Friday, July 26, 2013

စိုလည်းစို အစိမ်လည်းခံရတဲ့ဘ၀နှယ်

အပြင်မှ ပြန်ရောက်ရောက်ချင်း TV ခလုတ်ကိုတန်းနှိပ်လိုက်မိသည်။ နာရီကိုကြည့်တော့ နေ့လည် တစ်နာရီခွဲပြီ။ အော် နောက်ကျပြန်ပေါ့။ နေ့ခင်းဖက် ၁နာရီမှ ၂ နာရီထိ MRTV4 တွင်လာနေကျ တရားလေး တော်တော်တောင် ရောက်နေပြီပေါ့။
          ပါချုပ်ဆရာတော်၏ အေးဆေးတည်ငြိမ်သော အသံတော်ကို စကြားရပါပြီ။ ရောက်တဲ့ နေရာမှ စနာရပြီပေါ့။ ၀ါဆိုလပြည့်နေ့မှစလို့ ဘုရားဖြစ်တော်စဉ်ကို ခုနှစ်ရက်တိုင် ဟောကြားပေး မယ့် အစီအစဉ်အရ ဒီနေ့ဆို သိဒ္ဓတ္ထမင်းသား တောထွက်ခန်းရောက်ပေါ့။ မှီသမျှ နာလိုက်ရတဲ့ တရားတော်လေးက မိမိတို့အား စမ်းစစ်နိုင်စေဖို့ မီးမောင်းထိုးပြနေပါပြီ။
          “ဘုရားလောင်းရဲ့ သန္တာန်မှာ တစ်ခါမှ မတွေးဘူးတဲ့ အတွေးလေး ၀င်လာပါတယ်………....”
အဲဒါကတော့ သစ်သားသုံးချောင်းနဲ့ ပမာနှိုင်းလို့ တရားအားထုတ်လို့ တရားရနိုင်၊ မရနိုင်ဆိုတဲ့ အနေအထားကို ခုလို ယှဉ်လို့ အတွေးပေါ်လာပါတယ်။
၁။ စိုနေပြီး ရေထဲချထားသော သစ်သား
၂။ စိုတော့စိုတယ်။ ဒါပေမယ့် ကုန်းပေါ်မှာတင်ထားတဲ့သစ်သား
၃။ ခြောက်သွေ့ပြီး ကုန်းပေါ်တင်ထားတဲ့သစ်သား
ဆိုပြီး သစ်သားချောင်း သုံးခုပမာလေး ပေါ်လာပါတယ်။
           တစ်ခုစီပြန်ရှင်းတော့ ရေထဲချထားတယ်ဆိုတာ လက်ရှိကျင်လည်နေတဲ့ အနေအထားက မိသားစုဘ၀မှာနေတယ်။ မိသားစုနဲ့ လုံးလည်လိုက်နေတယ်။ လောကီအာရုံ၊ ကာမဂုဏ်ကြားမှာ ကျင်လည်နေရတယ်။ အဲလိုနေရတဲ့အထဲ စိတ်ကလည်းပဲ ဒီလောကီအာရုံ ကာမဂုဏ်တွေအပေါ် ခင်မင်တွယ်တာတဲ့စိတ်နဲ့ပဲ နေတဲ့လူဟာ တရားအားထုတ်ကြိုးပမ်းတဲ့အခါ ဖြစ်ပေါ်လာတဲ့ ဒုက္ခ အခက်အခဲကို မကျော်လွှားနိုင်ဘူး။ ဆိုလိုတာ စိုလည်းစိုတယ်။ ရေထဲလည်းချထားတယ်။ အဲဒီအတွက် တရားရဖို့ မလွယ်သောပုဂ္ဂိုလ်လို့ ရှင်းပြသွားပါတယ်။
          ဒုတိယတစ်ခုကတော့ စိုတော့စိုတယ်။ ကုန်းပေါ်တင်ထားတယ်တဲ့။ ဆိုလိုတာက နေထိုင်ကျင်လည်နေရတဲ့ဝန်းကျင်က မိသားစုဘ၀မှာမဟုတ်ဘူး။ မိသားစုဘ၀ထဲမှာ မနေဘူး။ အဲဒီအတွက် ကုန်းပေါ်တင်ထားတယ်လို့ ပြောထားတယ်။ ဒါပေမယ့် စိတ်ကကျ ကာမဂုဏ်အာရုံ တွေနဲ့ပဲ ပျော်မွေ့နေတယ်။ ဒါကြောင့် စိုနေတယ်လို့ ဆိုထားပါတယ်။ အဲလိုပုဂ္ဂိုလ်မျိုးဟာလည်း တရားအားထုတ်တဲ့အခါ တရားကို ထိုးထွင်းသိမြင်ဖို့ မဖြစ်နိုင်တော့ဘူးတဲ့။ စိတ်ကိုက ပျော်မွေ့နေ တာသည် ကာမဂုဏ်အာရုံထဲမှာနစ်မွန်းနေတယ်ဆိုတော့ တရားတွေ့ဖို့ အတော်ကို ဝေးသွားပြီပေါ့။
ဆရာတော်ကြီးဟောထားတာတော့ မဖြစ်နိုင်တော့ဘူးလို့ပြောပါတယ်။
          တတိယတစ်ခုကျတော့ ခြောက်သွေ့နေတယ်။ ကုန်းပေါ်မှာလည်းတင်ထားတဲ့ သစ်သား ချောင်းလို့ ပမာနှိုင်းထားတယ်နော်။ သူကျတော့ ရှင်းပါတယ်။ ကုန်းပေါ်တင်ထားလို့ မိသားစုဘ၀ ထဲမှာ မနေဘူး။ နောက်ခြောက်သွေ့နေတယ်လို့ပြောထားတာသည် စိတ်မှာလည်း ကာမဂုဏ် အာရုံကို ခင်မင်တွယ်တာစိတ် မရှိဘူးပေါ့။ မိသားစုဘ၀ထဲလည်းမနေ၊ ကာမဂုဏ်အာရုံတွေအပေါ် လည်းစိတ်ကမတွယ်ဆိုတော့ တရားအားထုတ်တဲ့အခါ အဖြစ်နိုင်ဆုံးပုဂ္ဂိုလ်ပဲပေါ့။
          ကျနော်အဖို့တော့ ဒီတရားကပေးတဲ့ ဥပမာလေးသုံးခုကိုက ထိလှပါပြီ။ ကိုယ့်ကိုယ်ကို ပြန်စမ်းစစ်ကြည့်နေမိပါပြီ။ ကုန်းပေါ်မှာလား? ရေထဲမှာလား? ဆိုတော့ ရေထဲမှာပဲ လက်ရှိ ကျင်လည်နေရတဲ့ဘ၀ဖြစ်နေတယ်နော်။ ဒါဆို နောက်တစ်ချက် ထပ်စစ်ကြည့်ပြန်တော့ စိုနေလား? ခြောက်နေလား?? ဆိုပြန်တော့ အော်….မတွေးရဲစရာပါပဲ။ စိုလွန်းတောင်နေမလားမပြောတတ်။ အင်း ငါ့ဘ၀နှယ် တရားအားထုတ်တဲ့အခါ အကျိုးများစေဖို့ ခြောက်သွေ့ဖို့တော့ အတော်ကြိုးစား ရဦးတော့မှာပါလားရယ်လို့ တွေးမိရင်းပဲ သစ်သားစိုကြီး ရေထဲချထားခံရတာနဲ့မခြားတဲ့ ကျနော့ အဖြစ်ကို သနားကရုဏာသက်မိရင်းသာ သက်ပြင်းရှည်ကြီးချလိုက်မိပါတော့သည်။

မှတ်ချက်။   ။ နာလိုက်ရတဲ့ တရားအား မိမိနားလည်သလိုပြန်လည်ရေးသားလိုက်ရတာမို့ အမှားပါခဲ့သော် ကျနော့၏လိုအပ်ချက်သာ ဖြစ်ပါကြောင်း။
                                                                                                                            စောသဇင်(မန္တလေး)

No comments:

Post a Comment