Wednesday, July 31, 2013

မကျယ်မ၀န်း အလယ်လမ်း (ဓမ္မစကြာ ၂)

copy from http://ashinsirinda.com/
Jan 5 2010

အဘိဓမ္မာတစ်ရပ် ရှင်သန်ဖို့အတွက် အရေးအကြီးဆုံး အသက်သွေးကြောက "အဟောင်း"ကို ကြောင်းကျိုး ခိုင်လုံစွာ ပယ်ရှားနိုင်ခြင်းနဲ့ ကျိုးရှိ မှန်ကန်တဲ့ "အသစ်"ကို အစားထိုးပေးနိုင်ခြင်း ဆိုတဲ့ တာဝန် နှစ်ရပ်လုံး ကျေပွန်ခြင်းပဲ ဖြစ်ပါတယ်။ (နိကာယ်ပညာရှင် မထေရ်မြတ်များ)

မြတ်စွာဘုရားရှင် မဟာသက္ကရာဇ် ၁၀၃-ခု၊ ၀ါဆိုလပြည့်နေ့ ညနေဆည်းဆာ အချိန် လောက်မှာ
မိဂဒါဝန်တောကို ရောက်သွားပါတယ်။ ကြိုတင် သိမြင်ထားတဲ့ အတိုင်းပါပဲ၊ သူလိုကိုယ်လို ခြေကျင်ကြွ လာတဲ့ မြတ်စွာဘုရားရှင်ကို အဝေးကနေ မြင်နေရတဲ့ ပဉ္စ၀ဂ္ဂီငါးဦး တို့ဟာ ဘာမှ အထင်မကြီးရုံ မကဘူး၊ 'တရာပျက်ပြီး အစားမက်တဲ့ တရားလူထွက်ကြီး' ဆိုတဲ့ စွပ်စွဲချက်နဲ့ အထင်တောင် သေးကြပါသေးတယ်။ ဒါက ဆန်းကြယ်လှတဲ့ ကိစ္စတစ်ရပ်တော့ မဟုတ်ပါဘူး။  မြက်ကို အကောင်းဆုံးထင်တဲ့ သားသမင်တို့အတွက်' ပတ္တမြား ဆိုတာ အလကား ပစ္စည်းပဲ' ဆိုတဲ့ မြတ်စွာဘုရားရှင်ရဲ့ ဥပမာအတိုင်းပါပဲ။
အဲဒီခေတ်က မြင့်မြတ်လေးစား ထိုက်တဲ့ ပုဂ္ဂိုလ်အဖြစ် တိုင်းတာတဲ့ 'စံချိန်' ပမာဏ သုံးခုထဲမှာ ပဉ္စ၀ဂ္ဂီတို့ အလေးအထားဆုံးက 'လူခပမာဏ' လို့ခေါ်တဲ့ ခေါင်းခေါင်းပါးပါး ကျင့်သုံးမှု စံချိန်ပဲ ဖြစ်နေ ပါတာပါ။ 'ဓမ္မပမာဏ' ဆိုတဲ့ တရားစံချိန်ကို ဘယ်သူမှ အလေး ဂရုပြုရကောင်းမှန်း မသိကြ သေးပါဘူး။ မြတ်စွာ ဘုရားရှင်က သူတို့ အလေးအထားဆုံး စံချိန်ကို တစ်ချိန်က အပြတ် 'ချိုး' ခဲ့ဖူးပေမယ့် အခု အချိန်မှာ အဲဒီစံချိန်ကို စွန့်ပယ်လိုက်ပြီဆိုတော့ ပဉ္စ၀ဂ္ဂီတို့မှာ တိုင်းတာစရာ စံချိန် ဘာမှ မရှိ တော့တဲ့အတွက် ဘာမှ မသိခြင်းပါပဲ။ ဘုရားရှင်ကို အဝေးက မြင်ရစဉ်တုန်းကတော့ "ဘယ်သူမှ ခရီးဦးကြိုဆို နှုတ်ဆက်မပြုကြဘဲ မသိကျိုးကျွန်ပြုပြီး ခပ်တည်တည် နေကြစို့" လို့တောင် အချင်းချင်း တိုင်ပင်လိုက်ကြသေးတယ်။ တကယ်တမ်း အနားရောက်လာတော့ လည်း ဘယ်သူမှ မနေနိုင်ကြပါဘူး။ ဘုရားရှင်ရဲ့ ကရုဏာတော် အအေးဓာတ်အောက်မှာ ဒေါသမီး၊ မာနမီးဟူသမျှ အားလုံးချုပ်ပျောက်သွားရစမြဲ ဖြစ်တဲ့ အတိုင်း ပဉ္စ၀ဂ္ဂီတို့ လည်း  သပိတ်၊ သင်္ကန်းကို သူ့ထက်ငါ လှမ်းယူသူကယူ၊ ခြေးဆေးရေ၊ ခြေးဆေးအင်ပျဉ် သယ်သူက သယ်၊ ခြေသုတ် အ၀တ် ရှာသူကရှာ ဖြစ်ကုန်ကြတော့တာပါပဲ။
ရူပပမာဏ၊ ဃောသပမာဏ အရှိန်အ၀ါကြောင့် အရိုအသေမပြုဘဲ မနေနိုင်ကြပေမယ့် တရားနာဖို့ကိုတော့ ငြင်းဆန်နေကြပါတယ်။ မြတ်စွာဘုရားရှင်က' ငါ မသေရာတရားကို ရခဲ့ပြီ၊ အဲဒီတရားကို နာယူကျင့်သုံးကြ၊ သင်တို့ရည်မှန်းတဲ့ ဒုက္ခငြိမ်းရာ ပန်းတိုင်ကို မုချ ရောက်စေရ မယ်'လို့ သုံးကြိမ်တိုင်တိုင် တိုက်တွန်းပေမယ့် ငြင်းဆန်မြဲ ငြိမ်းဆန်ပြီး တင်းခံနေကြပါတယ်။
ပဉ္စ၀ဂ္ဂီတို့ကို စည်းရုံးနိုင်ဖို့အတွက် နောက်ဆုံး တစ်ချက်ကတော့ မြတ်စွာဘုရား ရှင်ရဲ့ ဘ၀တစ်လျှောက်လုံး ကျင့်သုံးခဲ့တဲ့'ရိုးသားဖြောင့်မတ်မှုဂုဏ်' ပါပဲ၊ ဒါကြောင့် မြတ်စွာဘုရား ရှင်က "ငါဟာ အရင်က ' မရ၊ မရှိ၊ မမြင်သိတာ' ကို ရတယ်၊ ရှိတယ်၊ မြင်သိတယ်' လို့ ၀ါကြွား လှည့်စား ပြောကြားခဲ့ဖူးတာကို သင်တို့ မှတ်ဖူးပါသလား"လို့ မေးလိုက် တဲ့ အခါမှာတော့ ပဉ္စ၀ဂ္ဂီငါးဦးလုံး တရားကို ဦးမခိုက်သေးပေမယ့် နားစိုက်ဖို့ ၀န်ခံလာကြပါ တော့တယ်။
အစဉ်အလာ တရားများထက် လွန်ကဲထူးမြတ်တဲ့ တရားကို 'အဘိဓမ္မာ'(အဘိ-လွန်ကဲ ထူးမြတ်တဲ့၊ ဓမ္မာ-သဘောတရား) လို့ ခေါ်တဲ့အတိုင်း အခု မြတ်စွာဘုရားရှင် ဟောကြားမယ့် တရားတော်ဟာလည်း 'အဘိဓမ္မာသစ်' လို့ ဆိုနိုင်ပါတယ်။ အဘိဓမ္မာသစ်တစ်ခု သက်ဝင် ရှင် သန်ရေးအတွက် အဓိက အသက် သွေးကြောက 'အဟောင်း'ကိုခိုင်လုံတဲ့ ကြောင်းကျိုးပြ ချက် နဲ့ ဖယ်ရှားနိုင်ခြင်းနဲ့ မချွတ်မယွင်း ပြစ်မဲ့ကျိုးရှိ မှန်ကန်တဲ့ 'အသစ်' ကို အစားထိုးပေးခြင်း ဆိုတဲ့ တာဝန်နှစ်ရပ်ကို ကျေပွန်စေရမှာ ဖြစ်တဲ့ အတိုင်း မြတ်စွာဘုရားရှင်ကလည်း မိမိတွေ့ရှိ တဲ့  အဘိဓမ္မာသစ်ကို မဟောမီ ရှေးဦးစွာ အဟောင်း တရားများကို ကြောင်းကျိုးပြ ဖယ်ရှား လိုတဲ့ အတွက် တရားဦးကို 'ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေ၀ိတဗ္ဗာ' ဆိုတဲ့ စကား နဲ့ စ လိုက်ပါတယ်။
ပထမ ဖယ်ရှားရမယ့် အစွန်းရောက် အကျင့် ဟောင်းက " ကာမသုခလ္လိကာနုယောဂ" လို့ခေါ်တဲ့ ' အာရုံ ငါးပါး ကာမဂုဏ် တရားများကို ရနိုင်သမျှ ရှာဖွေပြီး ခန္ဓာကိုယ်ရဲ့ အလိုကျ သုံး ဆောင်ခံစားခြင်းဟာ ချမ်းသာစစ်ဖြစ်တယ်' လို့ ခံယူကျင့်သုံးနေကြတဲ့ လမ်းစဉ်ဖြစ်ပါ တယ်။ ဒီလို ခံစားခြင်းကို ကျင့်စဉ်တစ်ရပ်၊ ဒဿနတစ်ခုအဖြစ် 'စရ၀ါက' ဆိုတဲ့ ဆရာကြီးက ဟောကြားခဲ့တာ ဖြစ်လို့ ကာမသုခလ္လိကကိုလည်း အနုယောဂ(ကျင့်စဉ်တစ်ခု) အဖြစ် မြတ်စွာ ဘုရားရှင်က သုံးနှုန်းဟောကြားရတာပါ။
ဒီအစွန်းရောက် ကျင့်စဉ်ကို ၀ဋ်ဒုက္ခက လွတ်မြောက်လိုသူတိုင်း စွန့်လွှတ်ရမှာ ဖြစ် ပါတယ်။ ဒီအတွက် မြတ်စွာဘုရားရဲ့ ကြောင်းကျိုးပြချက်ကတော့ ကာမသုခလ္လိက အကျင့် ဆိုတာ အနိမ့်ဆုံးဖြစ်တဲ့ တိရစ္ဆာန် များပင် ကျင့်သုံးခံစားနေတာ ဖြစ်လို့ ယုတ်နိမ့်တယ်(ဟီန) ယဉ်ကျေးတဲ့ခေတ်မှာလူမြင်မခံဝံ့စရာ ဖြစ်လို့ ရိုင်းလည်းရိုင်းတယ်(ဂါမ္မ) လူများစုကြီးဖြစ်တဲ့ လူပြိန်းတို့အကြိုက်သာဖြစ်တယ်။ (ပေါထုဇ္ဇနိက)အရိယာ ပုဂ္ဂိုလ်တို့၏ ကျင့်စဉ်မဟုတ်(အနရိယ) စစ်မှန်တဲ့ ကောင်းကျိုးကို မဖြစ်နိုင်ဘူးး(အနတ္ထသံဟိတ)ဆိုတဲ့ ချွတ်ယွင်းချက်များ ရှိနေလို့ပါပဲ။
ဒီအချက်နဲ့ ပတ်သက်လို့ သိဒ္ဓတ္ထမင်းသား ဘ၀က ကိုယ်တိုင် အစွန်းရောက် ကျင့်သုံး ခဲ့ပြီး စွန့်လွတ်ခဲ့ တာဖြစ်လို့ ပဉ္စ၀ဂ္ဂီငါးဦးတို့ အနေနဲ့" သပျစ်သီးကို မမီလို့ ချဉ်တယ် ပြောနေ တာ" ဆိုတဲ့ သဘောနဲ့ စောဒကတက်စရာ မရှိတော့ပါဘူး။ ခေါင်းညိတ် ၀န်ခံကြရပါတယ်။
နောက်ထပ် အစွန်းတစ်ခုကတော့ " အတ္တ ကိလမထ နုယောဂ" လို့ခေါ်တဲ့ ခန္ဓာကိုယ်ကို ပင်ပန်းအောင် ညှဉ်းပန်းအားထုတ်တဲ့ အကျင့်ပါ။ ဒီအကျင့်က ခန္ဓာကိုယ် ထဲမှာ 'အတ္တ' ကလေး ပျော်မွေ့နေသမျှ ဆင်းရဲတယ်၊ ခန္ဓာကိုယ်ကို ပန်ပန်းအောင် ညှဉ်းဆဲပေး ခြင်းဖြင့် 'အတ္တ' ကလေး ခန္ဓာကိုယ်နဲ့ ခွဲခွာပြီး မူလဖြစ်တဲ့ 'ပရမတ္တမ'နဲ့ ပြန်ပေါင်းမိသွားမှ  ချမ်းသာသုခ ရမယ်"လို့  ယုံကြည်ကြတဲ့ အဲဒီခေတ်က အမြင့်ဆုံး ၀ါဒတစ်ရပ် ဖြစ်ပါတယ်။ ခန္ဓာနဲ့ အတ္တ ကင်းကွာပြတ်စဲရေး (ဘ၀ပြတ်စဲရေး) ယုံကြည်တဲ့
ဥစ္ဆေဒဒိဋ္ဌိ အယူတစ်မျိုး ဖြစ် ပါတယ်။
ဒီ အစွန်းရောက်ကျင့်စဉ်နဲ့ ပတ်သက်လို့လည်း ဘုရားအလောင်းတော်က ဥရုဝေလ တောထဲမှာ စံချိန်ဟောင်း အားလုံးကို ချိုးပြီး ကိုယ်တိုင် စံချိန်သစ်တင် ကျင့်ခဲ့တာဖြစ်လို့ ပဉ္စ၀ဂ္ဂီတို့ အနေနဲ့ ကျေကျေနပ်နပ်ကြီး လက်မခံသေးသည့်တိုင်အောင် ငြင်းပယ်နိုင်စွမ်း တော့ မရှိကြပါဘူး။ ဒါကို ကြည့်လိုက်ရင် ဘုရားအလောင်းတော် ခြောက်နှစ်တိတိ ဒုက္ကရစရိယ အကျင့်ကို ကျင့်တော်မူခဲ့တာဟာ အများသူငါ ပြောမှား၊ ထင်မှားကြသလို ၀ိပါက်တော်ကြောင့်  မဟုတ်ဘဲ အဲဒီခေတ်ရဲ့ စံချိန်အားလုံးကို ချိုးထားခဲ့ဖို့အတွက် ဖြစ်တယ်လို့ မှန်းဆ ကြည်ညိုမိပါတယ်။
အဟောင်းကိုပယ်ဖျက်ရာမှာ မလိုအပ်ဘဲ အတင်းအဖျင်းဆန်တဲ့ ပြစ်ချက်တွေကို ထုတ်ပြ မနေဘဲ ကြောင်းကျိုး ခိုင်လုံရုံလောက်ကိုသာ အတိုချုပ် ထုပ်ပြ ဟောကြားတော်မူ ပေမယ့် အသစ်ကို တင်ပြတဲ့ နေရာမှာတော့ ပြည့်ပြည့်စုံစုံ ထုတ်ဆောင် ဟောပြတော်မူတဲ့ ဘုရားရှင်ရဲ့ ဒေသနာကောသလ္လဉာဏ် တော်ကိုလည်း အတုယူ ကြည်ညိုစရာ ကောင်းလှ ပါတယ်။
မှန်ပါတယ်၊ အသစ်ဖြစ်တဲ့ မဇ္ဈိမပဋိပဒါလမ်းစဉ် နဲ့ ပတ်သက်လို့ ဘုရားရှင်က လမ်းစဉ် အတိုင်း လိုက်နာခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးတရားများကို အပြည့်အစုံ  ကြိုတင် ဟောပြ တော်မူပါတယ်။
အဲဒီ အကျိုးများကတော့--
၁။ စက္ခကရဏီ = ဉာဏ်မျက်စိကို ပြုတတ်၏ဆိုတာ မျက်စိလည်နေတာကို ပျောက်ကင်း စေတယ် လို့ ဆိုလိုတာပါပဲ။ မှန်ပါတယ်၊ ပကတိ မျက်စိလည်သူဟာ အရှေ့ အနောက်၊ တောင် မြောက်တို့ ပြောင်းပြန် လည်နေသလို မှန်ကန်တဲ့အသိမရှိဘဲ ဉာဏ်မျက်စိ လည်နေသူများဟာ လည်း ဒုက္ခ၊ ဒုက္ခရဲ့ အကြောင်း၊ ဒုက္ခချုပ်ငြိမ်းရာ ဒုက္ခချုပ်ငြိမ်းကြောင်းတို့နဲ့ ပတ်သက်ပြီး ပြောင်းပြန်လည်နေကြတာပါ။   ဒုက္ခကို သုခထင် ဒုက္ခတွင်း ပိုပြီးနက်စေတဲ့ အကျင့် တို့ကို ဒုက္ခငြိမ်းကြောင်း ထင်နဲ့ ချာလပတ်လည်နေကြတာတွေဟာ ပုထုဇဉ်တိုင်းရဲ့ ဉာဏ်မျက်စိလည်မှုကြီးပါပဲ။
မဇ္ဈိမပဋိပဒါလမ်းစဉ်ကို လက်ခံကျင့်သုံးသူများဟာ ပထမဆုံး ဉာဏ်မျက်စိလည် ပျောက်ကင်း သွားတဲ့ အတွက် ဒုက္ခ၊ ဒုက္ခရဲ့အကြောင်း၊ ဒုက္ခငြိမ်းရာ၊ ဒုက္ခချုပ်ငြိမ်းကြောင်း အကျင့်တို့နှင့် ပတ်သက်လို့ သတ်မှတ်ချက် မှန်ကန်သွားမယ်လို့ ဆိုလိုပါတယ်။
၂။ ဉာဏကရဏီ = မျက်စိလည် ပျောက်လို့ သက်မှတ်ချက် မှန်ကန်သွားတဲ့အတွက် အသိလည်း မှန်ကန် သွားမယ်၊ မျက်စိလည် ပျောက်သူဟာ အရှေ့၊ အနောက် စသည်ကို အမှန် အတိုင်း သိသလို ဒုက္ခ၊ ဒုက္ခရဲ့အကြောင်း စသည်ကို အမှန်အတိုင်း သိမြင်သွားမယ် လို့ ဆိုလို တဲ့သဘောပါ။
၃။ ဥပသမာယ =  အရပ်မျက်နှာကို အမှန်အကန်သိပြီးသူဟာ အရပ်မျက်နှာ သဲသဲကွဲကွဲ မသိခင်ကလို ပူပင်ကြောင့်ကြစရာ မလိုဘဲ မိမိ သွားလိုရာ အရပ်ကို စိတ်ချ လက် ချ အေးအေးချမ်းချမ်း သွားနိုင်သလို မှန်ကန်တဲ့ လမ်းစဉ်ကို သိပြီးသူဟာလည်း ယုံမှား သံသ ယများနဲ့ ပူပင်ကြေင့်ကြရမှုမျိုး မရှိတော့ဘဲ စိတ်ချလက်ချ အေးအေးချမ်းချမ်း ဖြစ်သွားမယ်။
၎။ အဘိညာယ = အေးအေးချမ်းချမ်း စိတ်ချလက်ချ ဖြစ်သွားပြီ ဖြစ်လို့ သိသင့်သမျှကို ထိုးထိုး ထွင်းထွင်း နက်နက်နဲနဲ သိသွားမယ်။
၅။ သမ္ဗောဓာယ = အဆုံးတိုင် ထိုးထွင်းသိမြင်ပြီး ဖြစ်လို့ အမှန်တရားနဲ့ ပတ်သက်လို့ သူပြောကို ယုံစရာ မလိုဘဲ ကိုယ်ကြုံအဖြစ် ကိုယ်ပိုင်ဉာဏ်နဲ့ မှန်မှန်ကန်ကန် သိမြင်သွားမယ်။
၆။ နိဗ္ဗာနာယ = မှန်မှန်ကန်ကန် ကိုယ်ပိုင်အသိနဲ့ သိမြင်ပြီးတဲ့ အတွက် ဒုက္ခငြိမ်းရာကို ကိုယ်သိ မျက်မှောက် ခံစားနိုင်ပြီး ဒုက္ခအားလုံး ငြိမ်းအေးသွားမယ်။  မဇ္ဈိမပဋိပဒါ လမ်းစဉ်ကို ကျင့်သုံးသူများဟာ ဒီအကျိုးခြောက်မျိုးကို ရစေနိုင်တယ်လို့ အကျိုးကို အရင်းပြုပြီးတော့မှ" သမ္မာဒိဋ္ဌိ အစရှိတဲ့ မဇ္ဈိမကျင့်စဉ်(မဂ္ဂင်ရှစ်ပါး)ကိုထုတ်ပြတော်မူပါတယ်။ မဇ္ဈိမကျင့်စဉ်ရဲ့ အကျဉ်းချုပ်ကတော့ သီလကျင့်စဉ်၊ သမာဓိ ကျင့်စဉ်၊ ပညာကျင့်စဉ် ဆိုတဲ့ ကျင့်စဉ်(သိက္ခာ) သုံးပါး ဖြစ်ပါတယ်။။( အကျယ်ကို "မဂ္ဂသစ္စာ"ရောက်မှ ရေးပါမယ်။)
အစွန်းရောက်တရားနှစ်ပါးနဲ့ မဇ္ဈိမကျင့်စဉ်တို့ရဲ့ ခြားနားချက်ကတော့ အစွန်းတရားနှစ် ပါးတို့က တစ်ခုက တစ်ခုကို ဖြောင့်ဖြောင့် ဆန့်ကျင် ငြင်းပယ်တယ်၊ အတ္တကိလမထသမားက ကာမသုခလ္လိကကို လုံးဝ ဆန့်ကျင်ငြင်းပယ်သလို ကာမသုခလ္လိက သမားများကလည်း အတ္တ ကိလမထကို လုံးဝငြင်းပယ်ပါတယ်။
မဇ္ဈိမကျင့်စဉ်မှာ အစွန်းတရားကို ပယ်ရမယ် ဆိုတာက အဲဒီ အကျင့်များကိုပင် "ပန်းတိုင်" အဖြစ်သတ်မှတ် ကျင့်သုံးခြင်းကိုသာ ပယ်ခြင်း ဖြစ်ပါတယ်။ မဇ္ဈိမအကျင့်ရဲ့ အထောက်အကူ အဖြစ်နဲ့တော့ ကာမသုခလ္လိက သမားတို့ အသုံးပြုတဲ့ အာရုံငါးပါးထဲက စား၊ ၀တ်၊ နေရေး၊ ကျန်းမာရေးအတွက် အထောက်အကူဖြစ်တဲ့ အာရုံတို့ကို သတိတရား အသိ တရား ရှေ့သွားပြု(ပစ္စ၀က္ခဏာဆင်ခြင်)ပြီး သုံးဆောင်ခွင့် ရှိပါတယ်။ (ကာမဂုဏ် တရားတို့မှာ အဿာဒ= သာယာဖွယ်၊ အာဒီန၀= အပြစ်၊ နိဿရဏ=လွတ်မြောက်မှု ဆိုပြီး သဘောသုံး မျိုး ကွဲပြား ပုံကို ဘုရားရှင်က  ဟောတော်မူပါတယ်)။
အလားတူပဲ၊ အတ္တကိလမထသမားတို့ အသုံးပြုတဲ့ ခန္ဓာကိုယ်ကို ငြိမ်သက်အောင် ထားခြင်း စသည်တို့ကို လည်း မဇ္ဈိမ အကျင့်ရဲ့ အထောက်အကူဖြစ်ရုံ အသုံးချပါတယ်။ 'ပန်းတိုင်'အဖြစ် သတ်မှတ်ခြင်းကိုသာ ပယ်ရမှာ ဖြစ်ပြီး ပန်းတိုင်ရဲ့ အထောက်အကူ အဖြစ်နဲ့ တော့ အသုံးချနိုင်တယ်လို့ ဆိုလိုတာပါ။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

Tuesday, July 30, 2013

တရားဦးကို ချဉ်းကပ်နာယူခြင်း (ဓမ္မစကြာ ၁)

copy from http://ashinsirinda.com/
Jan 5 2010
"သာသနာတော်မှာ ဒီလောက် အရေးပါတဲ့ တရားတော်ကြီးတစ်ခု ငယ်ရွယ်သူတို့ရဲ့ ပါးစပ်ဖျားမှာတင် လမ်းဆုံးနေ တာဟာ သာသနာတော်နဲ့ ကြုံခွင့် ရနေ သူတို့ရဲ့  နစ်နာချက် တစ် ခုပါဘဲ"   (အရှင်သေဋ္ဌိလ နှင့် နတ်မှီတောရ ဆရာတော်ကြီ) ဒေးဒရဲမြို့က နိကာယ်သင်တန်း ဖွင့်စဉ်က ဖွင့်ပွဲနေ့မှာ ကမ္ဘာ့ဗုဒ္ဓသာသနာ ပြု ဆရာတော် အရှင် သေဋ္ဌိလ အစရှိတဲ့  အရှင်အာဒိစ္စ၀ံသရဲ့ တပည့်ကြီးများ၊ တောင်တွင်းကြီး နတ်မှီတောရ ဆရာ တော်ကြီးများ၊ တောင်တွင်းကြီး နတ်မှီတောရဆရာတော်ကြီး၊ ဒေးဒရဲ ကွင်းကျောင်း ဆရာ တော်(သင်တန်း တာဝန်ခံ) စတဲ့ ဆရာတော်များ ပါဝင်တဲ့ မထေရ်မြတ်တို့ရဲ့ လေးနက်တဲ့ စကားဝိုင်း တစ်ခု ကိုလည်း နာယူမှတ်သားခွင့် ရလိုက်ပါတယ်။
တောင်တွင်းကြီး နတ်မှီတောရ ဆရာတော်ကြီးက "ဓမ္မစကြာတရား ဆိုတာ မြတ်စွာ ဘုရားရှင်ရဲ့ တရားဦး ဒေသနာတော်ကြီး ဖြစ်တယ်၊ သတ္တ၀ါတိုင်း အတ္တကိုယ်စီ ရှိနေ ကြသလို အတ္တ၀ါဒ လွှမ်းမိုးနေတဲ့ လောကကြီးထဲမှာ အနတ္တကို ဦးတည်တဲ့ ဒေသနာတော်ကို ပထမဆုံး ကြွေးကြော် ဟောကြားရတယ် ဆိုတာ အဘက်ဘက်က တိကျ ပြည့်စုံရသလို လောကရဲ့ လိုအပ်ချက် ကိုလည်း ကွက်တိ အံဝင် ဖြည့်စွမ်းနိုင်ရမှာ ဖြစ်လို့ မြတ်စွာဘုရားရှင်က  ဒီတရား ဦး ဒေသနာတောမှာ ဝေါဟာရအသုံးအနှုန်းကိုက ရေပက် မ၀င်လို့ ဆိုရလောက်အောင် စနစ် တကျ သုံးနှုန်း ဟောကြားတော်မူတာ တွေ့ရတယ်။
အပြော "ငါ"  နဲ့ "အရှိ" "ငါ" တို့ကို ရောထွေးမသွားစေဖို့ အတွက် ဟောသူရဲ့ နာမ်စား ကိုတောင် "မယာ" ဆိုတဲ့ ပထမ နာမ်စားကို အသုံးမပြုဘဲ "တထာဂတေန"ဆိုတဲ့ တတိယ နာမ်စား အသုံးပြုထား တာကိုက ဒီဒေသနာတော်နဲ့ ပတ်သက်လို့ မြတ်စွာဘုရားရှင် ဘယ် လောက် အလေးအနက် ထားတယ် ဆိုတာ သိသာတယ်။ ဒေသနာတော်ဟာ သိပ်ပြီး ရှည်လျားလှတာ မဟုတ်ပေမဲ့ သာသနာတော်ရဲ့ အရေးပါ ဆုံး ဖြစ်တဲ့ "မဇ္ဈိမပဋိပဒါ"လမ်းစဉ်၊ သစ္စာလေးပါးတို့ကို အရေအတွက် သရုပ်၊ သာဝက တို့ရဲ့ တာဝန်ပိုင်းနဲ့ ပြီးပြည့်စုံတဲ့ အခြေအနေ၊ ဖြစ်ပေါ် ရရှိလာမယ့် အကျိုးတရားများပါ  ပြည့်ပြည့်စုံစုံ ကြီကို ဟောထားတာ ဖြစ်လို့ သြဇာဂုဏ် အပြည့် ရှိတဲ့ ဒေသနာတော်ကြီးပဲ။ "သာသနာ တော်မှာ ဒီလောက်အရေးပါတဲ့ ဒေသနာတော်ကြီးတစ်ခု ဇရပ်ပေါ်က ၀တ်အသင်း သူလေး တွေရဲ့ ပါးစပ်ဖျားမှာတင် လမ်းဆုံး နေရတာဟာ သာသနာတော်နဲ့ ကြုံတွေ့ရသူတို့ရဲ့  နစ်နာ ချက်ကြီး တစ်ခုပဲ" လို့ ဆွေးနွေးတင်ပြပါတယ်။
ကမ္ဘာ့ဗုဒ္ဓသာသနာပြု ဆရာတော် အရှင် သေဋ္ဌိလ ကတော့"လူတွေဟာ "ဓမ္မ" ကို ဓမ္မရဲ့  အကျိုးခံစားရမှု အတွက် အသုံးမပြုကြဘဲ 'ဓမ္မ' ကို လောကအကျိုးတွက် လောက်သာ ရည်မှန်ုးပြီးး အသုံးချနေကြတဲ့ အတွက် ဘယ်သုတ် ဘယ်ဂါထာ တွေကို ရွတ်ဖတ်ရင် ဘယ်လို လောကီ အကျိုးတွေ ရတယ် ဆိုတဲ့ နောက်ကို လိုက်နေကြလို့  အလေးအနက် လိုက်နာရမယ့် ဒေသနာ တော်ကြီးဟာ ကုသိုလ်အဖြစ်၊ စီးပွားအဖြစ်၊ အန္တရာယ်ကင်း ရွတ်ဖတ်စရာတစ်ခု အဖြစ်နဲ့ လမ်းဆုံး နေရတာ ဖြစ်ကြောင်းနဲ့ အခုမှ ဗုဒ္ဓဘာသာကို စတင်လေ့လာနေကြတဲ့  အနောက် နိုင်ငံတွေမှာတော့ စီးပွားရေးကို စီးပွားရေးအတတ် ပညာနဲ့ ရှာဖွေကြပြီး ဓမ္မကိုလည်း ဓမ္မရဲ့ အကျိုးကျေးဇူး စွမ်းရည်သတ္တိကို သိလိုမှုအတွက် ရှာဖွေကြတာ ဖြစ်လို့ မြတ်စွာဘုရားရှင်  ပထမဆုံး ဟောထားတဲ့ 'တရားဦး'ကို အတော် စိတ်ဝင်တစား လေ့လာကြတယ်။ လက်တွေ့ လည်း စမ်းသပ် လိုက်နာ ကြည့်ကြတယ်"ဆိုတဲ့အကြောင်း မိန့်ကြားဆွေးနွေး ပါတယ်။
ဒေးဒရဲ ကွင်းကျောင်းဆရာတော်က" လွယ်လွန်းတော့ ပြယ်" ဆိုသလိုပဲ ဘိုးဘွား စဉ်ဆက် ဗုဒ္ဓဘာသာ အများစုဟာ ဗုဒ္ဓသာသနာနဲ့ ပတ်သက်လို့ လေ့လာသင်ယူ ရတာ ကလည်း လွယ်၊ လိုက်နာ ကျင့်ကြံရ တာကလည်း လွယ် ဆိုတော့ အလေးအနက် မထား ချင်ကြဘဲ  တဖြေးဖြေး ပျက်ပြယ်လာကြတယ်။ အချိန်မရွေး နှလုံးသွင်း ဆင်ခြင်နိုင်အောင် ဆိုပြီး  အာဂုံရသင့်ရထိုက်တဲ့ မင်္ဂလသုတ်၊ ရတနသုတ်၊ မေတ္တသုတ်တို့ ဓမ္မစကြာတို့ကို အာဂုံ အရကျက်မှတ် ထားခိုင်းပြန်တော့လည်း 'ဂါထာပေး တေးဖြစ်' ဆိုသလို အန္တရာယ်ကင်းအောင်၊ လာဘ်ရွှင်အောင် ရွတ်ဖတ် စရာလို သဘာထားနေကြတယ်" ဆိုတဲ့ အကြောင်း ဆွေးနွေး တော်မူကြပြီး တရားဦး ဓမ္မစကြာနဲ့ ပတ်သက်လို့ အလေးအနက် ဆွေးနွေး တော်မူကြပါတယ်။
ဆွေးနွေးပွဲရဲ့ နိဂုံးချုပ်မှာတော့ ဆရာတော် အားလုံးကပဲ ဘုရားအကြောင်း၊ တရား အကြောင်း၊ သံဃာအကြောင်းနဲ့ ပတ်သက်လို့ အပြည့်အစုံ နားလည်လိုကြသူများ အနနဲ့ ဓမ္မစက္ကပ၀တ္တနသုတ်၊ သာမညဖလသုတ်၊ သတိပဋ္ဌာနသုတ်နဲ့ မဟာပရိနိဗ္ဗာနသုတ် တို့ကို လေ့လာသင့်ကြောင်း မိန့်ကြားကြ ပါတယ်။ အခု အဲဒီ ဆွေးနွေးပွဲမှာ နာယူမှတ်သားခဲ့ရတဲ့ တရားဦး ဓမ္မစကြာနဲ့ ပတ်သက်လို့ မှတ်သား မိသမျှထဲက မိမိ သဘောပေါက်ကို ဖြန့်ဝေ ပေး လိုက်ပါတယ်။
တရားဦးကို မနာယူမီ မဂဒါဝုန်တောဆီကနေ နောက်ကြောင်းကို ပြန်ကြည့်လိုက်မယ် ဆိုရင် သိဒ္ဓတ္ထ မင်းသားရဲ့ တစ်လောကလုံးအပေါ် ချိုးထားတဲ့ 'စံချိန်' သုံးခုနဲ့ 'ဘ၀ အစိတ် အပိုင်း' နှစ်ခုတို့ကို တွေ့နိုင်ပါတယ်။
စံချိန်သုံးခုကတော့ ပါရမီရှင် ယောင်္ကျားမြတ်တို့ရဲ့ အရည်အချင်းပြ အမှတ် အသားများဖြစ်တဲ့ လက္ခဏာတော်ကြီး (၃၂) ပါး လက္ခဏာတော်ငယ် (၈၀) တို့နဲ့ ပြည့်စုံ တဲ့အတွက်  မြင်ရသူ လူသားများကသာမက နတ်၊ ဗြဟ္မာတို့ကတောင် ဦးညွတ်အရို အသေ ပြုချင်လောက်အောင် တင့်တယ်လှပ ကျက်သရေရှိလှတဲ့ ဥပဓိရုပ်အဆင်းနဲ့ ပြည့်စုံတဲ့ စံချိန်(ရူပပမာဏ)။
ပဋိသန္ဓေတည်နေချိန်၊ ဖွားမြင်ချိန်၊ ထိမ်းမြားလက်ထပ်ချိန်တို့မှာ ကတည်းက ၀န်းကျင် နှံ့စပ် ဘ၀ဂ်ခတ်မျှ အံ့သြဘနန်းတွေ တွေ့မြင်ကြားသိကြရပြီး ဟူးရားပညာရှင် အချို့က "မြေပြင်တစ်ဝန်းကို အုပ်စိုးနိုင်စွမ်းတဲ့ စကြာဝတေးမင်း ဖြစ်မယ်"ဆိုတဲ့ ဟောပြော ဖြားယောင်း မှု များကို အလေးမထားတဲ့အပြင် လောကီ စည်းစိမ်ကို ခံစားဖို့ အကောင်းဆုံးအရွယ်ဖြစ်တဲ့ အသက်(၂၉) နှစ် အရွယ်မှာပဲ ရရှိပြီးသား ထီးနန်း စည်းစိမ်တွေရော ယသော်ဓရာ အစရှိတဲ့ ဇနီးမယား အချောအလှများနှင့် သားဦး ရတနာ ကိုပါ စွန့်ပစ်ပြီး တောထွက်တရားရှာခဲ့တာ၊ တောထွက်ရာ ခရီးလမ်းအဖြစ် ဗိမ္ဗိသာရမင်းကြီးရဲ့ အာဏာပိုင်စိုးရာ ရာဇဂြိုဟ်ပြည်ကို ဖြတ် သန်းသွားစဉ်က အလောင်းတော်ရဲ့ ဥပဓိကို တွေ့မြင်ရတဲ့အခါ ဗိမ္ဗိသာရမင်းကြီးက မိမိ အုပ်စိုး တဲ့ နယ်မြေတစ်ဝက်ကို ခွဲဝေပေးပါရစေ၊ တောမထွက်ပါနဲ့လို့ ဖိတ်ကြားတာကိုလည်း ငြင်းဆန် ခဲ့တာ၊ ဥရုဝေလတောထဲမှာ တရားအားထုတ်တဲ့ အခါမှာလည်း ဘယ်သူမှ လိုက်မမီဘဲ တအံ့ တသြ ငေးမောလေးစားလောက်အောင် အထိ အလွန်ပြုနိုင်ခဲတဲ့ ဒုက္ကရစရိယ အကျင့်ကို (၆) နှစ်တိုင်တိုင် ဖြည့်ကျင့်ခဲ့တဲ့အတွက် လူရော၊ နတ်ရော သော သော ရုတ်ရုတ် အုတ်အုတ် ကျက်ကျက် ဘ၀ဂ်နှံ့မျှ ကျော်ကြားလှတဲ့ ဂုဏ်သတင်းကြီးမှု စံချိန်(ဃောသ ပမာဏ)
ဥရုဝေလ တောထဲမှာ ခဲယဉ်းလှတဲ့ အကျင့်အားလုံးတို့ရဲ့ အစွန်းကို ရှေ့တလှမ်းလောက် တိုးလိုက်ရင် မရဏချောက်ပဲ ကျန်တော့တဲ့အထိ ကျင့်ကြံတော်မူခဲ့တဲ့ ခေါင်းခေါင်းပါးပါး အကျင့် နိုင်ဆုံးစံချိန်
(လူခ ပမာဏ) တို့ဖြစ်ပါတယ်။
ဒီစံချိန်(ပမာဏ)သုံးခုဟာ အဲဒီခေတ်က အမြင့်မြတ်ဆုံး လူသားတစ်ဦးကို တိုင်းတာ ခန့်မှန်းကြတဲ့ စံချိန် များဖြစ်ပါတယ်။ အဲဒီစံချိန် သုံးခုလုံးကို ဘုရားလောင်း တော်က ချိုးနိုင် ခဲ့တာပါ။
ဘ၀ရဲ့ အစိတ်အပိုင်း နှစ်ခုကတော့ မွေးဖွားချိန်က စပြီး အသက်(၂၉)နျစ်အထိ ကပိလ၀တ် နန်းတော်ထဲမှာ နွေ မိုး ဆောင်း ရာသီ အလိုက် စံမြန်းစရာ နန်းမသုံးဆောင်နဲ့ ယသော်ဓရာ အမှုးရှိတဲ့ မောင်းမမိဿံတို့နဲ့ လိုလေသေး မရှိ၊ ပြည့်စုံ ပေါကြွယ်လှတဲ့ ၀တ္ထုအာ ရုံ ကာမဂုဏ်တွေနဲ့ ခံစားပျော်ပါးနေတဲ့ ဘ၀တစ်ပိုင်း ရယ်။အသက်(၂၉)နှစ်က (၃၅)နှစ်အထိ(၆)နှစ်တိတိ ဥရုဝေလတောထဲမှာ အဲဒီခေတ်က 'တပ'အကျင့်ကို ကျင့်ကြံအားထုတ်တဲ့ ပုဂ္ဂိုလ်တွေထဲက ဘယ်ပုဂ္ဂိုလ်မှ ကျင့်နိုင်စွမ်းမရှိတဲ့ အတွက် အလွန်ကျင့်နိုင်ခဲတယ်လို့ ဆိုတဲ့ ဒုက္ကရစရိယ အကျင့်ကို ပြင်းထန်ဆုံးနဲ့ အစွန်း အရောက်ဆုံး အထိ ကျင့်ကြံခဲ့တဲ့ ဘ၀ရယ်ပါ။
"အစွန်းအရောက်ဆုံးလို့" လို့ ဆိုရတာကတော့ တရားအားထုတ်နေတဲ့ အချိန်မှာ အစား အစာ ရှာဖွေ ချိန်ရယ်လို့ လုံးဝ သတ်မှတ်မထားဘဲ ထိုင်နေတဲ့ နေရာက လက်လှမ်းမီရာ အတွင်း သစ်ရွက်သစ်သီး တစ်ခုတလေ ကြွေကျလာတာ တွေ့ရင်စား၊ မတွေ့ရင် ဘာမှ မစား ဘဲ စားချိန်၊ နားချိန်မရှိ အားထုတ်ခဲ့တာ။ ဒီအစွန်းကနေ ရှေ့ကို နည်းနည်းလေး ဆက် တိုး လိုက်ရင် မရဏဆိုတဲ့ ချောက်ထဲကို ကျတော့မယ့်ဆဲဆဲ တဲတဲ ကလေး လိုတဲ့အထိ ကျင့်ကြံ တာ ဖြစ်လို့ပါ။
ဒီစံချိန်သုံးခုနဲ့ ဘ၀အစိတ်အပိုင်း နှစ်ခုတို့ဟာ တရားဦး ဓမ္မစကြာကို ဟောတဲ့ အခါမှာ အရေးပါဆုံး အထောက်အကူ ပြုခဲ့သလို တရားဦးကို ချဉ်းကပ်နာယူ လေ့လာတဲ့ ပုဂ္ဂိုလ်များ အနေနဲ့လည်း ဒီအချက်များကို သိထားတဲ့အတွက် ပိုပြီး သဘောပေါက် လွယ်ကြမယ်လို့ ထင်ပါတယ်။
ဘုရားအလောင်းတော်ဟာ ပြင်းထန်လွန်ကဲတဲ့ အကျင့်တွေကို (၆) နှစ်လောက် ကြာ အောင် သူများ မရောက်နိုင်တဲ့ အစွန်းအထိ အားထုတ်ကြည့်တဲအခါ ရှေ့မှာ မရဏ ချောက် ကြီးက လွဲလို့ ဘာမှ မရှိပါလားလို့ သိလိုက်တဲ့ အခါမှာတော့  ဒီကျင့်စဉ်တွေကို ကျော်ခိုင်း နောက်ဆုတ်ပြီး ခန္ဓာကိုယ်ကို မျှတထမ်းဆောင်နိုင်ဖို့ သင့်တင့်လျှောက်ပတ်တဲ့ အာဟာရကို စားသုံးရပါတော့တယ်။ အဲဒီ အချိန်မှာပဲ ပြင်းထန်တဲ့ အကျင့်အပါ် မျှော်လင့်တကြီးနဲ့ ပြုစု လုပ်ကျွေး နေကြတဲ့ ပဉ္စ၀ဂ္ဂီ ငါးဦးတို့က ဘုရား အလောင်းတော်ကို" တရားမဖက် အစားမက်တဲ့ တရားလူထွက်(ပဓာန၀ိဗန္တ) ကြီးဖြစ်သွားပြီ၊ မြင့်မြတ်တဲ့ အရိယာပုဂ္ဂိုလ် အဖြစ် ရောက်နိုင်တဲ့  သဗ္ဗညုတ ဉာဏ်အထူးကို ရနိုင်စွမ်း မရှိလောက်တော့ဘူး"လို့ ဆုံးဖြတ်ကြပြီး ဥရုဝေလ တော ကနေ (၁၈)ယူဇနာ ကွာဝေးတဲ့ မိဂဒါဝုန်တောဆီ ထွက်ခွာသွားကြ တော့တယ်။
မဟာသက္ကရာဇ်(၁၀၃)ခု ကဆုန်လပြည့်နေ့(၀ိနည်းတော် အလိုအရ လပြည့်နေ့ အရုဏ် တက် ချိန်မှ နောက်နေ့ အရုဏ်မတက်မီ အတွင်းကို လပြည့်နေ့လို့ပဲခေါ်ပါတယ်၊ ဒီနေ့ သုံးစွဲ နေတဲ့ ဟူးရားကျမ်းများ အလိုတော့ လပြည့်ကျော်(၁)ရက်နေ့ နံနက်စော အရုဏ်မတက်မီ အချိန်ပါ) မှာ သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပြီးနောက် ရက် သတ္တပတ်(၇) ပတ် လောက် သဗ္ဗညုတဉာဏ် ရတော်မူရာ ဗောဓိပင် အနီးတစ်
ဝိုက်မှာပဲ ပဋိစ္စသမုပ္ပာဒ် အစရှိ တဲ့ တရားများ ကို နှလုံးသွင်းဆင်ခြင်ခြင်း၊ ၀ိမုတ္တိသုခကို ခံစားခြင်း၊ တရား ဟောပြရမယ့် ဝေနေယျတို့ရဲ့ စရိုက် အမျိုးမျိုးတို့ကို သုံးသပ်ဆင်ခြင်ခြင်း စတဲ့ ကိစ္စများကို ပြုလုပ်ရင်း သီတင်းသုံးနေတော်မူပါ တယ်။
ဝေနေယျတို့ကို တရား စတင်ဟောတော့မယ်လို့ ဆုံဖြတ်ပြီးချိန်မှာတော့ ပင်ကိုက ကိလေသာ အလွန် နည်းပါးကြတဲ့အတွက် တရားကို အမြန်ဆုံး သဘောပေါက်နိုင်စွမ်း ရှိကြတဲ့ အဠာရနဲ့ ဥဒကတို့လည်း ကွယ်လွန်သွားကြပြီ ဖြစ်လို့ မိမိအပေါ်မှာ လုပ်ကျွေးပြုစုရင်း တရား ထူးကို ငံလင့်နေကြတဲ့ ပဉ္စ၀ဂ္ဂီ(၅)ဦး
တို့ကိုပဲ တရားဦး စတင်ဟောကြားဖို့ ဆုံးဖြတ်လိုက် ပါတယ်။  သူတို့ကို တရားဟောဖို့ အတွက်(၁၈) ယူဇနာ ဝေးကွာတဲ့ မိဂဒါဝုန်တောကို ကြွ သွား ရမှာပါ။
ကရုဏာခြေကျင်ခရီး
မြတ်စွာဘုရားရှင်မှာ သဗ္ဗညုတ ဉာဏ်တော်ကို ရရှိပြီးအချိန်မှစပြီး တန်ခိုးအဘိညာဉ် အားလုံးကိုလည်း ရရှိပြီး ဖြစ်ပါတယ်။ အခု သွားရမယ့် ခရီးကလည်း (၁၈) ယူဇနာတောင် ဝေးလံတဲ့ ခရီးပါ၊ ဒီခရီးမှာ တန်ခိုးအဘိညာဉ်ကို အသုံးပြုသွားမယ် ဆိုရင် မိဂဒါဝုန်တောကို မပင်မပန်း ရောက်သွားရုံ သာမကဘူး၊ တန်ခိုးဣဒ္ဓိပါဒ်ကို အသုံးပြုပြီး 'ဘွား' ခနဲ ထင်ရှားပြ လိုက်ရင် ပဉ္စ၀ဂ္ဂီတို့လည်း ချက်ချက် ဦးညွတ် ဒူးတုတ်သွားမှာတော့ သေချာတယ်။
မြတ်စွာဘုရားရှင်က ဒီခရီးနဲ့ ပတ်သက်လို့ (ဆရာ့စကားအတိုင်း ပြောရရင်) ပွဲဦး မလန် ရအောင် အဘက်ဘက်က ပြင်ဆင် သုံးသပ်ပြီး ဆုံးဖြတ်တာ ဖြစ်တယ်။' လုပ်ဆောင်ချက်' ဆို တာ ' ရည်ရွယ် ချက်ကို' ကို အထောက်အကူ ပြုမှသာ အကျိုးရှိ မှန်ကန်မယ်၊ 'ရည်ရွယ်ချက်' ကို အနှောက်အယှက် ဖြစ်စေရင် တန်ခိုး ဣဒ္ဓိပါဒ် ပြခြင်းဟာလည်း မှားယွင်းတဲ့ လုပ်ဆောင် ချက် ဖြစ်သွားနိုင်တယ်။
တန်ခိုး ဣဒ္ဓိပါဒ် ဆိုတာ ပုဂ္ဂိုလ်စွမ်း ဆန်တဲ့ အတွက် ပုဂ္ဂိုလ်ကိုတာ့ အလွယ်တကူ ဒူး ထောက် ကိုးကွယ် လာစေမှာ အမှန်ပါပဲ။ ပုဂ္ဂိုလ်ကို အဓိက ထားပြီး ဆည်းကပ် ကိုးကွယ် သူများဟာ" တောင်းခံဖို့ ဆိုတဲ့ မျှော်လင့်ချက်" သာ ထားတတ်ကြပြီး 'လိုက်နာဖို့ ဆိုတဲ့ ရည် ရွယ် ချက်' မရှိတတ်ကြဘူး (ရှိခဲ့တယ်)။
လောကနယ်ပယ်မှာ ကာမသုခလ္လိက ရေစုန်၊ ဓမ္မနယ်ပယ်မှာ အတ္တကိလမထ ရေစုန် ကို လိုက်နာ နေကြ တဲ့ လောကကြီးအတွက် ရေဆန်ခရီး ( ပဋိသောတဂါမီ) လို ဖြစ်နေတဲ့ ဒီတရားကို တန်ခိုးဣဒ္ဓိပါဒ်ပြပြီး ဟောမယ်ဆိုရင် 'ဒီတရားမျိုးဟာ ဒီလို တန်ခိုး ဣဒ္ဓိပါဒ်နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်မျိုးသာ ကျင့်ကြံသိရှိနိုင်တာ၊ သူလိုကိုယ်လို သာမန်လူတွေ ကျင့်ကြံ အားထုတ်ဖို့ မလွယ်ဘူး'လို့ ထင်မှတ်ပြီး လိုက်နာ ကြိုစားဖို့ စိတ်မသန်ဘဲ လက်ဖြန့် တောင်းခံဖို့ စိတ်သန်သွားစေ နိုင်တယ်။
မဟာကရုဏာရှင် ဖြစ်တော်မူတဲ့ မြတ်စွာဘုရားရှင်က ဝေနေယျတို့ရဲ့  အကျိုးကို ရှေးရှု တဲ့ ကရုဏာတော်နဲ့ ကြည့်ရှု သုံးသပ်ပြီးတဲ့အခါ ဘယ်လို တန်ခိုး ဣဒ္ဓိပါဒ်မှ မလို၊ ပါရမီဓာတ်ခံ ရှိတဲ့ သူလိုကိုယ်လို ပုဂ္ဂိုလ် အားလုံး လိုက်နာ ကျင့်ကြံရင် ဒုက္ခငြိမ်းရာကို ရရောက်နိုင်တယ်လို့ သိစေလိုတဲ့အတွက် ဒီဓမ္မခရီးကို သူလိုကိုယ်လို ခြေကျင်ပဲ ကြွတော်မူပါတယ်။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
မှတ်ချက်။ ဓမ္မဘေရီဆရာတော်ဘုရား ရေးသားတော်မူတဲ့ တရားဦးဆိုတဲ့ စာအုပ်ထဲက ထုတ်ဖေါ် တင်ပြ တာပါ။ ဓမ္မစကြာကို ခေတ်အမြင် ခေတ်အတွေး နဲ့ နားလည်လွယ်အောင် တင်ပြရေးသားထားတဲ့ တကယ်ကောင်းတဲ့ စာအုပ်လေးပါ။ အပိုင်းအားဖြင့် (၉) ပိုင်းခွဲ တင်ပြ ရေးသားထားသည့်အတွက် စာဖတ်
ဝါသနာရှင်များ ဆက်လက် ဖတ်ရှု လေ့လာနိုင်ကြမှာ ဖြစ်ပါတယ်။ အားလုံး ပြီးသည့်အထိ တစ်ပိုင်းခြင်း ဆက်လက် ဖေါ်ပြပေးသွားမည် ဖြစ်တဲ့ အကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

Monday, July 29, 2013

လူကပဲတိရစ္ဆာန်စကား နားလည်တာလား၊ တိရစ္ဆာန်ကပဲ လူစကားပြောတာလား


မေး။ ။ သတိရမိတာလေးထပ်မေးပါရစေဘုရား။ သုတ္တန်တရားတော်တွေမှာ ဘုရားအလောင်းပါရမီဖြည့်စဉ်ကာလတွေမှာ တိရစ္ဆာန်တွေနဲ့ လူတွေဟာစကားပြောကြတယ်။ အဲဒါလူတွေက တိရစ္ဆာန်စကားနားလည်နေတာလား။ တိရစ္ဆာန်တွေကပဲ လူစကားပြောတတ်ကြတာလားဘုရား။ တပည့်တော်သိချင်လို့ပါဘုရား။

ဖြေ။ ။ ယနေ့မျက်မှောက်ခေတ်မှာရိုက်ကူးတဲ့ မောင်ပေါက်ကျိုင်းဗွီဒီယိုဇာတ်ကားထဲမှာ မာဂဓဘာသာစကားတတ်တဲ့သူဟာ တိရစ္ဆာန်စကား နားလည်တယ်လို့ ဆိုပါတယ်။ အဲဒီတော့ လူအားလုံးက တိရစ္ဆာန်စကားကို နားလည်နိုင်တာ မဟုတ်ဘဲ မာဂဓဘာသာစကားတတ်တဲ့သူဟာ တချို့သော တိရစ္ဆာန်များရဲ့စကားမှာ မာဂဓဘာသာနဲ့တိုက်ဆိုင်မှုရှိတာကို နားလည်တာလို့ ယူဆရပါမယ်။

ဦးဇင်း ခု ကျမ်းအတွက် အလုပ်များနေလို့ ကိုယ်တိုင်ရေးပေးဖို့၊ ရှာဖွေပေးဖို့ အချိန်မရတာကြောင့် ရှေးမှာဖြေဆိုပေးထားတဲ့ အချက်အလက်များကို ဗဟုသုတအဖြစ် တင်ပြပေးပါမယ်။

၂၀၀၃-ခု မတ်လထုတ် မြတ်မင်္ဂလာမဂ္ဂဇင်းတွင် ဘဒ္ဒန္တတိလောကသာရက ဤသို့ဖြေဆိုပေးထားတာကို တွေ့ရပါတယ်။

         တိရစ္ဆာန်များ ပါဠိစကား နားလည်သည်ဟု မဆိုနိုင်ပါ။ နားလည်ကြောင်း မည်သည့်ကျမ်းဂန်မှာမှ အဆိုမရှိပါ။ သို့သော် တစွန်းတစ ခေါ်ဝေါ်မှုကို နားလည်ကြောင်းကား မှတ်သားရဖူးပါတယ်။ (ကြောင်-မိန်၊ ၀က်-လေ့၊ သိသာရွေ့၊ စေ့ခေါ်ဆင်မှာ ဘယ့်ကြောင့်နည်း)-ဟူသော စွယ်စုံကျော်ထင် အဖြေတွင်-ကြောင်ကို မိန်မိန် (မြီမြီ) ဟု ခေါ်ခြင်းသည် မီနသဒ္ဒါ ငါးကိုဆိုသဖြင့် ငါး-ငါး-ဟု အသံပေးခြင်းဖြစ်ကြောင်း ဆိုပါသည်။

ဝက်ကို လေ့လေ့-ဟု ခေါ်ခြင်းသည် ယာဂုကဲ့သို့သော လျက်ဖွယ်ကို လျက်၍စားသော သတ္တ၀ါဖြစ်၍ လေယျလေယျ လျက်လှည့်လျက်လှည့်-ဟု ခေါ်ခြင်းဖြစ်ကြောင်း။

ဆင်ကို စေ့စေ့-ဟု ခေါ်ခြင်းမှာ စေ့ဝု စေ့ဝု ဆန်ဆန်-ဟု အသံပြုခေါ်ဝေါ်ခြင်း ဖြစ်ကြောင်းဆိုပါသည်။

ခွေးကို အို့အို့-ဟု ခေါ်ခြင်းမှာလည်း အ၀ဟရ၊ အ၀ဟရ မျိုလှည့် မျိုလှည့်-ဟုခေါ်ခြင်းဖြစ်ကြောင်း။

ကြက်ကို တီတီ-ဟု ခေါ်ခြင်းသည် ပိုမွှားတိရစ္ဆာန်ကို စားတတ်သော သတ္တ၀ါဖြစ်ခြင်းကြောင့် တီတီ ပိုးမွှား ပိုမွှား-ဟု အသံပြုခေါ်ဝေါ်ခြင်းဖြစ်ကြောင်း ဆိုပါသည်။

ကျီးကို အန်း အန်း-ဟု အသံပြုခြင်းသည်လည်း အန္န အန္န-ထမင်း ထမင်း-ဟု အသံပြုခေါ်ဝေါ်ခြင်းဖြစ်ကြောင်း ဖြေဆိုထားပါသည်။

ဤသို့ ကြောင်၊ ၀က်၊ ဆင်၊ ခွေး၊ ကြက်၊ ကျီးတို့အား ခေါ်ဝေါ်သော ဝေါဟာရတို့မှာ မာဂဓပါဠိစကားသက်များဖြစ်၍ တိရစ္ဆာန်တို့ ပါဠိနားလည်သည်ဟု ဆိုခြင်းဖြစ်ဟန် တူပေသည်။

           တစ်ခါ ၂၀၀၁-ခု နိုဝင်ဘာလထုတ် မြတ်မင်္ဂလာမဂ္ဂဇင်းတွင် ဓမ္မာစရိယ-ဦးအေးနိုင်(ဘီ-အေ)ရေးသားထားတာကို ယခုလို တွေ့ရပါတယ်။ မာဂဓဘာသာမှာမူ နေရာအချို့၌ဖြစ်စေ၊ တခါတရံဖြစ်စေ ပြောဆိုသူတို့ အလွဲလွဲအမှားမှား ရွတ်ဆိုသင်ယူခြင်းစသော အကြောင်းကြောင့် ပြောင်းလဲပျက်စီးတတ်သော်လည်း နေရာများစွာ၌ဖြစ်စေ၊ အခါခပ်သိမ်းဖြစ်စေ၊ ပြောင်းလဲခြင်း မရှိပေ။ အကြောင်းမှာ-ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့၌ မာဂဓဘာသာကိုသာ အပြောများ၏ဟု သမ္မောဟ၀ိနောဒနီ အဋ္ဌကထာ၌ မိန့်ဆိုထားရကား ကမ္ဘာပျက်သောအခါမှာပင် ကမ္ဘာပျက်ရာတွင် မပါဝင်သော ဗြဟ္မာ့ပြည်၌ သဘာဝအားဖြင့် တည်ရှိနိုင်သောကြောင့် ဖြစ်သည်။

        (လူသားတို့ မှားမှားယွင်းယွင်း သင်ယူုခြင်း စသည်တို့ရှိသောကြောင့် အချို့နေရာ၌ တခါတရံ ပြောင်းလဲတတ်သည်ဟု ဆိုခြင်းဖြစ်၏။ ဗြဟ္မာ့ပြည်စသည့်နေရာတို့၌ မပြောင်းလဲဘဲ ပကတိသဘာဝအတိုင်း တည်ရှိနိုင်သည့်အတွက် နေရာများစွာ၌ အခါခပ်သိမ်း ပြောင်းလဲခြင်းမရှိဟု အနုဋီကာ၌ ဆိုထား၏။)

       မာဂဓဘာသာကား အနက်အဓိပ္ပါယ်ကို ချမ်းသာလွယ်ကူစွာ သိနိုင်၊ ဆောင်နိုင်၏။ ဗုဒ္ဓရှင်တော်မြတ်ဘုရား မာဂဓဘာသာစကားဖြင့် တရားဟောတော်မူလျှင် ပဋိသမ္ဘိဒါပတ္တပုဂ္ဂိုလ်တို့မှာ ကြားရုံမျှဖြင့်ပင် နည်းပေါင်းရာထောင်ဖြင့် အဓိပ္ပါယ်ကို ကျယ်ဝန်းစွာသိကြ၏။ အခြားဘာသာဖြင့် ဘုရားစကားတော်အစဉ်ကို တင်ထားလျှင် ထိုစကားတော်ကို အရိုက်အပုတ်ခံ၍ သင်ယူကြရမည်ဖြစ်၏။ ပုထုဇဉ်ပုဂ္ဂိုလ်တို့အဖို့လည်း အမြောက်အများသင်ယူစေကာမူ ပဋိသမ္ဘိဒါပတ္တဖြစ်ရန် အခွင့်အလမ်းမရှိ။ အမှန်စင်စစ် မာဂဓဘာသာသည်သာ သဘာဝနိရုတ္တိဖြစ်၍ နိရုတ္တိပဋိသမ္ဘိဒါဉာဏ်၏အရာလည်း ဖြစ်၏။

        နိရုတ္တိပဋိသမ္ဘိဒါဉာဏ်ကိုရလျှင် မာဂဓဘာသာကို အလိုအလျောက် တတ်နိုင်သည့်နည်းတူ မာဂဓဘာသာ၌ ကျွမ်းကျင်လိမ္မာခြင်းသည်လည်း ပဋိသမ္ဘိဒါဉာဏ်ကို ရခြင်းအကြောင်းတစ်ပါးလည်း ဖြစ်ပေသည်။ ထို့ကြောင့် မြတ်စွာဘုရားသည် ပိဋကတ်သုံးပုံဟူသော တရားတော်ကို မာဂဓဘာသာဖြင့်သာ ဟောကြားတော်မူခြင်းဖြစ်သည်ဟု သမ္မောဟ၀ိနောဒနီစသော ကျမ်းများ၌ မိန့်ဆိုထား၏။

         ကမ္ဘာပျက်ရာတွင် မပါဝင်သော ဗြဟ္မာ့ပြည်၌ သဘာဝအတိုင်း မပြောင်းမလဲ တည်ရှိခဲ့သောကြောင့် မာဂဓဘာသာသည် ကမ္ဘာဦးလူသားတို့ ပြောဆိုသော ဘာသာစကားလည်း ဖြစ်ခဲ့၏။ ထင်ရှားစေဦးအံ့။ ကမ္ဘာဦးလူသားတို့မှာ ဗြဟ္မာ့ပြည်မှ စုတေ၍ လူ့ပြည်သို့ ဥပပါတ် ပဋိသန္ဓေအားဖြင့် ရောက်လာကြသူများဖြစ်၍ လူသားအဖြစ်ဖြင့် ဖြစ်လာကြသည့်အခါမှာလည်း ဗြဟ္မာ့ပြည်တွင် ပြောဆိုခဲ့သော မာဂဓဘာသာကိုပင် ပြောဆိုကြသည်ဟု ကျမ်းဂန်တို့၌ မိန့်ဆိုထား၏။ သို့ဖြစ်၍ မာဂဓဘာသာသည် ဘာသာတကာတို့၏ အရင်းမူလဖြစ်ရကား မာဂဓဘာသာကို မူလဘာသာ-ဟုလည်း ကျမ်းဂန်တို့၌ သုံးနှုန်းကြ၏။ ထိုဘာသာစကားကို ( ကမ္ဘာဦးလူသား၊ ဗြဟ္မာ၊ သူတပါးတို့ စကားပြောသံကို မကြားရသေးသော ကလေးနှင့် တောတွင်း လူရိုင်း၊ မြတ်စွာဘုရား-) တို့ ပြောကြားကြသည်ဟု ပဒရူပသိဒ္ဓိကျမ်း၌ မိန့်ဆိုထားပေသည်။

        ဗုဒ္ဓမြတ်စွာသည် မာဂဓဘာသာစကားဖြင့် တရားဒေသနာကို ဟောကြားခဲ့သည်ဟု ဆိုခဲ့၏။ ဤနေရာ၌ မာဂဓဘာသာစကား မတတ်သူ တရားနာ ဝေနေယျတို့မှာ တရားတော်ကို မည်သို့နားလည်နိုင်ပါသနည်းဟု မေးစရာရှိ၏။ အဖြေကား ဘုရားရှင်သည် မာဂဓဘာသာဖြင့်ပင် တရားတော်တို့ကို ဟောကြားတော်မူသည်မှာ အမှန်ပင်ဖြစ်သည်။ သို့ရာတွင် တရားနာယူသူ ပုဂ္ဂိုလ်တို့ကမူ မိမိတို့ဆိုင်ရာ ကိုယ်ပိုင်ဘာသာဖြင့်ပင် နားလည်ကြသည်။

         ဥပမာ-ဒမိဠလူမျိုးတို့ကလည်း ဒမိဠဘာသာစကားဖြင့် ဟောကြားနေသည်ဟု ထင်ရသကဲ့သို့ အန္ဓက လူမျိုးတို့ကလည်း အန္ဓကဘာသာဖြင့်ပင် ဟောညွှန်ပြသဆိုဆုံးမနေသည်ဟု ထင်ရလေသည်။ ဤသို့ ထင်ရခြင်းသည်ပင် အစိန္တေယျဂုဏ်တော်လေးပါးတို့တွင် ၀ါစာအစိန္တေယျ ဂုဏ်တော်ဟူသော ဘုရားရှင်၏ တန်ခိုးအာနုဘော်ပင် ဖြစ်သည်ဟု ဣတိဝုတ္တက အဋ္ဌကထာစသော အဋ္ဌကထာကျမ်းများစွာ၌ မိန့်ဆိုထားသည်။

ဒီလောက်ဆိုရင်တော့ သိချင်တဲ့ဗဟုသုတ ပြည့်စုံလိမ့်မယ်လို့ ထင်ပါတယ်။ စာဖတ်ပရိသတ်အားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာကာ လိုရာဆန္ဒပြည့်ဝပြီး ပန်းတိုင်ကို လျင်မြန်စွာလျှောက်လှမ်းနိုင်ပါစေလို့ ဆန္ဒပြုလျက်.....။

https://www.facebook.com/sanninayminn

ညစာ စားမှု

 


သာသနာတော်နှစ် ၁၀၀၊ ခရစ်မပေါ်မီ ( ဘီ၊စီ ) ၃၈၇ အရောက်မှာဘုရားရှင် ဟောကြား ခဲ့တဲ့ ပိဋကတ်တရားတော်တွေကို စုပေါင်းရွတ်ဖတ်တဲ့ပွဲကို ကျင်းပရပြန်တယ်။ ဒုတိယအကြိမ်မြောက် စုပေါင်းရွတ်ဖတ်တဲ့ပွဲဖြစ်လို့ ဒုတိယသံဂါယနာတင်ပွဲလို့ခေါ်တယ်။
(ဒုတိယ – နှစ်ကြိမ်မြောက်၊ သံ – စုပေါင်း၍၊ ဂါယနာ – ရွတ်ဖတ်ခြင်း။)

ဒုတိယသံဂါယနာတင်ပွဲကျင်းပရခြင်းအကြောင်းက အဲ့ဒီခေတ် အဲ့ဒီအခါက အိန္ဒိယနိုင်ငံ ဝေသာလီပြည်
ဝဇ္ဇီတိုင်းမှာ မှီတင်းနေထိုင်ကြတဲ့ဘုန်းကြီးတွေက ဘုရားရှင်ပညတ်ခဲ့တဲ့ဝိနည်းစည်းကမ်းတွေကို ကိုယ် လိုသလို ကိုယ်ထင်သလို ကမောက်ကမအဓိပ္ပါယ်ဖွင့်ဆိုပြီး လိုက်နာကျင့်သုံးနေကြလို့ဘဲ။
ဥပမာ
နေမွန်းတဲ့ပြီးနောက် ဆွမ်းစတဲ့ဘောဇဉ်အာဟာရကို မစားရဘူးလို့
ဘုရားရှင်က သိက္ခာပုဒ်စည်းကမ်းသတ်မှတ်ထားပါတယ်။
နေမွန်းတည့်ဆိုတာက နေထွက်တဲ့အခါ အပြင်ထွက်ရပ်လိုက်ရင်
နေ ကိုယ့်ဦးခေါင်းပေါ်တည့်တည့်ရောက်နေတဲ့အချိန်ကို ပြောတာ။
နေကိုယ့်ဦးခေါင်းပေါ်တည့်တည့်ရောက်နေတဲ့အချိန်မှာ
ကိုယ့်အရိပ်က ကိုယ့်အောက်တည့်တည့်မှာ ရှိနေတယ်။
အဲ့လို ကိုယ့်အရိပ်က ကိုယ့်အောက်တည့်တည့်မှာ ရောက်နေတဲ့အချိန်အထိ
ဆွမ်းစတဲ့ဘောဇဉ်အာဟာရကို ဘုန်းကြီးတွေ စားခွင့်ရှိပါတယ်။
အရိပ်နည်းနည်းလေး ကျော်လွန်သွားတာနဲ့ (၀ါ) နေမွန်းလွဲသွားတာနဲ့ နေစောင်းသွားတာနဲ့ ဘာမှ စားခွင့်မရှိတော့ပါဘူး။
(အခုခေတ် စက်နာရီတွေသုံးတဲ့အချိန်ဆိုရင် နေ့ ၁၂ နာရီတိတိပေါ့။)
ဒါကို အဲ့ဒီခေတ်က ၀ဇ္ဇီတိုင်းသားဘုန်းကြီးတွေက
မွန်းတည့်ပြီးနောက် နေရိပ်လက်နှစ်သစ်လွန်သည်အထိ
ရဟန်းများ ဆွမ်းစတဲ့ ဘောဇဉ် အဟာရကို
စားလို့ရတယ်၊ အပြစ်မရှိဘူးလို့ ပြင်ဆင်ကြတယ်။
ဒီလိုဝိနည်းသိက္ခာပုဒ်ပညတ်ချက်တွေကို လိုသလို ပြင်ဆင်ဖြည့်စွက်လို့
ဒုတိယသံဂါယနာတင်ရတာ။

ဒါနဲ့စပ်လို့ သူငယ်ချင်းဘုန်းကြီးတစ်ပါးပြောပြတာလေးကို သတိရမိတယ်။
သူ ထိုင်းနိုင်ငံကို ကိစ္စတစ်ခုနဲ့ သွားတယ်တဲ့။
ထိုင်းနိုင်ငံက ဘုန်းကြီးတွေရဲ့ အယူအဆက
ဆွမ်းစားနေချိန် ၁၂ နာရီကျော်လွန်သွားလဲ အပြစ်မဖြစ်ဘူးတဲ့။
ဆိုလိုတာက ၁၁ နာရီ ၄၅ မိနစ်ကစပြီး ဘုန်းကြီးတစ်ပါး ဆွမ်းစ စားတယ်။
ဆွမ်းစားတာကြာလို့ မွန်းလွဲ ၁ နာရီအထိ တစ်ထိုင်တည်း ထိုင်စားနေလဲ
ထိုင်းဘုန်းကြီးတွေ အယူအဆက အပြစ်မရှိဘူးတဲ့။
ဒါ သူငယ်ချင်းဘုန်းကြီး ထိုင်းနိုင်ငံသွားတုန်းက
သူတွေ့ခဲ့တဲ့ ဘုန်းကြီးတွေရဲ့ အယူအဆကို ပြောတာပါ။
ဘုန်းကြီးအကုန်လုံးတော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့။

တကယ်တော့ ဘယ်လိုပဲဖြစ်ဖြစ်၊ ၀ိနည်းစာပေလာအရပြောရရင် နေ့ ၁၂ နာရီကျော်ရင်  စားခွင့်မရှိပါဘူး။
ဒါကို ပုဂ္ဂိုလ်ရေးအရ ကိုယ်မလိုက်နာနိုင်လို့ ကိုယ်မကျင့်သုံးနိုင်လို့ စားလိုက စားပေါ့။ ဘုရားရှင်ပညတ်ခဲ့တဲ့ ၀ိနည်းသိက္ခာပုဒ်ကိုတော့ ကိုယ်စားချင်တာနဲ့ ကိုယ်လိုချင်တဲ့အဓိပ္ပါယ်မျိုး ဖွင့်ဆိုခွင့်မရှိပါဘူး။

၂၀၀၃ – ခုနစ် ၀န်းကျင်ကာလတွေတုန်းက အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ (ယခု ဘုံဘေမြို့) မှာ
ပညာရေးကိစ္စနဲ့ သုံးနှစ်ကျော်ကြာ နေဘူးတယ်။ အဲ့ဒီမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ တွေ့ထိဆက်ဆံခွင့်ရတယ်။ သူတို့တတွေက ဗုဒ္ဓဘာသာဝင်သာဆိုတယ်။ ဗုဒ္ဓဘာသာအကြောင်း ဘာမှ မသိဘူး။ အခြေအနေအရ ဗုဒ္ဓဘာသာဖြစ်နေကြတယ်ဆိုပါတော့။
ဗုဒ္ဓဘာသာဝင်မိသားစုအချို့ တခါတရံ ဆွမ်းစားပင့်တတ်တယ်။
မနက်ဖန် မနက် ၁၀ နာရီခွဲလောက် လာပင့်နိုင်ကြောင်း၊
၁၁ နာရီမှာ နေ့ဆွမ်းစားမယ်ဖြစ်ကြောင်း ဒီကပြောတော့

သူက
နေ့ဆွမ်းမကပ်ချင်ကြောင်း၊ သူတို့က နေ့လည်စာ ကောင်းကောင်းချက် မစားကြောင်း။
ညစာသာ ကောင်းကောင်းချက်စားကြောင်း၊ သူတို့ကောင်းကောင်းချက်စားတဲ့
ညစာအချိန်မှာသာ အိမ်ကို ဘုန်းကြီးတွေကို ပင့်ကပ်လိုကြောင်းပြောပါတယ်။

ဒီတော့ ဘုရားရှင်ပညတ်ချမှတ်ထားခဲ့တဲ့
ဝိနည်းသိက္ခာပုဒ်အကြောင်းကို ပြောပြရပါတယ်။


ရှိစေတော့။
ဘီစီ ၃၈၇ အရောက်မှာ (သာသနာနှစ် ၁၀၀) ခန့်အချိန်မှာ ၀ိနည်းလေးစားတဲ့ ဘုန်းကြီးတွေက
ဝိနည်းသိက္ခာပုဒ်တွေကို လိုသလို ပြုပြင်ကျင့်သုံးမှုကို ပယ်ရှားလိုလို့ ဒီဒုတိယ သံဂါယနာတင်ပွဲမှာ ရဟန္တာမထေရ်ပေါင်း (၇၀၀) ကျော်ပါဝင်ပြီး (၈) လကြာ ဘုရားဟောပိဋကတ်တွေကို ရွတ် ဖတ်ခဲ့ကြ တယ်တဲ့။

အဲ့ဒီအချိန်က ဝေသာလီပြည်ကို အုပ်ချုပ်နေတဲ့ ကာလာသောကမင်းကြီးက သံဂါယနာ တင်ပွဲပြီးစီး အောင်မြင်ဘို့ အစစအရာရာ တာဝန်ယူစောင့်ရှောက် တယ်လို့ ဆိုပါတယ်။
Posted by Dr. Ashin Indaka at 10:15 AM
http://www.dhammagarden.comမှတဆင့်ခံစားတင်ပြသည်။

Sunday, July 28, 2013

မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးယူမယ်

copy from http://nyeinayetun.blogspot.fr/2013/07/blog-post.html

မျက် နှာသစ်တဲ့အခါမှာတော့ ကုသိုလ်ငါးမျိုးကို ရအောင်ယူရပါမယ်။ မနက်အိပ်ရာထ မျက်နှာသစ် တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့ မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကိုကိုင်ထားပါ။ ရေဖလားကို အပေါ်တော့မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေ မှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ ရေဖလားနဲ့ ''မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား''လို့ဆို့ဆိုပြီး ကပ် လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွား ပါပြီ။ မြတ်စွာဘုရားရှင် မျက်နှာသစ်တော်ရေ အသုးံ ပြုနေတုန်းမှာ
 

အရဟံကို အနက်သုံးခုနဲ့ ပွားလိုက်ပါ။
ဒါဆို ဗုဒ္ဓါနုဿတိကုသိုလ် ဖြစ်သွားပါပြီ။
 
ကြည်လင်နေတဲ့ ရေကိုကြည့်ပြီး ''ဤရေအေးမြသလို အဖေနဲ့  အမေ စိတ်ကော ရုပ်ကော အေးမြပါစေ''၊ ''ဤရေအေးမြသလို ငါရဲ့အလုပ်ရှင် စိတ်ကော ရုပ်ကော အေးမြပါစေ''၊
 ''ဤရေအေးမြသလို ငါ့ရဲ့လုပ်ဖော် ကိုင်ဖက်တွေ စိတ်ကော ရုပ်ကောအေးမြကြပါစေ''၊
''ဤရေအေးမြသလို သတ္တဝါအားလုံး စိတ်ကော ရုပ်ကော အေးမြကြပါစေ''လို့ မေတ္တာပို့လိုက်ပါ။ ဒါဆို မေတ္တာ ကုသိုလ် ဖြစ်သွားပါပြီ။ ဒါကြောင့် ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး
မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။
 
မျက်စိအတွင်းမှာ ရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိ နေတဲ့ အညစ်အကြေးတွေကိုအာရုံပြုပြီး ''ငါ့ရဲ့ခန္ဓာ ကိုယ်ဟာ စက်ဆုပ်ရွံရှာဖွယ်ပါတကား'' လို့ အသုဘဘာဝနာ ပွားလိုက်ပါ။ ဒါဆို အသုဘဘာဝနာကုသိုလ်ဖြစ်သွားပါပြီ။ အသုဘဘာဝနာပွားရတာ အိပ်ရာထဆိုတော့ အသုဘရဲ့ လက္ခဏာတွေ ထင်ထင်ရှားရှားရှိနေတဲ့အတွက် ပွားရတာ ပိုတောင်ထင်သာမြင်သာ ရှိပါ သေးတယ်။
အပြင်သွားခါနီး ဖြီးလိမ်းပြင်ဆင်ပြီးတဲ့ အခါ၊ လှလှပပဝတ်ဆင် ထားတဲ့ အခါ၊ အသုဘ ပွားရတာ အဆင်မပြေလှပါဘူး။ မိတ်ကပ်တွေ၊ အဝတ်တွေနဲ့ ဖုံးထားတဲ့အတွက် အသုဘလက္ခဏာတွေက မပေါ်ပါဘူး။ အသုဘပွားတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ။ပြီးရင်
 
''ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီ။ ဝင်လေမဆုံးခင်၊ ထွက်လေမဆုံးခင် နံနက် နေ့ည အချိန်မရွေး သေသွားနိုင်သည်''လို့ မရဏာနုဿတိ ပွားလိုက်ပါ။ ဒါဆို မရဏာနုဿတိကုသိုလ် ဖြစ်သွားပါပြီ။
 
အားလုးံ ပြီးမှ " မြတ်စွာဘုရား မျက်နှာသစ်ပြီးပြီဖြစ် လို့ စွန့်ပြီး မျက်နှာသစ်လိုက်ပါ။ ဒါဆို မျက်နှာသစ်ရင်း ကုသိုလ် ငါးမျိုးရသွားပါပြီ။
 
ဒါပေမဲ့ ဆောင်းတွင်းဆိုရင်တော့ သိပ်အေးနေတဲ့ အတွက် ကုသိုလ်ငါးမျိုးယူနိုင်ဖို့ နည်းနည်း ခက်ချင် ခက်ပါလိမ့်မယ်။ ကုသိုလ် ငါးမျိုးမရရင်တောင် မျက်နှာသစ်တော်ရေကပ်တာရယ်၊ မေတ္တာပို့တာရယ် ကုသိုလ် နှစ်မျိုးလောက်တော့ ရအောင်ယူနိုင်ရပါမယ်။  မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးယူတာက ဘာမှကြာမယ်လည်း မထင်ပါဘူး။ ပိုက်ဆံလည်း မကုန်ပါဘူး။ပိုက်ဆံမရှိလို့ ကုသိုလ်မလုပ်နိုင်ဘူးလို့ ပြောပြောနေတဲ့သူတွေအတွက် တကယ့်ကျင့်သုံးစရာတွေပါ။ ဝတ်တစ်ခုလိုထားပြီး ပြုသွားရုံပါပဲ။
မနက်အိပ်ရာထ ကုသိုလ်ငါးမျိုးယူပုံလေးကို ကိုယ့်သားသမီးလေးတွေကို ငယ်ငယ်လေးကတည်းက လေ့ကျင့်ပေးထားသင့်ပါတယ်။ ငယ်တုန်းမှာ မရဏာနုဿတိတွေ၊ အသုဘတွေ မသိသေးပေမယ့်
အရွယ်ရောက်လာတဲ့အခါ သူ့အလိုလို သိသွားပါလိမ့်မယ်။ ငယ်တုန်းမှာ လေ့ကျင့်ပေးထားရင် ကြီးတဲ့ အထိ စွဲသွားတာများပါတယ်။ အရွယ်ရောက်လာလို့ကိုယ့်အထုံလေးကိုကြည့်ပြီး ''ငါတို့မိဘတွေဟာ ကောင်းတဲ့အလေ့အကျင့်လေးကို သင်ပေးခဲ့တာပါလား" ဆိုပြီးမိဘတွေကို ကျေးဇူးတင် တချစ်တခင်ရှိနေ တော့မှာပါ။ သူတို့ကလည်း သူတို့သားသမီးတွေကို ဆက်ပြီး လက်ဆင့်ကမ်းတော့မှာပါ။

အဲဒီလို ဘာဝနာလေးခုကို နေ့တိုင်းပွားနေရင် တစ်ဖက်က ကုသိုလ်တွေရနေသလို တစ်ဖက်ကလည်း အကုသိုလ်တွေ ကင်းစင်ပပျောက်နေပါတယ်။ ဘယ်လို ကင်းစင်ပပျောက်သလဲ ဆိုရင်
(၁) ဗုဒ္ဓါနုဿတိပွားရင် ရတနာသုံးပါး၊ ကံ ကံရဲ့အကျိုးကို ယုံကြည်တဲ့ သဒ္ဓါတရားရွှင်လန်းလာ
ပါတယ်။ သဒ္ဓါတရား ရွှင်လန်းလာရင် ဒိဋ္ဌိကင်းစင်ပပျောက်ပါတယ်။
(၂) မေတ္တာပွားရင် အားလုံးသိကြတဲ့အတိုင်းဒေါသကင်းစင်ပပျောက်ပါတယ်။
(၃) မရဏာနုဿတိပွားရင် မာနကင်းစင်ပပျောက်ပါတယ်။ မာနကလည်း လူကို သိပ်ဒုက္ခပေးတာပါ။ မရှိတဲ့သူကလည်း မရှိတဲ့မာန၊ ရှိတဲ့သူကလည်း ရှိတဲ့မာန။ မာနကိုယ်စီနဲ့ပါ။ အဲဒီမာန ကြောင့်ပဲ ဘ၀နဲ့ယှဉ်တဲ့ ဆုံးဖြတ်ချက်တွေ မှားသွားတာ။ ဘ၀နဲ့ယှဉ်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနစ်နာသွားတာတွေ အများကြီးပါ။ ဒါကြောင့် မာနမရှိဖို့လည်း သိပ်အရေးကြီးပါတယ်။
(၄) အသုဘပွားရင် ရာဂကင်းစင် ပပျောက်ပါတယ်။ အဲဒီရာဂကလည်း လူကိုဒုက္ခပေးတာပါပဲ။ ရာဂကြောင့်ပဲ ခံစားရ၊ ကြေကွဲဝမ်းနည်းရ၊ အိပ်မရ၊စားမရ၊ ဘဝပျက်ရ၊ ပညာရေးဆုးံ ရှးုံ ရ၊ စီး ပွား ရေးတွေ ဆုံးရှုံးရစသဖြင့် အများကြီးပါပဲ။
(၅)ဒီ ဒိဌိ ၊ဒေါသ၊ မာန၊ ရာဂ ဆိုတဲ့ အကုသိုလ် ကြီးလေးခုက လူတိုင်းပယ်ချင်နေကြတဲ့ အကုသိုလ်တွေပါ။ ဘယ်သူမှ ကြာရှည်လက်ခံမထားချင်ပါဘူး။ အမြစ်ပြတ်မပယ်နိုင်သေးရင်တောင် တဒင်္ဂအခိုက် အတန့်အနေနဲ့ ပယ်နိုင်ရင်ပဲ တော်တော်ဟုတ်နေပါပြီ။ အကျိုးရလာဒ်ကတော့ ပါရမီတစ်ခုအနေနဲ့ နောက်ဘဝ နောက်ဘဝတွေအထိ အတူပါသွားတော့မှာပါ။

•    ဗုဒ္ဓါနုဿတိပွားလျှင်၊ ဒိဋ္ဌိပင်၊ ကင်းစင်ပပျောက်သည်။
•    မေတ္တာပွားလျှင်၊ ဒေါသပင်၊ ကင်းစင် ပပျောက်သည်။
•    မရဏာနုဿတိပွားလျှင်၊ မာနပင်၊ ကင်းစင်ပပျောက်သည်။
•    အသုဘပွားလျှင်၊ ရာဂပင်၊ ကင်းစင်ပပျောက်သည်။

ဘဝမှာ စွဲနေတဲ့ ဘာဝနာတစ်ခုခုတော့ ကိုယ်စီရှိထားသင့်ပါတယ်။ သူများက မေးမလာရင်တောင်မှ ကိုယ့်ကိုယ်ကိုယ် ပြန်မေးတဲ့အခါ ဖြေနိုင်အောင်လို့ပါ။ ဘာဖြစ်လို့လဲဆိုတော့လောကဓံတွေက အမြဲကြုံနေ ရလို့ပါ။ ကြုံလာရတဲ့အခါ ကိုယ်ထုံထားတဲ့ ဘာဝနာ လေးနဲ့ ဖြေဆည်နိုင်အောင်ပါ။ဘဝတစ်ခုကို အနုပညာတစ်ခုလိုပဲ ခံစားစေချင်ပါတယ်။ အနုပညာတစ်ခုဖြစ်တဲ့အတွက် ကျေနပ်ခြင်း၊ မကျေနပ်ခြင်း ရသတွေကတော့ အစဉ်သဖြင့်ရှိနေမှာပါ။ အဲဒီ ကျေနပ်ခြင်း၊ မကျေနပ်ခြင်းရသတွေကိုပဲ ပါရမီအဖြစ် ပြောင်းယူရမှာပါ။အရဟံဂုဏ်တော်ရယ်၊ ဝိပဿနာရယ်ကိုဝတ်တစ်ခုလိုထားပြီး ပွားဖြစ်နေမယ်ဆိုရင် ဘဝကတော်တော်နေပျော်နေပါပြီ။

ဘာပဲပြောပြော ဂုဏ်တော်ရယ်၊ ဝိပဿနာရယ်ကို နေ့စဉ်ပွားဖြစ်နေရင် တစ်ဖက်က စိတ်အေးချမ်းမှုကို ရနေသလို၊ တစ်ဖက်ကလည်း သံသရာအတွက် ပါရမီဖြည့်နေတာပါပဲလေ။

ရဝေနွယ် (အင်းမ) (The Voice 9-28)

၁။ နိဗ္ဗာနမဂ္ဂဒီပီပနီ (စစ်ကိုင်းပထမဂန္ဓာရုံဆရာတော်)်)
၂။ ရတနာ့ဂုဏ်ရည် (ဆရာတော်အရှင်ဇနကာဘိဝိဝံသ)
၃။ ဗုဒ္ဓါနုဿတိဘိဘာဝနာ (ဆရာတော်အရှင်ဇနကာဘိဝိဝံသ)
၎။ စတုရာရက္ခကျမ်း(သင်္ဂဇာဆရာတော်ဘုရားကြီး)
၅။ ပရမတ္ထသရူပပဘေဒနီကျမ်း (မဟာဝိသိသုဒ္ဓါရုံဆရာတော်)
၆။ ဂုဏ်တော်အရသာ (ညောင်လေးပင်တောရဆရာတော်)
၇။ သပြေကန်ပရိတ် ကြီးနိဿယသစ် (အရှင်ဝါသေဋ္ဌာဘိဝံသ)
၈။ မဟာဗုဒုဒ္ဓဝင်ဓမ္မရတနာခန်း (မင်းကွန်းတိပိဋကဓရဆရာတော်)
၉။ သဗ္ဗမ္ဗမင်္ဂလာဓမ္မဒေသနာ (အရှင်ဝါသဝါဘိဝံသ)
၁ဝ။ မထေရ်မြတ်တို့စကားဝိုင်း (၄) (ဓမ္မဘေရီအရှင်ဝီရီယ - တောင်စွန်း)
၁၁။ ညောင်တုန်းပါဠိတက္ကသိုလ် ရွှေရတုမုမဂ္ဂဇင်း
၁၂။ ရတနာသုံးပါးကျေးဇူး (ဓမ္မာစရိယဦးဌေးလှိုင်)
၁၃။ ဗုဒ္ဓါနုဿတိဘာဝနာ (ဓမ္မာစရိယ ဦးအေးနိုင်)
 
လူတိုင်း ကိုယ်စိတ်နှစ်ဖြာ အစဉ်ထာဝရအေးငြိမ်းချမ်းသာ ရှိကြပါစေ

Friday, July 26, 2013

ကင်မ်ချိ- ကိုးရီးယားမုန်ညင်းချဉ်

 

copy from http://auntysweet.blogspot.fr/





ကိုးရီးယားစာ ကင်မ်ချိ (Kimchi) အတွက်လိုအပ်တဲ့ ပစ္စည်းတွေက
၁။Korean Cabbage/ Chinese Cabbage လို့ခေါ်တဲ့ မြန်မာလို အိုးရှင်းထုပ် တစ်ဝက်လောက်
၂။ မုံလာဥနီ သို့ အဖြူ ဥကြီးတစ်စိတ်လောက်။
၃။ ကြက်သွန်မြိတ် လက်တစ်ဆုတ်စာလောက်။

မုံလာထုတ်ကို ၂ရက်လောက်ရေခဲသေတ္တာထဲမထည့်ပဲ အရွက်များကိုဖြန့်ပြီးခြောက်အောင် အပြင်မှာ ထားပါ။ ဆားစိမ်ခါနီးမှ တစ်လက်မလောက်စီဒါးနဲ့ဖြတ် ထားပါ။ ဇလုံကြီးကြီးတစ်လုံးထဲကို ဆား၂ဇွန်း လောက်ရယ် ရေ မုံလာရွက်မြုတ်ရုံထည့်မွှေပါ။ ဆားပျော်ရင် မုံလာရွက်လှီးထားတာတွေ တစ်နာရီခန့် စိမ်ထားပါ။ ပြီးရင် ရေနှစ်ထပ်လောက်ဆေးပြီး စကာနဲ့ ရေခြောက်အောင် တစ်နာရီလောက်စစ်ထားပါ။(မုံလာရွက်က ဆားရည်စုတ်ပြီးဖြစ်ပါတယ် ... ရေဆေးလို့ ဆားရည်တွေထွက်သွားမှာ မစိုးရိမ်ရပါ)

မုံလာဥကိုလည်း အခွံသင် တစ်လက်မခွဲအရှည်လောက် ပါးပါးသေးသေးလေးတွေလှီးထားပါ။ ကြက်သွန်မိတ်ကိုလည်း လက်တစ်ညိုးစာ အရွယ်ဖြတ်ထားပါ။

ိနယ်ဖို့ ကင်ချိအနှစ်အတွက်
၁။ ဂျင်း လက်မအရွယ် ၄ခု အခွံသင်ထားပါ။
၂။ကြက်သွန်ဖြူ ဥကြီးတစ်ဥ(၈မွှာလောက်) အခွံနွှာထားပါ။
၃။ ကြက်သွန်နီတစ်ဥပါးပါးလှီးပြီး ကြိတ်ထားပါ။
၎။ ငရုပ်သီးအရောင်တင်မှုန့်ညက်ညက် ၃ဇွန်း။
၅။ သကြား၂ဇွန်း
၆။ ငံပြာရည်၂ဇွန်း
၇။ ဆန်မှုန့်တစ်ဇွန်းမောက်မောက်ကို ရေ ၃-၄ဆထည့်ပြီး မပျစ်မကျဲကျိုထားပါ။

ဂျင်းကြက်သွန်ဖြူကိုရော ညက်နေအောင်ထောင်းပြီး အထက်ပါအားလုံးကို သမအောင် ဇွန်းနှင့်မွှေပါ။
လက်နဲ့မွှေမယ်ဆိုရင်တော့ လက်အိပ်စွတ်လုပ်ရင်ပိုကောင်းပါတယ် ... လက်နဲ့ထိရင်သိုးတတ်ပြီး ကြာရှည်မခံပါ။

ကင်ချီးအနှစ်ရယ် ၊မုံလာရွက်ရေစစ်ထားတာရယ်၊ ကြက်သွန်မြိတ်၊ မုံလာဥလှီးထားတာတို့ကို ဇလုံတစ်ခုထဲထည့် သမအောင်ဇွန်းနဲ့နာနာမွှေပေးပြီး ပလပ်စတစ်ပုံးထဲထည့် အဖုံးအုပ်ပြီး အပြင်မှာထားပါ။ နောက်တစ်ရက်၂ရက်ဆို ချဉ်ပါပြီ။ ချဉ်သွားပြီဆို ရေခဲသေတ္တာထဲပြောင်းထည့်ပါ။
ရေရှည်ခံလိုရင် လက်နှင့်မခပ်ပါနှင့်။ ဇွန်းနှင့်သာကော်ပါ။

ရခိုင်မုန့်တီ (အာပူလျှာပူ )

copy from http://auntysweet.blogspot.fr/

 
လူ ၇၀စာလောက် အိုးကြီးချက်ချင်သူများအတွက်ပါ။

လက်သုတ်က လူ ၅၀ စာလောက်မှန်းပြီး အရည်ဖျော်ကလဲ လူ ၂၀-၃၀ဆယ် စာလောက်တော့ရှိပါတယ်။ စုစုပေါင်း လူ ၇၀ စာလောက်ပေါ့။

လိုတဲ့ ပစ္စည်းတွေက
Basa fillet

ငါး အသားချည်း ( basa fillet ) 6 Kg (ငါးကို ရေခဲရိုက် ခဲနေတာမဟုတ်ပဲ ပန်းရောင်သန်းနေတဲ့ ခပ်လတ်လတ်ဟာကို ရွေးဝယ်ပါ)
ငါးရိုး 2 kg (ဆယ်လ်မွန် အရိုးတွေရလို့ ၀ယ်လာပါတယ်)
မုန့်ဖတ် ၁၀ထုတ်
ပဒဲကော အစိမ်း ၃၀၀ ဂရမ်
ငရုပ်သီးစိမ်း ၂၅၀ ဂရမ်
မန်ကျည်းမှည့် အရည်ဖျော်ပြီး   ၄၅၄ ဂရမ် ၂ဗူး
မွှေးတံဆိပ် ပဲအကျက်မှုန့် ၄ထုတ်
ငပိ ၂၅၀ ဂရမ်
ကြက်သွန်ဖြူ 1.25 kg
ကြက်သွန်နီ အလုံးကြီး ၁၀လုံး
ဆီ ၂ လီတာ
ငံပြာရည် တစ်ပုလင်းခန့်
ငရုပ်သီးအရောင်မှုန့် စားပွဲဇွန်းမောက်မောက် ၂ဇွန်းခန့်
 ဂေါ်ဖီ ထုတ်ကြီး တစ်ထုတ်
နံနံ ၃၀၀ ဂရမ်
ကြက်သားမှုန့်
ငရုပ်ကောင်း

 
ဆီချက်အတွက်
သုပ်တဲ့အခါ ပိုမွှေးအောင် ဆီချက်ကို ကြက်သွန် အဖြူရယ် အနီရယ် ၂မျိုးချက်ပါတယ်။ သက်သာချင်ရင်တော့ ဆီချက် အနီတစ်မျိုးထဲ ချက်လဲရပါတယ်။
 
ကြက်သွန်ဖြူ  ၅၀၀ ဂရမ်ကို ကြိတ်ပြီးပဲဖြစ်ဖြစ်၊ လက်နဲ့ ပါးပါးလှီးပြီးပဲဖြစ်ဖြစ် ဆီချက်ချက်ပါတယ်။ ဆနွင်းမှုန့်လေး အရောင်လှအောင်ထည့်ချက်ပါ။ ဆီ တစ်လီတာ နဲ့ ချက်ပါတယ်။
 
 ကြက်သွန်နီ အလုံးကြီး ၁၀လုံးကို လဲ ပါးပါးလှီးပြီး ဆီ တစ်လီတာ နဲ့ ဆနွင်းမှုန့်လေးထည့်ပြီး ဆီချက်ချက်ပါတယ်။ ကြက်သွန်နီကြော်တွေကို ဆီစစ်ပြီး ပုလင်းတစ်လုံးထဲ လေလုံအောင် ထည့်ထားပါတယ်။ ကြက်သွန်နီကြော်လေးတွေက လက်သုပ်မှာထည့်ရင် မွှေးပြီး ချိုနေပါတယ်။

ဆီနီချက်
အသုတ်သုတ်တဲ့အခါ အရောင်လှအောင် စောနက ကြက်သွန်နီ ဆီချက် တစ်ဝက်ကို မီးအေးအေးနဲ့တည်၊ ဆီကျက်ရင် ငရုပ်သီး အရောင်တင်မှုန့် ၂ဇွန်း မောက်မောက်ခန့်ထည့်ပြီး ဆီနီ ဆီချက်ချက်ထားပါ။

ပဲကပ်ကြော်အတွက်
ပဲကပ်ကြော်က ရေနဲ့ အကြော်မှုန့်စပ်တဲ့ အချိုးက သိပ်အရေးကြီးတယ်။ တည်တဲ့ ဒယ်အိုးကလဲ non-sticker ဒယ်အိုး အောက်က ပြားနေမှ ကောင်းပါတယ်။ နောက်ပြီး အရေးကြီးတာက ဆီ အရမ်းကျက်မှ ထည့်ရင် မုန့်နှစ်က ကျဲတော့ အချပ်လိုက်မဖြစ်ပဲ အကုန်လုံးကျက်ပြီး မွစိကျဲကုန်ပါတယ်။ ကြော်တဲ့နေရာမှာ စိတ်ရှည်ဖို့လဲ လိုပါတယ်။

ပထမဆုံး ကုလားပဲကို တစ်ရက် (၂၄ နာရီ) လောက် ရေစိမ်ရပါတယ်။ ပဲက ရေစိမ်ပြီး ရေမလဲရင် ပုတ်အက်အက်အနံ့ထွက်လို့ ကြော်ခါနီး ရေနဲ့သေချာပြောင်အောင်ဆေးပြီး စကာနဲ့ စစ်ထားပါ။ လုပ်တဲ့ အမှုန့်က ယိုးဒယားမယ်အကြော်မှုန့်လို ဘယ်အကြော်မှုန့်မဆို ကြော်လို့ရနိုင်ပါတယ်။

အန်တီဆွိသုံးတဲ့ အကြော်မှုန့်ဖြစ်ပါတယ်။ အကြော်မှုန့်တွေက အချိုမှုန့်တို့၊ ကြက်သားမှုန့်တို့၊ ငရုပ်ကောင်း ဆော်ဒါ အကုန်ပါပြီးသားမှို့ ဘာမှထပ်ထည့်စရာမလိုပါ။


ရေ ၈၀ ml ကို ပုံမှာပြထားတဲ့ အတိုင်း အကြော်မှုန့် စားပွဲဇွန်း ၂ဇွန်းလောက် (အရမ်းမမောက်ပါ) ထည့်ပြီး နှံ့အောင်မွှေပေးပါ။ ဆန်ခြင်တဲ့ခွက်ကလေးတွေက အမှတ်အသားပါပါတယ်။ ပြီးတော့ ပဲစိမ်ထားတာ လက်တွင်းတစ်ဆုတ်စာလောက် နည်းနည်းထည့်မွှေပါ။ အထက်က အတိုင်းအတာက ပဲကပ်ကြော်တစ်ခုစာ ကွက်တိပါပဲ။ တစ်ခုစာလုပ်ရတဲ့ ရည်ရွယ်ချက်က ပဲကပ်ကြော်က မုန့်နှစ်များရင်၊ နဲရင်၊ ထူတာ၊ ပါးတာ၊ မကျက်တာတွေ ဖြစ်တတ်လို့ပါ။ (များများကြော်ချင်ရင် ကိုယ့်ဟာကိုယ် အချိုးအစားတွက်ကြည့်ပြီး တစ်ခါထဲ များများဖျော်ထားသင့်ပါတယ်။ ဒါပေမဲ့ တစ်ခုစာကတော့ မုန့်ဖျော်ပြီးသား ၈၀-၈၅ ml လောက်ပဲ ဆိုတာ မှတ်သားထားရပါမယ်၊ ဒယ်အိုးအ၀ိုင်းက အချင်း ၈လက်မရှိပါတယ်။)





ဒယ်အိုးကို မီး အနေတော် (medium) ထား၊ ဆီကို အကြော်မြုတ်ရုံလောက်ထည့်ပါ။ ဆီအရမ်းမကျက်ခင် တစ်မိနစ်လောက်မှာ မုန်နဲ့ပဲ အတူရောဖျော်ထားတာကို ထည့်ပါ။ မုန့်နှစ်တွေကို ဒယ်အိုး
အ၀ိုင်းပုံအတိုင်းပြန့်သွားအောင် ဒယ်အိုးကို စကောဝိုင်းလိုလေး လှည့်ပေးပါ။


မုန့်က ထည့်ပြီး အတော်ကြာတဲ့အထိ မုန့်ပြားသလက် အပြားစားလို ခပ်ပျော့ပျော့ပါပဲ။ ပဲကပ်ကြော်လို ကြွပ်ရွလာလိမ့်မယ်လို့တောင် မထင်ရဘူး။ ဒါပေမဲ့ စိတ်ရှည်ရှည်ထားပြီး မီးအနေတော်လောက်နဲ့ ဖြေးဖြေးသာကြော်ပါ။ တစ်ချိန်မှာ အောက်ပိုင်းက အနည်းငယ်မာလာပြီး အချပ်လိုက်လေး ဖြစ်လာပါလိမ့်မယ်။ အဲဒီအချိန်ကျရင် တစ်ဖက်ကို လှန်ပေးရပါမယ်။ တဖက်ကို လှန်အပြီးပုံပါ။

ဒီလိုပဲ ဟိုဖက်ဒီဖက် ၂ခါလောက်စီ လှန်ပေးပြီး ကြွပ်ရွလာပြီ၊ အကျက်ညီလာပြီဆို ဆယ်လို့ရပါပြီ။ မီးအေးအေးနဲ့ စိတ်ရှည်လက်ရှည်သာ ကြော်ပါ။ မီးပြင်းရင် အကျက်မညီတတ်ပါဘူး။ တူးနံ့ထွက်မှာစိုးလို့ အရောင် အရမ်းမညိုခင်ချပါ။

ပဲကပ်ကြော်က ဒီတိုင်းထားတာတောင် တော်ရုံနဲ့ မပျော့ပါဘူး။ ဗူးတစ်ခုထဲမှာ လေလုံအောင်ပိတ်ထားရင် အကြာကြီး အထားခံပါတယ်။ အသုတ်ထဲမှာပဲထည့်ထည့်၊ မုန့်ဟင်းခါးနဲ့ပဲစားစား အရသာရှိလှတဲ့ ပဲကပ်ကြော်ပါ။


ငါးလှော်အတွက်
ပထမဆုံး ငါး ၅ ကေဂျီကို  ငံပြာရည် နနွင်းမှုန့်တွေနဲ့နယ်ပြီး အိုးကြီးကြီးထဲမှာ ပြုတ်ပါတယ်။ မွှေးအောင် ဂျင်းအနည်းငယ် ပါးပါးလှီးထည့်ပါတယ်။ ရေကို ငါးမကပ်ရုံ အနည်းငယ်သာထည့်ပါတယ်။ ငံပြာရည်က ငါး တစ်ကေဂျီကို စားပွဲဇွန်း ၂ဇွန်းခန့် ထည့်ပါတယ်။ (ကြက်သားမှုန့်ထည့်ရင်တော့ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ငံပြာရည် စားပွဲဇွန်း ၁ဇွန်း ခွဲခန့် ထည့်ပါတယ်။) ၅ကေဂျီစာဆိုတော့ ကိုယ့်ဟာကို တွက်ချက်ပြီးသာ ထည့်ကြပါလေ။

ငါးပြုတ်ထားတာ  ရေဆူလာရင် မီးအေးအေးနဲ့ အဖုံးအုပ်ပြီး နာရီဝက်လောက် ပစ်ထားလိုက်ပါ။
ငါးအသားတွေအိလာပြီ ကျက်ပြီဆို ဇကာကြီးကြီးနဲ့ ရေ စစ်ထားပါ။ ရေစစ်ဖို့ အရေးကြီးပါတယ်။ ရေမစစ်ရင် ငါးကိုလှော်တဲ့အခါ ရေတွေပါတော့ အဲဒီရေတွေ ခန်းအောင်လုပ်ရတာ အတော်ကြာပါတယ်။  ရေစစ်သွားရင် ငါးတွေကို ဘလန်ဒါနဲ့ ညက်အောက်ကျိတ်ပါ။ ကျန်တဲ့ရေတွေကိုတော့ ရခိုင်မုန့်တီ ဟင်းရည်ချက်ရအောင် သပ်သပ်သိမ်းထားပါ။

ကြိတ်တဲ့ ငါးတွေထဲကလဲ ငါး တစ်ကေဂျီကိုတော့ ဟင်းရည်ထဲ ထည့်ရအောင် သတ်သတ်ခွဲ ချန်ထားလိုက်ပါ။

ကျန်တဲ့ ၄ကေဂျီကိုတော့ ဒယ်အိုးတစ်လုံးထဲမှာ  ဆီပါလေကာထည့်ပြီး ငါးကို လှော်ပေးရပါတယ်။ ငါးလှော်ရင်းနဲ့ ငါးလှော်ကိုမြည်းကြည့်ပြီး အငံပေါ့ရင် ငံပြာရည်၊ ကြက်သားမှုန့် အစရှိသဖြင့် လိုတိုး၊ ပိုလျှော့ ထည့်ပါ။ ငါးတွေ အရမ်းမကြွပ်ခင် ငါးလှော်တွေကို ကော်ထားပါ။
 ငါးဖယ်ကြော်အတွက်
ကျန်တဲ့ ငါး တစ်ကေဂျီကိုတော့ ဂျင်း၊ ကြက်သွန်ဖြူ၊ စပါးလင်၊ ဆနွင်း၊  ငံပြာရည်တို့နှင့်ရောပြီး ငါးဖယ်ကြော်လို ပြားပြီး ကြော်ထားပါ။ ပြီးရင် ပါးပါးလှီးထားပါ။
ဟင်းရည်အတွက်
ငါးရိုးတွေကို ရေဆေးပြီး ရေမြုတ်အောင်ထည့်ပြီး ပြုတ်ပါ။ ဟင်းရည်ဆူလာရင် အရိုးတွေ ပျော့လာရင် အရိုးတွေကို ထောင်း (သို့) ထုချေပြီး အချိုရည် မကျန်သည်အထိ အရည်ကို ပြုတ်လိုက် စစ်လိုက်နဲ့  အခါခါ ငှဲ့ယူထားပါ။ ငါးရိုးတွေ စစ်တဲ့ အခါ အလွန်စိတ်တဲ့ စကာနဲ့ စစ်ရင် အရိုးတွေ မပါတော့ပါဘူး။
ဟင်းအိုးကြီးကြီးတစ်လုံးထဲကို ပဒဲကောတွေကို လက်မလောက်စီ အတုံးလေးတွေတုံးထည့်ပြီး စောနက ငါးရိုးပြုတ်ရည်၊ ငါးအသားပြုတ်ရည်တွေနဲ့ ပြုတ်ပါ။ ငါးပြုတ်ပြီး ခွဲချန်ထားတာကိုလည်း ရေနှင့်အရင်ဖျော် မွှေပြီးမှ ထည့်ပါ။ ငါးတွေထောင်းထားတော့ ခဲနေမှာစိုးလို့ ရေနဲ့ အရင်ဖျော်ခိုင်းတာပါ။ ငပိကို အရည်ဖျော်ပြီး အိုးထဲကို စစ်ထည့်ပါ။ ဟင်းချိုအိုးက ငါးရိုးပြုတ်ရည်တွေနဲ့ဆိုတော့ အချိုမှုန့်ကို မလိုပဲ အလွန်ချိုနေပါပြီ။ ဟင်းရည် ပွက်ပွက်ဆူရင် ငရုပ်ကောင်းမှုန့် ၊ ကြက်သွန်ဖြူ ၇၅၀ ဂရမ်ခန့် ထောင်းထားတာကို ထည့်ပြီး ဟင်းရည်အိုး ကျသည်အထိ တစ်နာရီခန့် မီးအေးအေးနှင့်တည်ပါ။ စားခါနီး အပေါ့အငံ၊ အချိုမြည်း ငံပြာရည်၊ ကြက်သားမှုန့် အစရှိသည်တို့ကို လိုတိုးပိုလျှော့ ထည့်ပါ။


ငရုပ်သီးအရည်အတွက်
ငရုပ်သီးတွေကို ဘလန်ဒါနဲ့ ညက်အောင်ကျိတ် ဟင်းချိုရည်ပူပူနဲ့ ရောပြီး ရေစပ်စပ်လေးပြင်ထားပါ။
မန်ကျည်းမှည့်ရည်အတွက်
မန်ကျည်းမှည့် အရည်ဖျော်ပြီးသားဗူး။
 မန်ကျည်းရည်ကိုလည်း နဲနဲကျဲသွားအောင်ဟင်းချိုရည်အနည်းငယ်နဲ့ ရောပြီး အဆင်သင့်ပြင်ထားပါ။


 မုန့်ဖတ်ပြုတ်ရန်အတွက်
မုန့်ဖတ်ကိုလည်း ရေနွေးပွက်ပွက်ဆူအောင် အရင်ပြုတ်ပြီး ပျော့အိ လာအောင်ပြုတ်ရပါတယ်။ ပျော့လာရင် ရေနွေးကိုစစ်ချပြီး ရေအေးအေးနဲ့ အထပ်ထပ်ဆေးချပါ။

ဂေါ်ဖီ ၊ နံနံတို့ကိုလည်းပါးပါးလှီးပြီး ပြင်ထားပါတယ်။
ငံပြာရည် ပဲမှုန့်ထုတ်ကိုလည်း ဖောက်ပြီး အသုတ်သုတ်ရအာင် ခွက်တစ်ခုထဲကို အဆင်သင့် ထည့်ထားပါ။




 

"ရန်ငြိုးဖျောက်နည်း"


copy from https://www.facebook.com/youngbuddhistassociation.mm
ပုထုဇဉ်သဘာဝအမျက်ဒေါသ မကင်းနိုင်ကြပါပေ။ အမျက်ဒေါသဖြစ်သည့်ပုဂ္ဂိုလ်သည် မနှစ်သက်ဖွယ် အာရုံနှင့်တွေ့ကြုံလာသည့်အခါကိုယ်ရောစိတ်ပါ ကြမ်းတမ်းလာလျက် မိမိကိုယ်စိတ်နှစ်ပါးကို နှိပ်စက် ဖျက်ဆီးတတ်၏။ အမျက်ဒေါသဖြစ်သူ၏ အနီးအပါးသို့အပူဓာတ်ကူး စက်လောင်ကျွမ်းစေ တတ်သော ကြောင့် တောမီးနှင့်တူ၏။ အမျက်ဒေါသဖြစ်ရာပုဂ္ဂိုလ် သည် သူတစ်ပါးအားပြစ်မှား တတ်သောကြောင့် မိမိမှီရာပုဂ္ဂိုလ်အား နှိပ်စက်ရန်အခွင့်အရေးရသော ရန်သူကြီး နှင့်တူ၏။ အမျက်ဒေါသဟူသည် အလုံးစုံ သောအကျိုးမဲ့ဟူသမျှ တို့စုပုံရာတရားကြီးဖြစ်သောကြောင့် အဆိပ်နှင့်ရောနှောလျက်ရှိသော သေရည် အိုးကြီး နှင့်တူ၏။

"အမျက်ဒေါသဖြစ်ကြောင်းကား"
၁။ပင်ကိုပဋိသန္ဓေကနေဒေါသဓာတ်ခံပါလာခြင်းကြောင့်ဖြစ်၏။
၂။အလွယ်ဖြင့် စိတ်ကောက်တတ်ခြင်း၊ ၀မ်းနည်းတတ်ခြင်းစသော သဘောထား သေးသိမ်ခြင်း ကြောင့်ဖြစ်၏။
၃။အကြားအမြင်ဗဟုသုတနည်းပါး၍ဆင်ခြင်တတ်သော ဥာဏ်ပညာမရှိခြင်းကြောင့်ဖြစ်၏။
၎။အလိုမရှိအပ်သောအာရုံနှင့်တွေ့ကြုံရခြင်း ရန်ငြိုးဖွဲ့ခြင်းအကြောင်းတို့ကြောင့်လည်းဖြစ်၏။

၁။ အားနည်းသော အမျက်ကို ဒေါသ
၂။ ရန်ငြိုးဖွဲ့တတ်သောဒေါသကို အာဃာတ
၃။ ရှေးအဖို့၌ဖြစ်သော တစ်ကြိမ်ကြိမ်ဖြစ်သောအမျက်ကို ကောဓ
၎။ နောက်အဖို့၌ဖြစ်သော တစ်ကြိမ်ထက်အလွန် ထပ်၍ထပ်၍ဖြစ်သော ရန်ငြိုးဖွဲ့သောအမျက်ကို ဥပနာဟ ဟုဒေါသစေတသိက်တစ်ခုကိုပင်ခွဲ၍ထားတတ်၏။

♦ သာမညအမျက်ဒေါသသည်တုတ်နှင့်ခတ်မိ၍
ရှူးခနဲထလာတတ်သောမြွေပွေး ၊မြွေဟောက်တို့နှင့်တူ၏။ ကောက်ရိုးမီးပမာပင်။
♦ ရန်ငြိုးဖွဲ့ခြင်းသည်ကား စိတ်ဆိုးရုံတွင်မရပ် အာရုံကိုအကြောင်းပြု၍ အကြောင်းညီညွတ်လျှင် ချေပမည်ဟုစိတ်၌စွဲမှတ်ရန်ငြိုး ဖွဲ့၏။
ရန်ငြိုးဖွဲ့ခြင်းကား မိမိရန်ငြိုးဖွဲ့အပ်သော ပုဂ္ဂိုလ်သတ္တ၀ါအပေါ် အမျက်ဒေါသ ဖြစ်၍ မပြီးနိုင် မငြိမ်းနိုင်
မပြေပျောက်နိုင်လောက်အောင်ပင် စိတ်ကိုရစ်ပတ်ဖွဲ့နှောင်ကာသံသရာအဆက်ဆက် ပါသွားလျက် ဆိုးကျိုးများခံစားကြရ၏။ အထူးကြောက်မက်ဖွယ်ရာပင်။
ဝိသုဒ္ဒိမဂ်မေတ္တာဘာဝနာဂါထာတွင်
မေတ္တာဈာန်ဝင်၊ ဆင်ခြင်အပြည့်၊ ရှုလစ်အကျင့်ကောင်း၊ တစ်ကြောင်းကရုဏာ၊
သြ၀ါဒငါးမျိုး၊ ဖန်ပျိုးကမ္မဥာဏ်၊ သည်းခံဇာတ်တော်၊ မတော်မရှိ၊ မျှော်ကြည့်မေတ္တာကျိုး၊

တစ်မျိုးဓာတ်ခွဲ၊ ပေးယူမြဲ မှတ်စွဲရန်ငြိုးဖျောက်ဖျက်ကြောင်းတည်း
ဟု ရန်ငြိုးဖျောက်နည်း(၁၁)နည်းပြဆိုထားပေသည်။
၁။မေတ္တာဈာန်ဖြစ်နေကျပုဂ္ဂိုလ်သည်မေတ္တာဈာန်ဝင်စားပြီးထိုဈာန်မှထပြီးလျှင် မိမိရန်သူအပေါ်မေတ္တာပွား
ကာရန်ငြိုးကိုဖျောက်အပ်၏။

၂။ထိုသို့ရန်ငြိုးမငြိမ်းလျှင် ချစ်သားတို့လွှကြီးဖြင့် ခိုးသူတို့သည်အင်္ဂါကြီး ငယ်တို့ကိုလာရောက်ဖြတ်စေကာမူ အမျက်ထွက်မိခဲ့လျှင်ငါဘုရားအဆုံးအမ လိုက်နာသည်မမည်။ ကိုယ့်အားအမျက်ထွက် သူကိုပြန်စိတ်ဆိုး သူမှာ ထိုသူအောက် ယုတ်ညံ့သူသာဖြစ်သည်။ စိတ်ဆိုးသူကိုပြန်စိတ်မဆိုးသူမှာအောင်နိုင်ခဲသော စစ်ပွဲကို အောင်နိုင်သူဖြစ်တော့သည်။ သူတစ်ပါးစိတ်ဆိုးသည်ကိုသိလျက် သည်းခံပြေငြိမ်း သူသည်မိမိသူတစ်ပါး နှစ်ဦးသားလုံး၏ အကျိုးကိုကျင့်သူပင်။
ချစ်သားတို့ အမျက်ကြီးသူသည်အဆင်းမလှ ဆင်းရဲတွေ့ရ၏။
ဥစ္စာ အသုံးအဆောင် အကျော်အစော မဲ့၏။ မိတ်ဆွေမရှိ။
အပါယ်လားရ၏။ စသည့်ဟောကြားအပ်သော ဒေါသအပြစ်တို့ကို ဆင်ခြင်၍ရန်ငြိုးဖျောက်ရ၏။

၃။ထိုသို့ရန်ငြိုးမဖျောက်သေးလျှင် ရန်သူ၏ကိုယ် နှုတ် စိတ်သုံးပါးတို့တွင် သိမ်မွေ့သောကိုယ်အမူအရာ ကိုဖြစ်စေ အပြောချိုသောနှုတ်အမူအရာကိုဖြစ်စေအကျိုးမဲ့မကြံစည်သော စိတ်အမူအရာကိုဖြစ်စေ အကျင့်ကောင်းတစ်မျိုးမျိုးကိုအောက်မေ့ပြီး ရန်ငြိုးဖျောက်အပ်၏။

၎။ကြည်ညိုဖို့ တစ်စုံတစ်ခုမျှ မရှိခဲ့လျှင်ထိုသူကား ယခုမျက်မှောက်ဘ၀သာ လှည့်လည်သွား လာကာ နေရသော်လည်း နှစ်ရက် သုံးရက်သို့ရောက်က အသက်ကုန်ပျောက်လျှင် ငရဲသို့ လားရာရောက်ရမည် တကားဟုသနားကြင်နာကရုဏာဖြင့်ဖျောက်အပ်၏။

၅။ ထိုသို့မပျောက်သေးမူရန်သူသည်ကိုယ်ကိုသာဒုက္ခပေး၏။ စိတ်ကိုမပေးနိုင်။ ငါသာကိုယ့်စိတ်ကို ဖျက်ဆီးအပ်၏။ ရန်သူသည်ယုတ်မာသောအမှုကို ငါ့အား ပြုလာ၏။ သင်ကအမျက်ထွက်လာပြန်သော် ထိုအမှုမျိုးကိုပင်သတိပြုခြင်းငှာ အလိုရှိလာပြန်သလော။
ငါစိတ်ဆိုး စေရန်ရန်သူကပြု၏။ ငါကစိတ်ဆိုးပြန်လျှင်ရန်သူအလိုပြည့်ရာသည်မဟုတ်လော။ မီးခတ်နှင့်ကျောက်နှစ်ခုကြောင့် မီးဖြစ်လောင်ကာမီးခတ်ကိုအပြစ်မဆိုသင့်သည်မဟုတ်လော။ စသည့်ဘုရားရှင်၏အဆုံးအမ သြ၀ါဒအမျိုးမျိုးကို ဆင်ခြင်ကာ မိမိကိုယ်ကို ဆုံးမလျက် ရန်ငြိုး ပျောက်အပ်၏။

၆။ထိုသို့မှမငြိမ်းသေးလျှင်သူသူငါငါသတ္တ၀ါတို့သည် ကံသာ ကိုယ်ပိုင်ဥစ္စာရှိကုန်၏။ ရန်ငြိုးဖွဲ့သူသည် လက်နှစ်ဖက်ဖြင့်
မီးကျီး မစင်ကိုကိုင်ပြီးသူတစ်ပါး ကိုပုတ်ခတ်လိုသောသူကဲ့သို့ မိမိကိုသာ ရှေးဦးစွာပူလောင်ခြင်း
အနံ့မကောင်းခြင်းကိုပြုသည်မည်၏။ စသည့်ကံသာ ကိုယ်ပိုင်ဥစ္စာရှိသည်၏ အဖြစ် ကမ္မဿတဥာဏ်ဖြင့်လည်း ရန်ငြိုးဖျောက်အပ်၏။

၇။ထိုသို့မှမငြိမ်းနိုင်သေးလျှင် သုဿာန်တွင်လည်ပင်းအထိ အရှင်လတ်လတ်အမြှုပ်ခံရသည့်တိုင် အမျက်မထွက်သော အလောင်းတော်သီလ၀ဇာတ် ။
လက်ခြေတို့ကိုဖြတ်သော်လည်း အမျက်မထွက်သောခန္တီဝါဒီဇာတ် ။စူဓမ္မပါလဇာတ်၊ မြားဖြင့်ချက်မှပစ်ဖောက်သောမုဆိုးကိုသော်လည်း အမျက်ထွက်တော်မမူ၊အစွယ်ဖြတ်လှူသော ဆဒ္ဒန်ဇာတ်။
ချောက်ထဲမှဆယ်ယူခဲ့သော ယောက်ျားက ဦးခေါင်းကိုကျောက်ခဲဖြင့် ထုသော်လည်း အမျက်ထွက် တော် မမူသော မဟာကပိဇာတ်၊
နှိပ်စက်ညှဉ်း ဆဲကြသော မြွေအလမ္ပာယ်သမားစသည်တို့ကို အမျက်ထွက်တော် မမူသော ဘူရိဒတ်ဇာတ် ဓမ္မေယျဇာတ်၊သင်္ခပါလဇာတ် စသောဇာတ်တော်လာ သည်းခံပုံနည်းများဖြင့်လည်း ရန်ငြိုးဖျောက်အပ်၏။

၈။ထိုသို့မှမငြိမ်းသေးလျှင် အနုမတဂ္ဂိယဒေသနာ တွင်ဟောကြားတော်မူသည့်အတိုင်း သံသရာတွင်
အမိအဖစသည့်ဖြစ်စဉ် င့ါကိုကျေးဇူးဥပကာရ အထူးပြုဖူးပေပြီ စသည့်ဖြင့်ဆင်ခြင်ပြီး လည်းရန်ငြိုးကို ဖျောက်အပ်၏။

၉။ထိုသို့မှမငြိမ်းသေး လျှင်မေတ္တာပွားသူသည်
ချမ်းသာစွာအိပ်ရ၏ချမ်းသာစွာ နိုးရ၏။
အိပ်မက်ဆိုးမမြင်မက်။
လူတို့ချစ်ခင်၏။
နတ်ဘီလူးတို့ချစ်ခင်၏။
နတ်များစောင့်ရှောက်၏။
မီးအဆိပ်လက်နက် မလောင် မ၀င် မစူး သမာဓိရလွယ်၏။
မျက်နှာကြည်လင်၏။
မတွေမဝေသေရ၏။
မဂ် ဖိုလ် မရသေးလျှင် ဗြဟ္မာပြည်လားရ၏။
အမျက်ထွက်ရန်ငြိုးဖွဲ့လျှင်မေတ္တာအကျိုး၁၁မျိုးတို့မှဆုတ်ယုတ်လိမ့်မည်ဟု ဆင်ခြင်ပြီးလည်းရန်ငြိုးကို
ဖျောက်အပ်၏။

၁၀။ထိုသို့မှရန်ငြိုးမငြိမ်းသေးလျှင် ရန်သူကိုအမျက်မ ထွက်သောသင်သည်အဘယ်တရားကို အမျက်ထွက်သနည်း။
ဆံပင်ကိုလော ပထ၀ီစသောဓာတ်ကိုလော လက်ခြေအဂါင်္စသောရုပ်အစုကိုလော စသည်ဖြင့် ဓာတ်ခွဲပြီး ရန်ငြိုးကိုဖျောက်အပ်၏။

၁၁။ထိုသို့ဓာတ်မခွဲတတ်လျှင်မိမိတွင်ရှိသော ပစ္စည်းကိုထိုရန်သူအားပေးအပ်၏။
ထိုရန်သူ၏ပစ္စည်းကို အလှူခံပြီးယူအပ်၏။
ထိုသို့ပေးသူကဘ၀ အဆက်ဆက်ကပါလာသော ရန်ငြိုးသော်လည်း နှစ်ဦးနှစ်ဝ ပြေပျောက်ကြ၏။ ထိုနည်းဖြင့်လည်ရန်ငြိုးဖျောက်အပ်၏။ ထိုဆိုခဲ့ပြီးသော၁၁နည်းတို့ဖြင့် မိမိတို့၏မငြိမ်းမစဲနိုင်သော ရန်ငြိုးတို့ကို သံသရာတစ်လျှောက်လုံးကောက်ကောက် မပါစေရန်ကြိုးစား ပွားများဖြေဖျောက်နိုင်ကြပါစေသတည်း။
- [အရှင်ဥာဏ၀ရ(သာပေါင်း)]

စိုလည်းစို အစိမ်လည်းခံရတဲ့ဘ၀နှယ်

အပြင်မှ ပြန်ရောက်ရောက်ချင်း TV ခလုတ်ကိုတန်းနှိပ်လိုက်မိသည်။ နာရီကိုကြည့်တော့ နေ့လည် တစ်နာရီခွဲပြီ။ အော် နောက်ကျပြန်ပေါ့။ နေ့ခင်းဖက် ၁နာရီမှ ၂ နာရီထိ MRTV4 တွင်လာနေကျ တရားလေး တော်တော်တောင် ရောက်နေပြီပေါ့။
          ပါချုပ်ဆရာတော်၏ အေးဆေးတည်ငြိမ်သော အသံတော်ကို စကြားရပါပြီ။ ရောက်တဲ့ နေရာမှ စနာရပြီပေါ့။ ၀ါဆိုလပြည့်နေ့မှစလို့ ဘုရားဖြစ်တော်စဉ်ကို ခုနှစ်ရက်တိုင် ဟောကြားပေး မယ့် အစီအစဉ်အရ ဒီနေ့ဆို သိဒ္ဓတ္ထမင်းသား တောထွက်ခန်းရောက်ပေါ့။ မှီသမျှ နာလိုက်ရတဲ့ တရားတော်လေးက မိမိတို့အား စမ်းစစ်နိုင်စေဖို့ မီးမောင်းထိုးပြနေပါပြီ။
          “ဘုရားလောင်းရဲ့ သန္တာန်မှာ တစ်ခါမှ မတွေးဘူးတဲ့ အတွေးလေး ၀င်လာပါတယ်………....”
အဲဒါကတော့ သစ်သားသုံးချောင်းနဲ့ ပမာနှိုင်းလို့ တရားအားထုတ်လို့ တရားရနိုင်၊ မရနိုင်ဆိုတဲ့ အနေအထားကို ခုလို ယှဉ်လို့ အတွေးပေါ်လာပါတယ်။
၁။ စိုနေပြီး ရေထဲချထားသော သစ်သား
၂။ စိုတော့စိုတယ်။ ဒါပေမယ့် ကုန်းပေါ်မှာတင်ထားတဲ့သစ်သား
၃။ ခြောက်သွေ့ပြီး ကုန်းပေါ်တင်ထားတဲ့သစ်သား
ဆိုပြီး သစ်သားချောင်း သုံးခုပမာလေး ပေါ်လာပါတယ်။
           တစ်ခုစီပြန်ရှင်းတော့ ရေထဲချထားတယ်ဆိုတာ လက်ရှိကျင်လည်နေတဲ့ အနေအထားက မိသားစုဘ၀မှာနေတယ်။ မိသားစုနဲ့ လုံးလည်လိုက်နေတယ်။ လောကီအာရုံ၊ ကာမဂုဏ်ကြားမှာ ကျင်လည်နေရတယ်။ အဲလိုနေရတဲ့အထဲ စိတ်ကလည်းပဲ ဒီလောကီအာရုံ ကာမဂုဏ်တွေအပေါ် ခင်မင်တွယ်တာတဲ့စိတ်နဲ့ပဲ နေတဲ့လူဟာ တရားအားထုတ်ကြိုးပမ်းတဲ့အခါ ဖြစ်ပေါ်လာတဲ့ ဒုက္ခ အခက်အခဲကို မကျော်လွှားနိုင်ဘူး။ ဆိုလိုတာ စိုလည်းစိုတယ်။ ရေထဲလည်းချထားတယ်။ အဲဒီအတွက် တရားရဖို့ မလွယ်သောပုဂ္ဂိုလ်လို့ ရှင်းပြသွားပါတယ်။
          ဒုတိယတစ်ခုကတော့ စိုတော့စိုတယ်။ ကုန်းပေါ်တင်ထားတယ်တဲ့။ ဆိုလိုတာက နေထိုင်ကျင်လည်နေရတဲ့ဝန်းကျင်က မိသားစုဘ၀မှာမဟုတ်ဘူး။ မိသားစုဘ၀ထဲမှာ မနေဘူး။ အဲဒီအတွက် ကုန်းပေါ်တင်ထားတယ်လို့ ပြောထားတယ်။ ဒါပေမယ့် စိတ်ကကျ ကာမဂုဏ်အာရုံ တွေနဲ့ပဲ ပျော်မွေ့နေတယ်။ ဒါကြောင့် စိုနေတယ်လို့ ဆိုထားပါတယ်။ အဲလိုပုဂ္ဂိုလ်မျိုးဟာလည်း တရားအားထုတ်တဲ့အခါ တရားကို ထိုးထွင်းသိမြင်ဖို့ မဖြစ်နိုင်တော့ဘူးတဲ့။ စိတ်ကိုက ပျော်မွေ့နေ တာသည် ကာမဂုဏ်အာရုံထဲမှာနစ်မွန်းနေတယ်ဆိုတော့ တရားတွေ့ဖို့ အတော်ကို ဝေးသွားပြီပေါ့။
ဆရာတော်ကြီးဟောထားတာတော့ မဖြစ်နိုင်တော့ဘူးလို့ပြောပါတယ်။
          တတိယတစ်ခုကျတော့ ခြောက်သွေ့နေတယ်။ ကုန်းပေါ်မှာလည်းတင်ထားတဲ့ သစ်သား ချောင်းလို့ ပမာနှိုင်းထားတယ်နော်။ သူကျတော့ ရှင်းပါတယ်။ ကုန်းပေါ်တင်ထားလို့ မိသားစုဘ၀ ထဲမှာ မနေဘူး။ နောက်ခြောက်သွေ့နေတယ်လို့ပြောထားတာသည် စိတ်မှာလည်း ကာမဂုဏ် အာရုံကို ခင်မင်တွယ်တာစိတ် မရှိဘူးပေါ့။ မိသားစုဘ၀ထဲလည်းမနေ၊ ကာမဂုဏ်အာရုံတွေအပေါ် လည်းစိတ်ကမတွယ်ဆိုတော့ တရားအားထုတ်တဲ့အခါ အဖြစ်နိုင်ဆုံးပုဂ္ဂိုလ်ပဲပေါ့။
          ကျနော်အဖို့တော့ ဒီတရားကပေးတဲ့ ဥပမာလေးသုံးခုကိုက ထိလှပါပြီ။ ကိုယ့်ကိုယ်ကို ပြန်စမ်းစစ်ကြည့်နေမိပါပြီ။ ကုန်းပေါ်မှာလား? ရေထဲမှာလား? ဆိုတော့ ရေထဲမှာပဲ လက်ရှိ ကျင်လည်နေရတဲ့ဘ၀ဖြစ်နေတယ်နော်။ ဒါဆို နောက်တစ်ချက် ထပ်စစ်ကြည့်ပြန်တော့ စိုနေလား? ခြောက်နေလား?? ဆိုပြန်တော့ အော်….မတွေးရဲစရာပါပဲ။ စိုလွန်းတောင်နေမလားမပြောတတ်။ အင်း ငါ့ဘ၀နှယ် တရားအားထုတ်တဲ့အခါ အကျိုးများစေဖို့ ခြောက်သွေ့ဖို့တော့ အတော်ကြိုးစား ရဦးတော့မှာပါလားရယ်လို့ တွေးမိရင်းပဲ သစ်သားစိုကြီး ရေထဲချထားခံရတာနဲ့မခြားတဲ့ ကျနော့ အဖြစ်ကို သနားကရုဏာသက်မိရင်းသာ သက်ပြင်းရှည်ကြီးချလိုက်မိပါတော့သည်။

မှတ်ချက်။   ။ နာလိုက်ရတဲ့ တရားအား မိမိနားလည်သလိုပြန်လည်ရေးသားလိုက်ရတာမို့ အမှားပါခဲ့သော် ကျနော့၏လိုအပ်ချက်သာ ဖြစ်ပါကြောင်း။
                                                                                                                            စောသဇင်(မန္တလေး)

"ကုသိုလ် တွေ စစ်ကြည့်ကြပါစို့"




''ကောင်းမူကုသိုလ် ပြုခြင်းသည် ချမ်းသာသုခကို စုဆောင်းသည်မည်၏။ မကောင်းမှုအကုသိုလ်ပြု လုပ်ခြင်းသည် ဆင်းရဲဒုက္ခကို စုဆောင်းနေသည် မည်၏'' ။
(ဓမ္မပဒ)

ပါဠိလို ကုသလ၊ မြန်မာလိုကုသိုလ်ဟုခေါ်တွင်သည်။ ဤကုသိုလ်၏ ဆန့်ကျင်ဘက် ဝိရောဓိတရား မှာ အကုသလ - အကုသိုလ် ပင်ဖြစ်သည်။ ယင်းစက်ဆုတ်ဖွယ်ရာ အကုသိုလ်တရားတို့ကို ဖျက်ဆီးပစ်ခြင်း၊ စိတ်အစဉ်မှာ ကင်းကွာစေခြင်းကြောင့် ကုသိုလ်ဟုခေါ်သည်။
မှန်၏။ အကုသိုလ် တရားတို့ကို ဖျက်ဆီး ကာကွယ်ရာတွင် မဟာကုသိုလ်တို့က တဒင်္ဂပဟာန်အားဖြင့် အခိုက်အတန့်ပယ်ခွာသည်။ မဟဂ္ဂုတ် ကုသိုလ်တို့ကား ဝိက္ခမ္ဘန ပဟာန်အားဖြင့် အချိန်အခါကြာမြင့်စွာ ပယ်ခွာသည်။ မဂ်ကိုသိုလ်တို့ကား သမုစ္ဆေဒပဟာန်အားဖြင့် နောက်ထပ် မဖြစ်ရန် အပြီးသတ် ပယ်ခွာ သည်။
ထို့ကြောင့်ကုသိုလ်သည်......
(၁) မဟာကုသိုလ်
(၂) မဟဂ္ဂုတ်ကုသိုလ်
(၃) မဂ်ကုသိုလ်...ဟုကုသိုလ်သုံးမျိုးရှိကြောင်းသိနိုင်ပါသည်။ လူသားတို့သန္တာန်၌ ဤကုသိုလ် စိတ် တို့ဖြစ်ပေါ်နေလျှင် အခိုက်အတန့်ဖြစ်စေ၊ အချိန် ကြာမြင့် စွာဖြစ်စေ၊ လုံးဝဖြစ်စေ အကုသိုလ်တရား တို့ဖြစ်ပေါ် ခွင့်မရတော့ချေ။ အလားတူပင် ကုသိုလ်ကို ပုည - ကောင်းမှုဟုခေါ်၍၊ အကုသိုလ်ကို ပါပ - မကောင်းမှုဟုလည်း ခေါ်ကြသည်။ ခြုံငုံ၍ပြောရလျှင် ဒုစရိုက် ၁ဝ-ပါးလွန်ကြူးလျှင် မကောင်းမှုပြုသည်၊ အကုသိုလ်လုပ်သည်။ သုစရိုက် ၁ဝ - ပါးကိုလိုက်နာ ပြုကျင့်လျှင် ကောင်းမှုပြုသည်၊ ကုသိုလ်ပြုသည်ဟု ခေါ်ရလေသည်။ အထက်ပါ ကုသိုလ် ၃ မျိုးတွင် မဟဂ္ဂုတ်ကုသိုလ်နှင့် မဂ်ကုသိုလ် တို့ကား ဈာန်ရ မဂ်ရ ပုဂ္ဂိုလ်တို့နှင့်သာ သက်ဆိုင်၏။ ဤ၌ကား လူများစုနှင့် သက်ဆိုင်သော မဟာကုသိုလ်ကိုသာ ဆွေးနွေး တင်ပြပါမည်။

ကုသိုလ်ကောင်းမှုပြုရာ၌ ဝမ်းမြောက်ဝမ်းသာပြုလျှင် သောမနဿကုသိုလ် ဖြစ်၏၊ ဝမ်းမြောက် ဝမ်းသာ မဟုတ်ပဲ မှန်တန်းအနေနှင့်ပြုလျှင် ဥက္ခောကုသိုလ်ဖြစ် ၏။
ကံ ကံ၏အကျိုးကို သိရှိယုံကြည်ပြီး ပြုလျှင် ဥာဏသမ္ပယုတ်ကုသိုလ်ဖြစ်၍ ကံ ကံ၏အကျိုးကို မသိပဲပြုလျှင် ဥာဏဝိပ္ပယုတ်ကုသိုလ်ဖြစ်သည်။
သူများ တိုက်တွန်းမှု မပါလျှင် အသင်္ခါရိက ကုသိုလ်ခေါ်သည်။ တိုက်တွန်းမှုပါလျှင် သသင်္ခါရိက ကုသိုလ် ခေါ်ဆိုရလေသည်။ အနှီကုသိုလ်တို့ကို တွဲစပ်လိုက်သောအခါ အောက်ပါအတိုင်းဖြစ်သည်။
(၁) ဝမ်းသာ ဥာဏ်ယှဉ် မတိုက်တွန်းပဲပြုသော ကုသိုလ်၊
(၂) ဝမ်းသာ ဥာဏ်ယှဉ် တိုက်တွန်း၍ပြုသော ကုသိုလ်၊
(၃) ဝမ်းသာ ဥာဏ်မယှဉ် မတိုက်တွန်းပဲ ပြုသော ကုသိုလ်၊
(၄) ဝမ်းသာ ဥာဏ်မယှဉ် တိုက်တွန်း၍ ပြုသောကုသိုလ်၊
(၅) မှန်တန်း ဥာဏ်ယှဉ် မတိုက်တွန်းပဲ ပြုသောကုသိုလ်၊
(၆) မှန်တန်းဥာဏ်ယှဉ် တိုက်တွန်း၍ပြုသောကုသိုလ်၊
(၇) မှန်တန်းဥာဏ်မယှဉ် မတိုက်တွန်းပဲ ပြုသောကုသိုလ်၊
(၈) မှန်တန်းဥာဏ်မယှဉ် တိုက်တွန်း၍ ပြုသောကုသိုလ်ဟု ကုသိုလ် ၈-မျိုး ဖြာထွက်လာသည်။
ဤကုသိုလ် ဂ-မျိုးကိုပင် စိတ်နှင့်တွဲလိုက်သောအခါ မဟာကုသိုလ်စိတ် ၈-ပါး ဟုဖြစ်လာလေသည်။ ပုံစံအားဖြင့် ပြရလျှင် ခင်ဝင်းကြည် မဟာမြတ်မုနိဘုရားကြီးအား ဆွမ်း ရေ ချမ်း ဆီမီးပန်းတို့ကို ဝမ်းမြောက် ဝမ်းသာ ကပ်လှူ၏။ ကောင်းသောအမှုကို ပြုလျှင် ကောင်းသော အကျိုးကို ရမည်ဟုသိလျှက် မြတ်ဗုဒ္ဓ၏ ဂုဏ်တော်တို့ကို ရည်စူး၍ပူဇော်၏။ ဤသို့ဆွမ်းရေချမ်း ဆီမီးပန်းတို့ကို ဘုရားကပ်လှူရန် မည်သူကမျှ လည်း မတိုက်တွန်းရပေ။ ဤသို့ဆိုလျှင် ခင်ဝင်းကြည်လေး၏ သန္တာန်၌ ဖြစ်ပေါ်နေသော ကုသိုလ်စိတ်ကို ''ဝမ်းသာဥာဏ်ယှဉ် ၊ မတိုက်တွန်းရပဲပြုသော ကုသိုလ်စိတ်''ဟုခေါ်ဆိုရပေမည်။ မိဘတို့က ခိုင်းစေ၍ လုပ်ရသည် ဆိုလျှင်ကား တိုက်တွန်း၍ပြုသော ကုသိုလ်စိတ်သာဖြစ်ရပေမည်။
အခြားကုသိုလ်စိတ် ဖြစ်နိုင်ပုံကိုလည်း ဤအတိုင်းပင်မှန်းဆ၍ သိနိုင်လောက်ပါပြီ။ လူသားတို့၏သန္တာန်၌ ကုသိုလ်စိတ်ဖြစ်သမျှ ဤ ၈-မျိုးသာဖြစ်ကြောင်း မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ၌ တိကျပိုင်းခြား၍ ထားခဲ့လေသည်။
ကုသိုလ်ကောင်းမှုပြုခြင်း (ပုညာယူဟန)သည်လည်း ၆-မျိုးရှိပြန်သည်။
(၁) မိမိသဘောအတိုင်း ကောင်းမှုပြုခြင်း၊
(၂) သူတပါးကို အားကျ၍ ကောင်းမှုပြုခြင်း၊
(၃) ကိုယ်ထိလက်ရောက် သာဟတ္ထိကမြောက် ပြုခြင်း၊
(၄) ခိုင်းစေ၍ လက်လွှဲပြုခြင်း၊
(၅) ကံကံ၏အကျိုးကိုသိ၍ပြုခြင်း၊
(၆) ကံ ကံ၏အကျိုးကိုမသိဘဲပြုခြင်း- ဟု ၆-မျိုးရှိသည်။ (အဋ္ဌသာလိနီ-၂ဝ၅)
ဖော်ပြပါ ကုသိုလ်ကောင်းမှုပြုခြင်း ၆- မျိုးတွင် ဘယ်နည်းနှင့်ပြုပြု အထက်ပါကုသိုလ် ၆ မျိုး၌ အကျုံးဝင် သည်သာဖြစ်လေသည်။ ကံ ကံ၏အကျိုး ကိုသိ၍ ပြုခြင်းသည် ဥာဏ်ယှဉ်ကုသိုလ် ၄-မျိုးတွင် တမျိုးမျိုးဖြင့်ပြုသည်မည်၏။ ကံ ကံ၏အကျိုးကိုမသိဘဲပြုခြင်းကား ဥာဏ်မယှဉ်ကုသိုလ်လေးမျိုးတွင် တမျိုးမျိုး ဖြင့်ပြုသည်မည်၏။
ကျန်ကုသိုလ်ပြုနည်းတို့ကား မဟာကုသိုလ် ၈ မျိုးတွင် တမျိုးမျိုးဖြင့်ပြုခြင်း ဟုမှတ်ရပေမည်၊ ကုသိုလ် ၈-မျိုးကိုအဆင့် အတန်းခွဲလိုပါလျှင် ဥာဏ်ယှဉ်ပြုသော ကုသိုလ်လေးမျိုးသည် ဥာဏ်မယှဉ်မပါသော ကုသိုလ်လေးမျိုးထက် သာလွန်သည်။
ထိုဥာဏ်ယှဉ် ကုသိုလ်လေးမျိုးတွင်လည်း ဝမ်းမြောက် ဝမ်းသာပြုခြင်း၊ ဥာဏ်ယှဉ်၍ပြုခြင်း၊ သူတပါးတို့ မတိုက်တွန်းရဘဲ ပြုခြင်းဟုဆိုအပ်သော ပထမတန်းစား မဟာကုသိုလ်သာ အထူးချွန်ဆုံး အထက်မြက် ဆုံးဖြစ်ပေသည်။
ထိုကုသိုလ်ရှစ်မျိုးကိုပင် တိဟိတ်ကုသိုလ် ဒွိဟိတ်ကုသိုလ်ဟု ၂-မျိုးခွဲနိုင်သည်။ ကုသိုလ်ပြုရာ၌ ကံကံ၏ အကျိုးကို ယုံကြည်သော ကမ္မဿကတာ ဥာဏ်သည် အရေးကြီး၏။ ရုပ်နာမ်တရားတို့၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ရှုတတ်သော ဝိပဿနာ ဥာဏ်ဖြစ်လျှင် သာ၍ထက်မြက်၏။
ထို့ကြောင့် ကုသိုလ်ပြုစဉ် အခါဝယ် ကမ္မဿကတ ဥာဏ်ဖြစ်စေ၊ ဝိပဿနာဥာဏ်ဖြစ်စေ ဥာဏ် တစ်ခုခု ပါလျှင် တိဟိတ်ကုသိုလ် ဖြစ်သည်။ ထိုကဲ့သို့နားလည်သော ဥာဏ်မပါလျှင် (ကလေးငယ်လူရိုင်းတို့ကဲ့သို့ တော်စွာ လျော်စွာ အမှတ် တမဲ့ပြုလျှင်) ဒွိဟိတ်ကုသိုလ်ဖြစ်သည်။
+ ကုသိုလ်ပြုစဉ်၊ ကံကျိုးမြင်သိ၊ ဥာဏ်ယှဉ်ဘိ တိဟိတ်ကုသိုလ်ခေါ်။
+ ကံကျိုးမသိ၊ ဥာဏ်မရှိ၊ ဒွိဟိတ်ကုသိုလ်ခေါ်။

ထိုတိဟိတ် ဒွိဟိတ် ကုသိုလ်နှစ်မျိုးကိုပင် ဥက္ကဋ္ဌကုသိုလ် (မြင့်မြတ်သောကုသိုလ်) သြမကကုသိုလ် (အညံစားကုသိုလ်)ဟု ထပ်ဆင့်၍ ခွဲနိုင်ပြန်သည်။
မှန်၏- ကုသိုလ်ကောင်းမှု ပြုရာ၌ ပုဗ္ဗစေတနာနှင့် အပရစေတနာများလည်း များသောအားဖြင့် ပါရှိရ လေ သည်။ တစ်ချို့မှာ မလှူခင် ပုဗ္ဗစေတနာ အခိုက်၌ အလွန်ထက်သန်၏။ ကုသိုလ်နှင့်စပ်သော ဇောတွေ များစွာဖြစ် လျှက်ရှိ၏။ ကုသိုလ်ပြုပြီး၊ အထမြောက်ပြီး အပရစေတနာ အခိုက်မှာလည်း လွန်စွာ အားရ၏။
ပြုရပေပြီဟု ဝမ်းမြောက်လျှက်ရှိ၏၊ ထိုကုသိုလ်မျိုးသည် ရှေ့ရောနောက်ပါ ကုသိုလ်ဇောတွေ ခြံရံလျှက် ပါသောကြောင့် လွန်စွာအားရှိ၏။ ဥက္ကဋ္ဌကုသိုလ် (မြင့်မြတ် သော ကုသိုလ်) ဟုခေါ်ရ၏။
အချို့မှာမှု ပုဗ္ဗစေတနာအခိုက်၌ ဝမ်းမြောက်ဝမ်းသာမရှိ နှမြောတွန့်တိုခြင်း၊ တစ်စုံတစ်ရာအတွက် မကျေမနပ်ခြင်း၊ မိမိဂုဏ်သတင်းကြီး လိုခြင်းစသော အကုသိုလ် တွေရှေ့သွားလျှက်ရှိ၏။
ကုသိုလ်ပြုပြီး နောက် အပရစေတနာအခိုက်မှာလည်း ပြုမိ တာမှားမိလေခြင်းစသည်ဖြင့် နှလုံးမသာ မယာဖြစ်ရ၏။ ထို ကုသိုလ်မျိုးမှာ ရှေ့ရောနောက်ပါ အကုသိုလ်ခြံရံလျှက်ပါသောကြောင့် များစွာသော အာနိသင် မရှိ လှချေ။
သြမကကုသိုလ် (အညံစားကုသိုလ်) ဖြစ်ရလေသည်။
+ ရှေ့နောက်နှစ်ရပ်၊ ကုသိုလ်ညှပ်၊ ဥက္ကဌ်ဆင့်၍ခေါ်။
+ ရှေ့နောက်နှစ်တန်၊ အကုခြံ၊ တဖန်သြမကခေါ်။

ဤမျှဖြင့် ကုသိုလ်အကြောင်းနားလည်လောက်ပြီဖြစ်ပါသည်။ အလုပ်တစ်ခုခုလုပ်ရာတွင် ဦးတည် ချက် ရည်မှန်းချက်ထားရသကဲ့သို့ ကုသိုလ်ပြုရာ တွင်လည်း ဦးတည်ချက် ရည်ရွယ်ချက် (ပတ္ထနာ) ထားရပေ သည်။ ဤနိုင်ငံသားတို့သည် ကုသိုလ် ကောင်းမှုပြုရာ၌ တုံ့ဆိုင်းခြင်းမရှိပေ။စွန်ကြဲပေးကမ်း လှူဒါန်းရာ၌ လည်း စေတနာရက်ရောလှပေသည်။ ဤကုသိုလ်စေတနာတွေကြောင့် ဆန်ရေစပါးပေါများ၍၊ သယံဇာတ များ ကြွယ်ဝ လျက်ရှိနေခြင်းဖြစ်သည်ဟုဆိုရပေမည်။ နိုင်ငံသားတို့၌ အဖိုးထိုက်စွာ အမြစ်တွယ် လျှက်ရှိ နေသော ယင်းကုသိုလ် စေတနာလေးများ ချို့ယွင်း ပျက်သွားမည်ကို မိမိ အလွန်စိုးရိမ်မိ သည်။
ယင်းသို့ကုသိုလ် ကောင်းမှုပြုရာတွင် စေတနာမှန်သော်လည်း လုပ်နည်းလုပ်ဟန်လွှဲနေလျှင် အကျိုးရ နည်းပါးနိုင်ပါသည်။ ထို့ကြောင့် မည်သည့်ကောင်းမှု ပင်ပြုပြု လောကီချမ်းသာ လောကီ ပကာသနတွေကို မမျှော်ဘဲ မဂ်ဖိုလ်နိဗ္ဗာန် လောကုတ္တရာချမ်းသာတို့ကို ရည်မှန်း၍ ပြုသင့်လှပေသည်။
ဝေလာမပုဏ္ဏားကဲ့သို့ ထမင်းရည်ချောင်းစီးအောင်လှူသည်ပင်ဖြစ်စေ၊ လောကီင်္ချမ်းသာ၊ လောကီ ပကာသန တို့ကိုမျှော်၍ပြုလျှင်၊ မိစ္ဆာပဋိပဒါ- အသိလွဲအမြင်လွဲ၊ လုပ်နည်းလုပ်ဟန် လွဲမှားခြင်း သာဖြစ်၏။ တစ်ယောက်ချိုမျှ လောက်သော ယာဂုကိုလှူသည်ဖြစ်စေ၊ နိဗ္ဗာန်ချမ်းသာကိုရည်မှန်း၍ လှူဒါန်းလျှင် သမ္မာပဋိပဒါ - အသိမှန် အမြင်မှန်၊ လုပ်နည်း လုပ်ဟန်မှန်ကန်ခြင်းဖြစ်၏။
(သံယုတ် နိဒါနဝဂ္ဂကထာ-ပဋိပဒါသုတ် ၁၈-ရှု့)။
ထိုပြင်ကုသိုလ်ကောင်းမှု ပြုရာ၌ ''ဣဒံမေ ဒါနံ အာသဝက္ခယံ ဝဟံ ဟောတု၊ ငါ၏ ဤဒါနကောင်းမှု သည် အာသဝေါတရား ၄ ပါးတို့၏ ကုန်ရာနိဗ္ဗာန်ကို ပို့ဆောင်နိုင်ပါစေ"ဟု နှုတ်ဖြင့်ရွတ်ဆို၍ (ရည်မှန်း၍) ပြုလျှင် ဗောဓိဆု ၃ မျိုးကိုပင် အလိုလို ပြီးနိုင်ပါသည်။
ဗောဓိဆု ၃ မျိုးမှာ.....
(၁) သာဝကဗောဓိဆု- သာဝကအဖြစ်နှင့်သစ္စာလေးပါးကို သိမြင်ခြင်း။
(၂) ပစ္စေကဗောဓိဆု- ဘုရားငယ်တစ်ဆူအဖြစ်နှင့်အဖြစ်နှင့်သစ္စာလေးပါးကိုသိမြင်ခြင်း။
(၃) သမ္မာ သမ္ဗောဓိဆု- ဗုဒ္ဓအဖြစ်နှင့်သစ္စာလေးပါးကို သိမြင်ခြင်း။
မိမိတို့၏ ပါရမီအလျှောက် ဤဗောဓိဆုကြီးများ ပြီးမြောက်နိုင်ကြသည်ဟူလို။ ထို့ကြောင့် ကုသိုလ်ကောင်းမှု ပြုရာတွင် ကမ္မဿကတာဥာဏ်၊ ဝိပဿနာဥာဏ်နှင့် ယှဉ်သော ဥာဏသမ္ပယုတ် ကုသိုလ်ဖြင့်၎င်း၊ လောဘ ဒေါသစသော အကုသိုလ်တို့ မခြံရံ အထက်တန်းစား တိဟိတ်ကုသိုလ်ဖြင့်၎င်း၊ နိဗ္ဗာန်ကို ရည်မှန်း၍ ကြိုးပန်းအား ထုတ်နိုင်ကြပါစေရန် ရည်ရွယ်၍တင်ပြအပ်ပါသည်။
မှီငြမ်းကျမ်းကိုး-
-ဓမ္မဗျူဟာ (အတွဲ ၉၊ အမှတ်၁၂)

နှလုံး၊စိတ်ဝမ်း-ငြိမ်းချမ်းကြပါစေ။
မေတ္တာဖြင့်-

"လုံမငြိမ်းချမ်း"


25th, July.2013 (1:20pm

ကာမေသုမိစ္ဆာစာရနှင့် ပဋ္ဌါန်းပစ္စည်းတရား

 

 
တရားတော်က သေချာလွန်းလို့ ..ပါဏာတိပါတ၊ အိဒိန္နာဒါန၊...ဒီကာမေသုမိစ္ဆာစာရ အပြစ်ဒုစရိုက်ဆို ကြောက်စရာ လန့်စရာချည်း။
ဒီဗုဒ္ဓမြတ်စွာရဲ့ တရားတော်က တစ်ယောက်က တစ်ယောက်ကို တဏှာရာဂစိတ်နဲ့ ကြည့်ပြီးတော့နေရင်ပဲ ကာမေသုမိစ္ဆာစာရ၊ အဗြဟ္မစရိယရဲ့ ရှေ့ပြေးတဲ့။ တရားကဖြင့် မေထုန်ကလေးလို့ ဆိုတယ်။ နှစ်ယောက်အတူတူ ပူးတွဲပြီး အိပ်နေမှ မေထုန်မဟုတ်ဘူး။ တစ်ယောက်က တစ်ယောက် ကြည့် နေပြီး တော့ သာယာနေလျှင် မေထုန်ပါပဲ။ အကုသိုလ် လောဘ ဖြစ်မနေဘူးလား။ အကုသိုလ် လောဘတွေ ဖြစ်နေတော့ လောဘတွေ ဟေတုသတ္တိနဲ့ စိတ်တွေ၊ စေတသိက်တွေ လောဘနဲ့ လိုက်လာပြီး အဲရုပ်ကလဲ ဒီရုပ်တွေ ဖြစ်နေတော့ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးတော့ မျက်စိက ရုပ်တွေက ဒီတော့ ဒီမှာ မေထုန်။ တစ်ယောက်နှင့် တစ်ယောက် စကားပြောတဲ့အခါမှာ နားစိုက်ပြီးတော့ သာယာနေတယ်။ မေထုန်ပါပဲ။ မေထုန်ပါပဲ။
တစ်ခါ ဒီလိုတော့ အသံမကြားရဘူး။ သူကပေးတဲ့ပစ္စည်းကြည့်ပြီးတော့ သာယာပြီးတော့နေတယ်။ ဒါဟာမေထုန်ပါပဲ။ ဗုဒ္ဓမြတ်စွာကလေ ကာမေသုမိစ္ဆာစာရအတွက်၊ အဗြဟ္မစရိယအတွက် သန့်ရှင်း စေချင်လွန်း လို့ ကြည့်တာရှုတာ၊ နားထောင်တာ၊သုံးစွဲတာကစပြီးတော့ အကုန်လုံး သန့်ရှင်းအောင် ကြိုးစားနေရမယ်လို့ မဃဒေ၀လင်္ကာမှာ တောထွက်တော်မူမယ်လို့ဆိုတော့ သူ့မိဖုရားက သူလိုက်ပြီးတော့ တောထဲမှာပေါ့လေ ရေပူ၊ ရေချမ်း ကမ်းလှမ်းပြီးတော့ ပြုစု လုပ်ကျွေးပါ့မယ်ဆိုတဲ့ အတောင်းအပန်မျိုးနဲ့ တောင်းပန်စကား ပြန်ပြောတဲ့အခါမှာ တယ်ကောင်း…..
“ငါးပါးသံသဂ်၊ မရောယှက်ဘဲ၊ တောထွက်ပြီးကာ၊ ခွာကြီးခွာ၍”  ငါးပါးသံသဂ်ဆိုတာ “ဒဿနသံသဂ္ဂ” မြင်နေတာလဲ တစ်ယောက်နဲ့တစ်ယောက် ရောနေတာပဲ။ “သ၀နသံသဂ္ဂ” တစ်ယောက်စကား တစ်ယောက် အသံကြားနေတာလဲ “သ၀နသံသဂ္ဂ” ရောနေတာပဲတဲ့။ သူ့ပစ္စည်းကို သုံးစွဲနေတာလဲ “သံသဂ္ဂ” ရောနေတာပဲ။ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့ပြီးနေတာလ“ကာယသံသဂ္ဂ”ရာနေတာပဲ။ တစ်ယောက်ကိုတစ်ယောက် က ဖက်ပြီးတော့ နေတာလဲ ရောနေတာပဲ။ အဲဒီငါးမျိုးစလုံး ငါမရောက်စေရဘူး။
“ငါးပါးသံသဂ်၊ မရောယှက်ဘဲ၊ တောထွက်ပြီးကာ၊ ခွာကြီးခွာ၍၊ မဟာနေက္ခမ္မ၊ သင်္ကပ္ပဖြင့်၊ မာတင်္ဂကြီး၊ တောခိုမှီးသို့၊ ကိုယ်တည်းအောင်းခို၊ ဗြဟ္မစိုရ်ဖြင့်၊ အလိုတော်ပြည့်၊ ပြည့်အောင်ဖြည့်ပိမ့်၊ ငါ၏နောက်တော်၊ တစ်ယောက်သော်မျှ၊ မခေါ်အပို၊ ဖော်မလိုသည်၊ ရွှေကိုယ်သက်သက် ရှင်းရှင်းတည်း။”
သာဓု သာဓု သာဓု။

မှတ်ချက်။    ။ အရှင်ဇနကာဘိဝံသ၏ အခြေပြုပဋ္ဌါန်းတရားတော် စာအုပ်မှ ထုတ်နုတ်ဝေမျှပါသည်။