဖြစ်နေတဲ့ အတွက် ၀ါးလုံးခေါင်းထဲမှာ မုန့် နှစ်တွေကို သိပ်ထည့်ထားသလို ခံစားနေရတဲ့ ငရဲဘုံလို့ ဆိုပါတယ်။ လူ့ဘုံမှာလည်း မွေးလာ သမျှ မသေကြရင် အ၀ီစိငရဲနဲ့ ထူးပါ့မလား။ ဒီလိုဆိုရင် မွေး၊ အို၊ နာ၊ သေ ဒုက္ခဆိုတာကို မမွေး၊ မအို၊ မနာ၊ မသေ လို့ ဆန့်ကျင်ဘက်စကားနဲ့  တွဲလိုက်ပေမယ့် " ဒုက္ခ မဟုတ်တော့" ဆိုတဲ့ ဆန့်ကျင်ဘက်အဓိပ္ပာယ် ထွက်မလာပါဘူး။ လုံးဝ ကွေ့ကွင်းခြင်း မရှိစေဘဲ တစ်တွဲတည်း ပေါင်းနေစေဆိုရင် သုခဖြစ်မလား၊ မဖြစ်တာ သေချာပါတယ်။ " မုန်းသူ နဲ့ မပေါင်းဆုံရတာကတော့ သုခဖြစ်နိုင်တယ်" လို့ ထင်ကြအုံးမလား။ ဒါဆို ဘယ်တော့မှ မမုန်းနိုင်တဲ့ ချစ်စရာဆိုတာ ဘယ်သူရှိသလဲ လို့ စဉ်းစားကြည့်ပါ။ "လိုတာ မရ" ဆိုတဲ့ စကားရဲ့ ဆန့်ကျင်ဘက်အဖြစ် "လိုတာတွေ ရနေရင်" လို့ တွေးကြည့်မယ်ဆိုရင်တော့ ပုံပြင်ထဲက " ရွှေ ဖြစ်တဲ့ လက်ပိုင်ရှင် ဘုရင်ကြီးတို့" " ပြေးလို့ ရောက်နိုင်သမျှ မြေကို အပိုင်ယူစေ" လို့ အမိန့် ချ ခံရသူတို့ရဲ့ အဖြစ်တွေကို စဉ်းစားလိုက်ရင် ဆန့်ကျင်ဘက် စကားကြောင့် ဆန့်ကျင်ဘက် အဓိပ္ပာယ် ထွက်မလာဘဲ ဒုက္ခပြီး ဒုက္ခတွေသာ တိုးတိုးလာမယ် ဆိုတာ ထင်ရှားပါတယ်။
နောက်ဆုံးအလွှာကို ဆန့်ကျင်ဘက် စကားလုံးနဲ့တွဲပြီး " အစွဲ ဥပါဒါန် ကင်းတဲ့ ခန္ဓာ ငါးပါး"  ဆိုတာ ဖြစ်သွားရင် အဓိပ္ပာယ်ကလည်း "ဒုက္ခအားလုံး ချုပ်ငြိမ်းရာ" ဆိုတဲ့ ဆန့်ကျင် ဘက် အဓိပ္ပာယ် ဖြစ်သွား ပါတယ်။ ခန္ဓာငါးပါးမှာ အစွဲဥပါဒါန် မရှိတော့ရင် အတွင်းဆုံးအလွှာ ပြောင်းသွားပြီး ဖြစ်တဲ့အတွက် အပေါ်အလွှာတွေ အားလုံးလည်း အဓိပ္ပာယ် ပြောင်းလွဲ သွား ပါတော့တယ်။
ဒုက္ခရဲ့ နောက်ဆုံးအလွှာက " ဒုက္ခ ဖြစ်ခြင်း၊ ချုပ်ခြင်း ဆိုတာ ဥပါဒါန်ရှိခြင်း၊ မရှိခြင်းက လွဲပြီး တခြား 'အတ္တ' စတဲ့ အရာဆိုတာ မရှိဘူး " လို့ သဘောပေါက်စေတဲ့ အတွက် သစ္စာ လေးပါးကိုသာမက နောက်ထပ် ဟောမယ့် အနတ္တလက္ခဏသုတ် အတွက်လည်း ပဉ္စ၀ဂ္ဂီတို့ ကိုယ်တိုင် သဘောကျ ဖြေဆိုနိုင်လောက် အောင် ကြိုတင် လမ်းခင်းပေးတဲ့ သဘောဖြစ်လို့ မိဂဒါဝုန် တရားတော်နှစ်ပုဒ်လုံးအတွက် အရေးအပါဆုံး စကားပိုဒ် အဖြစ်လည်း မှတ်ယူ နိုင်ပါတယ်။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)