Monday, June 30, 2014

ခေါက်ဆွဲစားသူများ (ခေါက်ဆွဲစားသူများ)


မေတ္တာဥာယျာဉ်မှကူးယူပါသည်

ဂန္ထ၀င် ဟော်လန် ပန်းချီဆရာကြီး ဗင်းဆင့်ဗင်ဂိုရဲ့ ကမ္ဘာကျော် ပန်းချီကား “အာလူး စားသူများ”ကို အားကျ တုပ လိုက်တာတော့ မဟုတ်ပါဘူး။ ပရဟိတ လူငယ်မောင်မယ်တွေ ဦးဆောင် ကျင်းပတဲ့ တရားပွဲ တစ်ခုမှာ “ရင်ထဲက ဘောလုံးပွဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောရင်းက စပ်မိပြီး ပြောဖြစ်ခဲ့တဲ့ ခေါက်ဆွဲစားသူများ အကြောင်းပါ။
          “ရင်ထဲက ဘောလုံးပွဲ” ဆိုတာ မိမိက ခေတ်မီအောင် အဆန်းတည်ထွင် အမည်ပေးပြီး ဟောကြားတဲ့ အကြောင်း အရာတော့ မဟုတ်ပါဘူး။ တိပိဋကဓရ (ယော)ဆရာတော် ဘုရားကြီး အမည်ပေး ဟောကြားထားတဲ့ “ခန္ဓာကိုယ်ထဲ ဘောလုံးပွဲ” ဆိုတဲ့ အကြောင်း အရာပါပဲ။
          လူတိုင်းရဲ့ ခန္ဓာကိုယ်ထဲမှာ “စိတ်”ဆိုတဲ့ ဘောလုံး ကလေးကို “ကဏှပက္ခ = အမည်းရောင် အသင်း” လို့ အမည်ရတဲ့ အကုသိုလ် သင်းနဲ့ “သုက္ကပက္ခ = အဖြူရောင်သင်း”လို့ အမည်ရတဲ့ ကုသိုလ် သင်းတို့ အပြိုင်အဆိုင် အလုအယက် ကစားနေတဲ့ ဘောလုံး ပွဲကြီးဟာ နိုးချိန်ကစပြီး အိပ်ပျော်နေချိန် အထိ နေ့စဉ်မပြတ် ဆင်နွှဲနေပါတယ်။
 
          သုဂတိ လူ့ဘုံဆိုတာ ကုသိုလ်ကံကြောင့် ရရှိထားတဲ့ ဘ၀ဖြစ်တဲ့ အတွက် ကိုယ့်အိမ်ကွင်း ဖြစ်တဲ့ ဒီဘောလုံးပွဲမှာ ကိုယ့်အသင်းက အဖြူရောင်ဖြစ်တဲ့ ကုသိုလ်သင်းပါ။ အခုလို သာသနာတော်တွင်း ကာလနဲ့ ကြုံခိုက်မှာ “ဗုဒ္ဓံသရဏံ ဂစ္ဆာမိ = မြတ်စွာဘုရားကို အားထား ကိုးကွယ်ရာဟု သိမှတ် ဆည်းကပ်ပါ၏” လို့ အဓိဋ္ဌာန်ပြု တည်ဆောက် ထားကြတဲ့ ဗုဒ္ဓဘာသာဝင်များ အနေနဲ့ ကိုယ့်အသင်းဟာ ဘုရားရှင် ကိုယ်တော်တိုင် နည်းပြ လမ်းညွှန်ပေးမှုကို ခံယူ ရရှိထားတာ ဖြစ်လို့ နည်းစနစ်ပိုင်းရော နည်းဗျူဟာ ပိုင်းပါ အလွန်ပြည့်စုံ ကောင်းမွန်နေတာ သေချာပါတယ်။ ဒါဟာ ဘုန်းကံပါရမီ အလွန်ကြီးမား သူတို့သာ ရနိုင်တဲ့ အခွင့်ထူးကြီးပါ။
          ဒါပေမယ့် တကယ့် လက်တွေ့ မှာတော့ နည်းပြ ကောင်းနဲ့ လေ့ကျင့်ထားတဲ့ ကိုယ့်အသင်းက ကိုယ့်အိမ်ကွင်းမှာ ကိုယ့်ပရိသတ်ရဲ့ အားပေးမှု နည်းလွန်းတဲ့ အတွက် တစ်နေ့တာ စာရင်းချုပ် လိုက်ရင် အကုသိုလ် အသင်းကချည်း အနိုင်ရသလို ဖြစ်နေပါတယ်။ အဓိက ချွတ်ယွင်း ချက်ကတော့ ကိုယ့်အသင်းရဲ့ ခေါင်းဆောင်ဖြစ်တဲ့ “သတိ”တရား ပေါ့လျော့ မှုကြောင့်ပါ။ ဒါဟာ အခုခေတ် မှာတော့ မဟုတ်ပါဘူး ပဝေသ ဏီကတည်း ကပါ။ ဒါကြောင့်လည်း မြတ်ဗုဒ္ဓ သက်တော်ထင်ရှား ရှိစဉ်က နေ့စဉ်နေ့တိုင်း “အပ္ဗမာဒေန သမ္မာဒေထ ”လို့ အမြဲ တိုက်တွန်းတော် မူနေရတာပါ။
          ကိုယ့်အသင်းအတွက် မြတ်ဗုဒ္ဓ ချမှတ်ပေးထားတဲ့ နည်းစနစ်က “နောက်တန်းမှာ သီလသိက္ခာ မဂ္ဂင်သုံးပါး။ အလယ်တန်းက သမာဓိသိက္ခာ မဂ္ဂင်သုံးပါး။ ရှေ့တန်းက ပညာသိက္ခာ မဂ္ဂင်နှစ်ပါး” ဆိုပြီး ၃-၃-၂ စနစ်ဖြစ်ပါတယ်။ နည်းဗျူဟာ ပိုင်းအရကတော့ နောက်တန်းက “မကောင်းမှုရှောင် (၀ါရိတ္တသီလ)၊ ကောင်းမှုဆောင် (စာရိတ္တသီလ)” ကြရမှာ ဖြစ်ပြီး ရှေ့တန်းကတော့ အမည်းရောင် ဖြစ်တဲ့ တစ်ဖက်အသင်း လုံးဝ ရှုံးနိမ့်ပြီး စိတ်ဘောလုံးကို ကိုယ့်အသင်းက အပိုင် ကိုင်ထားနိုင်ရေး ဖြစ်တဲ့ “ဖြူအောင် စိတ်ကိုထား” နိုင် ကြဖို့ ဖြစ်ပါတယ်။
          ရင်ထဲက ဘောလုံးပွဲ ဆိုတာ ဘ၀ တစ်ခုလုံးကို ပုံလောင်းထားရတဲ့ အရေးအကြီးဆုံး ဘောလုံးပွဲကြီးပါ။ ဘာဖြစ်လို့လည်း ဆိုတော့ ရှုံးရင် သုဂတိဘုံက ထွက်ပြီး အပါယ်လေးဘုံ ဆိုတဲ့ ဒုဂ္ဂတိဘုံကို သွားရမှာဖြစ်ပြီး နိုင်ရင်တော့ အပါယ်ဘုံကို လုံးဝ ပြန်မသွားရတော့ဘဲ သုဂတိ အဆင့်ဆင့်ကနေ နိဗ္ဗာန်အထိ တက်ခွင့်ရကြမည့် “ရှုံးထွက်၊ နိုင်တက်” ပြိုင်ပွဲကြီး ဖြစ်လို့ပါပဲ။
          ကိုယ့်ဘ၀နဲ့ ဘာမျှ မပတ်သက်တဲ့ အပြင် ဘောလုံးပွဲ တွေမှာတော့ လူတွေဟာ ကိုယ့်အသင်း၊ ကိုယ်နိုင်စေချင်တဲ့ အသင်းကို စိတ်အား ထက်ထက်သန်သန် အားပေး တတ်ကြပေမယ့် ကိုယ့်ဘ၀ တစ်ခုလုံး လောင်းကြေး တင်ထားရတဲ့ ကိုယ့်ရင်ထဲက ဘောလုံးပွဲမှာတော့ ကိုယ့်အသင်းဖြစ်တဲ့ ကုသိုလ်သင်းဟာ မြန်မာပြည်သားများ ပီပီ မြန်မာမှုပြုနေ ကြတယ်လို့ ဆိုရ လောက်အောင်ပဲ မြန်မာ့ ဘောလုံးသင်းနဲ့ အတော်လေး တူနေတယ်။
          ဟုတ်တယ်လေ၊ ကြွေးကြော်သံအရ ကြည့်လိုက်ရင် မြန်မာ့ အားကစားကလည်း “ကမ္ဘာကို လွှမ်းစေရမည်” တဲ့။ ဗုဒ္ဓဘာသာ ၀င်တို့ရဲ့ ကြွေးကြော်သံကရော ဘာထူးလဲ၊ ပန်းတစ်ပွင့် ရေတစ်ခွက်ပဲ လှူလှူ “နိဗ္ဗာန ပစ္စယောဟောတု” ပဲ။ နိဗ္ဗာန်ဆိုတာ လောကုတ္တရာတရား။ လူနတ် ဗြဟ္မာဆိုတဲ့ လောက သုံးပါးလုံးကို ကျော်လွန်တဲ့ တရားဆိုတော့ “လောက သုံးပါးလုံးကို လွှမ်းစေရမည်” ဆိုတဲ့သဘောပဲ။
          ကြွေးကြော်သံ ဆိုတာ လုပ်ဆောင်ချက်နဲ့ အကောင်အထည် ဖော်ရမှာလေ။ စာရေးဆရာ ထက်ခေါင် ပြောသလို “လွှမ်း” ချင်တယ်ဆိုရင် “လှမ်း”နေရမှာ။ “လွှမ်း”ဆိုတဲ့ နေရာမှာ ပုဂ္ဂိုလ်ရဲ့တာဝန်က “ဟထိုး” လေးပဲထည့်ပြီး “လှမ်း” ရမှာ။ “၀ဆွဲ”က ပုဂ္ဂိုလ်ရဲ့ တာဝန် (ပုဂ္ဂလဗျာပါရ) မဟုတ်ဘူး၊ လုပ်ဆောင်ချက်ရဲ့ အကျိုးအဖြစ်နဲ့ ရောက်လာရမှာ ဖြစ်လို့ ဓမ္မရဲ့ တာဝန် (ဓမ္မဗျာပါရ) ဖြစ်တယ်။ မှီအောင်လှမ်း နိုင်ရင် ညီသွားမယ်။ ကျော်အောင် လှမ်းလိုက်ရင် လွှမ်းသွား မှာပဲ မဟုတ်လား။
          ပုဂ္ဂလ ဗျာပါရဖြစ်တဲ့ “ဟထိုး” ကိုတော့ မထည့်ကြဘဲ ဓမ္မဗျာပါရဖြစ်တဲ့ “၀ဆွဲ”ကို ဇွတ်အတင်း ထည့် နေကြတော့ ဒီကြွေးကြော်သံကို တွေ့ရတိုင်း ဆရာငြိမ်းကျော်ရဲ့ လူကြိုက်များတဲ့ ၀တ္ထုတစ်ပုဒ်ကို ပြေးပြီး သတိရမိတယ် “လွမ်းလို့ ကျန်ရစ်ခဲ့မှာကို အားနာပါတယ်လေ”တဲ့။
----------------
ဒီနေ့ ပရဟိတ လူငယ် မောင်မယ်တွေရဲ့ ကြိုးစား လုပ်ဆောင်နေမှုကို ကြည့်လိုက်မယ် ဆိုရင် မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်ဆိုတဲ့ သီလသိက္ခာအရ အတော်လေး တာဝန်ကျေကြတဲ့ အတွက် နောက်တန်း ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဘောလုံးပွဲ တစ်ပွဲမှာ နောက်တန်းခံစစ် လုံရင် တစ်ဖက်သင်းက ဂိုးမရှူးနိုင်တဲ့ အတွက် “မရှုံးဘူး”လို့တော့ ပြောလို့ရပါတယ်။ မရှုံးဘူးဆိုတော့ မထွက်ရဘူး ဆိုလည်း ပြောနိုင်ပါတယ်။ ဟုတ်ပါတယ် သီလ သိက္ခာလုံခြုံရင် သုဂတိဘုံက ထွက်ပြီး ဒုဂ္ဂတိဘုံကျရောက်ဖို့ အကြောင်း မရှိပါဘူး။
          မထွက်ရလို့ တက်ရမှာလား ဆိုရင်တော့ ဒီလိုတော့ ပြောလို့ မရသေးပါဘူး။ နောက်တန်းဆိုတာ ရှုံးတယ်နဲ့ မရှုံးဘူးကိုသာ အဆုံးအဖြတ် ပေးနိုင်တာမျိုးပါ၊ မရှုံးရင် မထွက်ရဘူးလို့ပဲ ပြောလို့ ရပါသေးတယ်။ တက်ရမယ် မတက်ရဘူးဆိုတာ ကတော့ ရှေ့တန်းက အနိုင်ဂိုး ရှူးနိုင်တဲ့အပေါ် မူတည်ပါတယ်။ ရှေ့တန်း ပညာသိက္ခာက ၀ိပဿနာ ပညာတာဝန်ကျေလို့ မဂ်ပညာ တစ်ခုလောက် အနည်းဆုံး ရအောင် ရှူးနိုင်မယ် ဆိုရင်တော့ နိဗ္ဗာန်ဖလား အပိုင်ရပြီဖြစ်လို့ အပါယ်လေးဘုံကို ဘယ်တော့မှ ပြန်မသွားရဘဲ တစ်ဆင့် တက်သွားပြီလို့ ဆိုနိုင်ပါတယ်။
ဒီအဆင့် ရောက်အောင် မတက်နိုင် သေးရင်တော့ မထွက်ရသေးဘူး ဆိုပေမယ့် အခိုင်အမာတော့ မဖြစ်သေးပါဘူး။ အချိန်မရွေး အပါယ်လေးဘုံဆီ ပြန်လည် သွားနိုင်ပါတယ်။
အဲ … “ပြန်လည် သွားနိုင်တယ်” ဆိုတာနဲ့ စပ်မိလို့ ပြောရဦးမယ်။ အပြင် ဘောလုံးပွဲ တွေမှာ “ခေါက်ဆွဲစားတယ်”ဆိုတဲ့ ဝေါဟာရတစ်ခု ရှိတယ်။ အမရပူရမှာ နေတုန်းက မန္တလေးတိုင်းမှာ ဘောလုံး ကစားရာမှာ နာမည်ကြီးသလောက် ခေါက်ဆွဲ စားရာမှာလည်း နာမည်ကြီးတဲ့ ရှေ့တန်းတိုက်စစ်မှူး ဘောလုံး သမားကြီး တစ်ဦးအိမ်မှာ ဆွမ်းခံရလို့ အတော် ရင်းနှီးခဲ့ ဘူးတယ်။ မိမိက ခေါက်ဆွဲ စားတယ်ဆိုတာ တကယ့်ခေါက်ဆွဲ ပြောတာမှတ်လို့ “ဘောလုံးသမားတွေ ခေါက်ဆွဲ စားတာဘာဖြစ်လို့ အပြစ်ပြောရတာလဲ” ဆိုတဲ့ အကြောင်း မေးကြည့်တော့ သူကရယ်ပါတယ်။
ခေါက်ဆွဲ စားတယ်ဆိုတာ အပြင်က စားစရာ ခေါက်ဆွဲ စားတာကို ပြောတာမဟုတ်ဘူး။ သရေဖြစ် ရင်တောင် အောက်ကြေး သမားဘက်က အနိုင်ရသွားနိုင်တဲ့ ပွဲမျိုးမှာ အောက်ကြေး ကစားသမား တွေဆီက ငွေကိုယူထားတဲ့ အထက်ကြေး ဘောလုံးအသင်းက ရှေ့တန်း ကစားသမားတွေ တစ်ဖက်အသင်းရဲ့ ဂိုးရှေ့မှာ ကိုယ့်ဆီ ဘောလုံး ရလာပြီဆိုရင် ဂိုးရှူးခွင့် ရပေမယ့် မရှူးဘဲ တစ်ဖက် အသင်းက ဖျက်ထုတ်ဖို့ အချိန်ရအောင် လိမ်ခေါက်ပြီး အချိန်ဆွဲ၊ နောက်ပြန်ဆွဲ လုပ်နေတာကို ပြောတာ။ အမှန်ကတော့ ခေါက်ဆွဲ လုပ်နေတာပါ။ ဒါကိုအပြင်က စားစရာ ခေါက်ဆွဲနဲ့ တင်စားပြီး “ခေါက်ဆွဲ စားတယ်”လို့ ပြောကြတာတဲ့။
အဲဒီသဘောမျိုးနဲ့ ပြောရမယ်ဆိုရင် ရင်ထဲက ဘောလုံးပွဲမှာလည်း ရှေ့တန်းဖြစ်တဲ့ ပညာသိက္ခာပိုင်း ရောက်ပြီဆိုရင် ဗုဒ္ဓဘာသာဝင် တော်တော် များများဟာ ခေါက်ဆွဲ စားသူတွေ ဖြစ်နေကြလို့ အနိုင်ဂိုး မရှူး နိုင်ကြတာကို တွေ့နေရတယ်။
          ဗုဒ္ဓဘာသာတို့ အနေနဲ့ ဘယ်လိုကုသိုလ် ကောင်းမှုမျိုးပဲ လုပ်လုပ် “နိဗ္ဗာန ပစ္စယောဟောတု” လို့ ဆိုကြတာ ချည်းပါပဲ။ တကယ်တန်း အလှူကြီး အတန်းကြီး လုပ်ကြလို့ ရေစက်ချမယ့် အချိန်ရောက်ပြီ ဆိုရင်တော့ လယ်တီဆရာတော် ဘုရားကြီးက “ဥတ္တမပုရိသဒီပနီ” ကျမ်းမှာ ရေးပြသလိုပဲ “နိဗ္ဗာနပစ္စယော”က အသံသဲ့သဲ့ ကလေးနဲ့ ပါလေကာမတ္တပဲ ပါတော့တယ်။ “အကြင်မျှလောက် ကာလပတ်လုံး နိဗ္ဗာန်ချမ်းသာကို မရရှိသေး၊ ထိုမျှလောက်ကာလ ပတ်လုံး သံသရာ၌ ကျင်လည်ရသည် ရှိသော်”ကစပြီး ရေစက်ချဆရာ အာဝဇ္ဇန်း ကောင်းရင် ကောင်းသလောက် သံသရာကျင်လည်ရေး တရားတွေကို တောင်းနေ ကြတဲ့အတွက် နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်တွေ ကြောင်ခြစ်သလို ဖြစ်ကုန်ကြတယ်တဲ့။
“ကုသိုလ်ကြောင်ခြစ် ဖြစ်တယ်” ဆိုတာ သစ်သား သင်ပုန်းကြီး တွေနဲ့ စာရေးတဲ့ခေတ်က သုံးတဲ့ စကားပါ။ သစ်သားမှာ ထမင်းရည်နဲ့ မီးသွေး မှုန့်သုတ်လိမ်းပြီး ရေးထားတဲ့ စာကိုကြောင် ကုတ်ခြစ်ပစ်တဲ့ အခါ စာလုံးတွေ ဖတ်မရ တော့ဘဲ ဖြစ်ကုန်တာကို ပြောတာ။ ကုသိုလ် ကြောင်ခြစ်တွေ လုပ်နေတာဟာ သံသရာ ၀ဋ်ဒုက္ခမှ လွတ်ရာ နိဗ္ဗာန်အတွက် လုပ်တဲ့ ကုသိုလ်တွေကို သံသရာနယ်ထဲ ပြန်လည်အောင် ခေါက်ဆွဲ လုပ်ပစ်ကြတာပဲ မဟုတ်လား။ ဒါကြောင့် ရင်ထဲက ဘောလုံးပွဲ တွေမှာလည်း ရှေ့တန်း ပညာသိက္ခာပိုင်း ရောက်ပြီဆိုရင် ခေါက်ဆွဲ စားသူတွေများပြီး အနိုင်ဂိုး မရှူးကြတဲ့ အတွက် သံသရာက မတက်နိုင်ကြသူတွေ များနေကြတယ်လို့ ပြောတာပါ။
--------------------
လောကီသားတွေဟာ လောကထဲ နေကြသူတွေ ဖြစ်တဲ့အတွက် ရင်ထဲက ဘောလုံးပွဲတွေ ကလည်း နိဗ္ဗာန်ဖလားကို တိုက်ရိုက် ရည်မှန်းတဲ့ ဓမ္မဘောလုံး ပွဲတွေချည်း ကစား နေကြရတာ မဟုတ်ပါဘူး။ ကိုယ်ကျင် လည်ရာ လောက အတွက် ကစားကြရတဲ့ လောက ဘောလုံးပွဲ တွေလည်း အများကြီး ကစား နေကြရတာပါ။ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစတဲ့ ဘောလုံးပွဲတွေပေါ့။
ပညာရေးမှာ ပညာကို အလေးမထားဘဲ အပျော်အပါးတွေ ကာလ ပေါ်ဆေးဝါးတွေ အသုံး ပြုနေကြတဲ့ သူတွေ။ စီပွားရေး လုပ်ရင်းက အပျော်အပါးတို့၊ လောင်းကစားတို့၊ အကြံအဖန် အကပ် အရပ်တွေနဲ့ ဖြတ်လမ်း နည်းစီးပွား ရှာချင်ကြသူတွေ စသည်ပေါ့။ ဒီလိုလူတွေလည်း ခေါက်ဆွဲ စားနေကြသူ တွေပါပဲ။
ဒီနေ့ ပရဟိတ လူငယ်မောင်မယ်တို့ အနေနဲ့ မိမိတို့ ပတ်ဝန်းကျင်မှာ အခုလို ပရဟိတ လုပ်ငန်းတွေကို လုပ်ဆောင် နေကြတာဟာ ကိုယ့်ရင်ထဲမှာ လူမှုရေး ဘောလုံးပွဲကြီး ဆင်နွှဲနေကြတာပါပဲ။ တချို့ဆိုရင် နိုင်ငံရေး အသင်းအဖွဲ့ တွေထဲမှာ ပါဝင်ပြီး နိုင်ငံရေး ဘောပွဲ ဆင်နွှဲနေကြသူတွေ လည်းရှိနေကြမှာပါ။
ဒီနေ့ ဂျာနယ်တွေ သတင်းစာတွေကို ဖတ်ကြည့်တဲ့အခါ နိုင်ငံရေး ဘောလုံးပွဲ ဆင်နွှဲ နေကြသူအချို့ ဆိုရင် စပြီး ကြွေးကြော် တုန်းကတော့ အပျံစား ဒီမိုကရေစီ နိုင်ငံကြီး ဖြစ်အောင် ချီတက်မယ့် အကောင်းစား အစိုးရ ဖြစ်စေဖို့ဆိုတဲ့ အသံတွေ မြည်ဟိန်း နေလို့ လက်ခုပ် လက်ဝါးတွေ အားရပါးရ တီးပြီး အားပေးမယ်မှ မကြံရသေးဘူး လိမ်ကွေ့ ခေါက်ဆွဲ လုပ်နေကြတဲ့ အကြောင်းတွေက နေ့စဉ်သတင်း တွေထဲမှာ အများဆုံး ပါနေကြတာ လူငယ် မောင်မယ်တွေလည်း တွေ့မိကြမှာပါ။
အရှိန်အဟုန်နဲ့ ချီတက်ပြီး ဒီမိုကရေစီ ဖလားကြီးနဲ့ အောင်ပွဲ ခံကြမယ်လို့ ကြွေးကြော်သံ ဟိန်းခဲ့ပြီးမှ ခေါက်ဆွဲ စားသူတွေ များနေရင်တော့ ကိုယ့်အသင်း ကောင်တာ ပေါက်ပြီး တစ်ဖက်အသင်း အချောင် ဂိုးနဲ့ အနိုင်ရသွားရင် ဘာဖြစ်သွားမယ် ဆိုတာ သိတယ်မို့လား။ ရှုံးထွက်ပွဲတို့ရဲ့ ထုံးစံအတိုင်း ရှုံးပြီးရင် ထွက်ရမှာပဲ။ သုဂတိဘုံက ထွက်ရရင် ဘယ်ရောက် သွားမယ်ဆိုတာ အားလုံးသိကြမှာပါ။
အခု တရားပွဲကြီး ကျင်းပတဲ့ လူငယ်မောင်မယ်တွေ အားလုံးဟာ ကိုယ့်လုပ်ငန်းနဲ့ ကိုယ့်ပန်းတိုင်ကို သဘောပေါက်ပြီး မျက်ခြည် မပြတ်ကြစေဖို့ အထူးသတိ ထားကြရပါလိမ့်မယ်။ “ပရဟိတ အလုပ်”ဆိုတာ အများအကျိုးကို ဆောင်ရွက် နေကြတာပါ။ ဘာရည်မှန်းချက်နဲ့ လည်းဆိုတာ အထူး ပြောဖို့ မလိုပါဘူး “အများ ချမ်းသာဖို့”ပါပဲ။
ဒီလုပ်ငန်းမှာ ပါဝင်ကြတဲ့ လူငယ် မောင်မယ်တွေအနေနဲ့ ကိုယ့်ရည်မှန်း ချက်နဲ့ မျက်ခြည်ပြတ်ပြီး ကိုယ်ကျိုး ဖက်လာကြမယ်၊ အနည်းဆုံး ကိုယ့်အတွက် ဂုဏ်သတင်း ကျော်စော ခြင်းတွေကို တောင့်တလာ ကြမယ်။ နေရာရလိုမှု၊ အာဏာပြလိုမှု၊ ဗိုလ်ကျ လိုမှုတွေ ဖက်လာကြမယ် ဆိုရင် သိတယ်မို့လား “အောင်ပွဲ သွားတွေ” ဖြစ်ရမည့်အစား “ခေါက်ဆွဲ စားသူတွေ” ဖြစ်သွားကြမှာပဲ။
ဒီလို ဖြစ်သွားပြီ ဆိုရင်တော့ အချင်းချင်း ညီညွတ်မှုတွေ ပျက်ပြားပြီး ကောင်တာ ပေါက်သွားမှာ သေချာတယ်။ ကောင်တာပေါက်သွားရင် တစ်ဖက်အသင်းက အချောင်ဂိုးနဲ့ အနိုင် ရသွားမှာလည်း မိုးလက်ညှိုးထိုး မလွဲပဲ။ ကိုယ့်ရင်ထဲက ဘောလုံးပွဲဆိုတာ ခဏခဏလည်း ပြောခဲ့ပါပြီ။ ရှုံးရင်ထွက်၊ နိုင်ရင်တက်ရမှာလေ။ နိုင်တက် မဖြစ်ရင်တော့ ရှုံးထွက်က သေချာနေတာပဲ။
သုဂတိ လူ့ဘုံက ထွက်ရပြီဆိုရင် ဘယ်ရောက် သွားမလဲဆိုတာ ကတော့ မေးနေစရာ မလိုပါဘူး။ ငယ်ငယ်တုန်းက နားထောင်ဖူးတဲ့ ထွေးညို ပြဇာတ်ထဲက လိုပဲ “ကိုကြီးသာဒင် မြေကြီးခံ နေလို့နော်၊ မြေကြီးသာ မခံရင် အ၀ီစိ ရောက်သွားမယ်” ဆိုတာ မျိုးပါပဲ။ ဒါကြောင့် မောင်တို့ မယ်တို့ အလေးအနက် မှတ်ထားကြပါ။ ခေါက်ဆွဲ စားသူတွေ ဖြစ်နေရင်တော့ ချောက်ထဲ သွားသူတွေ ဖြစ်မှာလည်း မလွဲပါဘူး။
မောင်တို့ မယ်တို့ အားလုံး “ခေါက်ဆွဲစားပြီး ချောက်ထဲသွားသူ” မဖြစ်ကြဘဲ ရည်မှန်းချက် ပန်းတိုင်ကို မျက်ချည်မပြတ် ဆင်နွှဲနေကြတဲ့ “အောင်ပွဲ သွားသူတွေ” ဖြစ်ကြပါစေလို့ တိုက်တွန်း ဆုတောင်းလိုက်ပါတယ်။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
(၆-၅-၂၀၁၄)   

Saturday, June 28, 2014

ရက်အနည်းငယ် အတွင်းမှာ မျက်နှာကို ဖြူဖွေးအောင် လုပ်နိုင်တဲ့ နည်းလမ်းကောင်း


 လွမ်းမပြေသုတရပ်ဝန်း မှကူးယူပါသည် 


တကယ်လွယ်ပြီးတော့ တကယ်လည်း ကောင်းပါတယ်။ အသုံးပြုပြီးချိန်မှာ မျက်နှာတွင် သိသိ သာသာ ဖြူဝင်းသွားစေမှာ ဖြစ်ပါတယ်။ ငွေကြေး အကုန်အကျသက်သာပြီး အသုံးပြုရတာလည်း လွယ်ကူပါတယ်။

အသုံးပြုပုံကတော့

(၁) သန့်စင်သော ခွက်တစ်ခုကို ယူလိုက်ပါ။

(၂) ထိုခွက်ထဲသို့ ပျားရည် လက်ဖက်စားဇွန်း ၂ ဇွန်းထည့်လိုက်ပါ။

(၃) သကြားလက်ဖက်စားဇွန်း တစ်ဇွန်းကိုလည်း ထည့်လိုက်ပါ။

(၃) သံပုရာရည် အနည်းငယ် ညစ်ထည့်ပြီး မွှေလိုက်ပါ။ သာကူကြို ပုံစံမျိုးဖြစ်သွားတာကို တွေ့ရပါလိမ့်မယ်။

ထို့နောက် လက်ပေါ်ကို အရင်ဦးဆုံး သုတ်လိမ်းကာ စမ်းသပ်နိုင်ပါတယ်။ တကယ်အသားဖြူပြီး ထိရောက် တယ်ဆိုမှာသာ သင်၏ မျက်နှာပေါ်သို့ လိမ်းလိုက်ပါ။ ရက်အနည်းငယ်လိမ်းရုံမျှဖြင့် မျက်နှာပေါ်မှာ ရှိတဲ့ ဝက်ခြံ အဖုများ အမာရွက်များနှင့် တစ်ခြားအရာများကို သိသာထင်ရှားစွာ ပျောက်ကွယ်သွား ပါလိမ့် မယ်နော်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

*~~~စကား~~~*

ဓမ္မလက်တောင်မှကူးယူပါသည်



"စကား စကား ပြောပါများ
စကားထဲကဇာတိပြသတဲ့"
သိပ်မှန်ကန်တဲ့ ပညာရှိတွေရဲ့ဆိုရိုးစကား...
တလောကလုံး ပြောနေလိုက်ကြတဲ့စကားတွေ
သောသောညံညံ
အုံးအုံးကျက်ကျက်......

     စကားတွေကဒီလိုရှိတယ်......
သူခိုးက သူခိုးစကားပြောမယ်
 ဓါးမြက ဓါးမြစကားပြောမယ်
လူလိမ်က လူလိမ်စကားပြောမယ်
ဗီလိန်က ဗီလိန်စကားပြောမယ်
မသူတော်က မသူတော်စကားပြောမယ်
သူယုတ်မာက သူယုတ်မာစကားပြောမယ်
ဗာလနံက ဗာလနံစကားပြောမယ်
 မလည်ရှုပ်က မလည်ရှုပ်စကားပြောမယ်......
ဒီကြားထဲ 
နေရာတကာဟောင်ဖွာဟောင်ဖွာနဲ့ 
ယောင်ချာချာ အလုပ်မရှိ အကိုင်မရှိ
အချောင်နေ အချောင်စား
ဝင်ကစွပ်ကောင်လို
ဟိုလူ့ ပြေးကပ် ဒီလူ့ ပြေးကပ်
လူစကားမပြောတတ်တဲ့
Shameless...... Brainless......Worthless လည်းရှိတယ်......။

တန်ဘိုးမရှိတဲ့သူတွေ
တန်ဘိုးမဲ့တဲ့စကားတွေ
ပြောချင်သလောက်ပြောကြစမ်းပါစေ 
သူတို့ ပြောသမျှအကုသိုလ်ထုပ်တွေကို
လက်ဝေခံမလုပ်မိစေနဲ့ 
သက်သေခံအထုတ်အပိုးတွေယူပြီး
သူ့ စားရိတ်နဲ့ သူ ဒယ်အိုးထဲသွားပလေ့စေ......

ဘယ်သူတွေက ဘာပဲပြောပြော
သူတော်ကောင်းဖြစ်ချင်ရင်တော့
ဘုရားပြောတဲ့စကားပဲနားထောင်...
ကိုယ့်နှလုံးသားမှာ  ဗြဟ္မစိုရ်တရားမထားနိုင်သေးရင်တောင်
သူယုတ်မာတွေအတွက်ဆုတော့တောင်းပေးလိုက်ပါ...

ဒီလိုလေ...
မစင်ပါးစပ်နဲ့  ကျေနပ်အောင်ပြောပြီး
သင်တို့ ရဲ့ အ၀ီစိသွားရာလမ်းဖြောင့်ဖြူးပါစေလို့ ......။

Wednesday, June 25, 2014

သာသနာပြုသည်ဆိုရာဝယ်

copy from Dhamma Garden Centre
မန္တလေးမြို့၊ ပရိယတ္တိသာသနာ့တက္ကသိုလ်နေတုန်းက
အမေရိကမှာ သီတင်းသုံးနေတဲ့ ဆရာတော် ဦးဥာဏ၀ရ အလည်ပြနကြွလာတယ်။
ရောက်တုန်းရောက်ခိုက် သြ၀ါဒချီးမြှင့်တယ်။
သြ၀ါဒထဲမှာ
"သာသနာပြုပုဂ္ဂိုလ်ဟာ ၀ိဇ္ဇာနဲ့သာမက စရဏနဲ့ပါ ပြည့်စုံဖို့လိုအပ်ကြောင်း"
ထည့်သွင်းပြောကြားသွားတယ်။
သာသနာပြုရဟန်းတော်အနေနဲ့
တက္ကသိုလ်စာသင်ခန်းတွေထဲမှာ သင်ရတဲ့
အတတ်ပညာပြည့်စုံရုံနဲ့တင် မလုံလောက်ဘူး။
အကျင့်စရဏနဲ့လည်း ပြည့်စုံဖို့လိုအပ်ကြောင်း
ဆရာတော်ရဲ့သြ၀ါဒကို အဲဒီအချိန်အခါ တုန်းက နားလည်ခဲ့တယ်။
ဒါပေမဲ့ ပေါ့ပေါ့တန်တန်ပဲ သဘောထားခဲတယ်။
ဆရာတွေ သင်ကြားပေးတဲ့စာတွေကို ကောင်းကောင်းနှလုံးမသွင်းဖြစ်ခဲ့ဘူး။
ဆရာတွေ ညွှန်ကြားတဲ့ စာအုပ်တွေကို စိတ်ပါလက်ပါ မဖတ်ဖြစ်ခဲ့ဘူး။
စာမေးပွဲ အောင်ရုံပဲ လုပ်ဖြစ်ခဲ့တယ်။
အပေါင်းအသင်းတွေနဲ့ စကားပြော၊ ဝေဘန်၊
အကြောင်းမရှိ အကြောင်းရှာ မြို့ထဲလျှောက်သွား၊
ဒီလိုနဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ကုန်လွန်စေခဲ့တယ်။
အကျိုးဆက်ကတော့
ဆရာတော် ဦးဥာဏ၀ရပြောခဲ့တဲ့ ၀ိဇ္ဇာ (အတတ်ပညာ) မပြည့်စုံခဲ့တာဘဲ။
အခုအချိန်ကျမှ ရှိသမျှစာ ကုန်းရုန်းဖတ်နေရတော့
သာသနာပြုတဲ့နေရာမှာ ထင်သလောက် ခရီးမရောက်ဘူး။
ခေတ်စာရော ပိဋကတ်စာပေတွေကိုပါ နှံ့စပ်နိုင်သမျှ နှံ့စပ်အောင် ဖတ်မှတ်ရပါတယ်။
ဒါမှသာ တရားပွဲတွေမှာ မေးသမျှမေးခွန်းတွေကို ကောင်းကောင်းမွန်မွန် ဖြေဆိုနိုင်တာ။

(မှတ်ချက်။ နိုင်ငံခြားတရားပွဲများတွင် မြန်မာပြည်ဓမ္မကထိကဆရာတော်များကဲ့သို့
မျက်စိနှစ်လုံး စုံမှိတ်ကာ "သတည်း" ချရုံမျှဖြင့် မပြီးပါ။
တရားပွဲပြီးဆုံးသောအခါ အမေးအဖြေကဏ္ဍရှိပါသည်။
တရားဟောစဉ် တရားထဲတွင်ပါသော မရှင်းလင်းသော အချက်အလက်များကို
စာရွက်ဖြင့် တရားနာပရိသတ်တို့က ရေးမှတ်ထား၍ တရားပွဲပြီးချိန်တွင် မေးလေ့ရှိရာ
မေးသူတို့ ကျေနပ်သည်အထိ တရားဟောသူက ဖြေကြားပေးရပါသည်။)

ပရိယတ္တိသာသနာ့တက္ကသိုလ်ပညာရေးမှာ
ပဋိပတ်မကင်းသော ပရိယတ်သမားဖြစ်ဖို့အတွက်
နောက်ဆုံးနှစ် စာသင်သားရဟန်းတော်များ
သတိပဌာန်တရားအားထုတ်ရပါတယ်။
ဆရာတော်ဦးဥာဏ၀ရ ပြောခဲတဲ့ စရဏ (အကျင့်တရား)နဲ့ ပြည့်စုံဖို့ပင်။
ဒီလို တရားအားထုတ်စဉ်အချိန်တုန်းကလည်း
ငယ်ရွယ်သူဖြစ်သည့်အလျှောက် (ထိုစဉ်က ရဟန်းသုံးဝါသာရှိသေး)
စိတ်ပါလက်ပါ အားမထုတ်ဖြစ်ခဲ့ဘူး။
ဝတ်ကျေတမ်းကျေပင်။

အကျိုးဆက်ကတော့ သတိပဌာန်တရားအားထုတ်တဲ့သူတွေက
ပြဿနာတစုံတရာ မေးလာတဲ့အခါ
(ကိုယ်က သေသေချာချာ ဂဃနဏ အားမထုတ်ဘူးတဲ့အတွက်)
အခက်အခဲများစွာ တွေ့ရခြင်းပင်။
ဒါ့ကြောင့် သာသနာပြုမယ်ဆိုရင်
(အထူးသဖြင့်) နိုင်ငံခြားမှာ သာသနာပြုမယ်ဆိုရင်
ဝိဇ္ဇာ (အတတ်ပညာ) ရော စရဏ (အကျင့်တရား) ပါ ပြည့်စုံဖို့ အရေးကြီးပါတယ်။

ဝိဇ္ဇာ (အတတ်ပညာ)နဲ့ ဆက်စပ်ပြီး
မြန်မာစာပေ ပိဋကတ်စာပေတတ်ကျွမ်းထားရမည့်အပြင်
နိုင်ငံခြားသာသနာပြုရဟန်းဖြစ်ဖို့ အင်္ဂလိပ်စာ အင်္ဂလိပ်စကားလည်း တတ်ထားရပါမယ်။
ပိဋကတ်စာပေ ဘယ်လောက်ကျွမ်းကျင် ကျွမ်းကျင်
အင်္ဂလိပ်စကားမတတ်ရင် သာသနာပြုတဲ့နေရာမှာ ခရီးရောက်မှာ မဟုတ်ဘူး။

မန်း၊ သာသနာ့တက္ကသိုလ်တက်တုန်းက အင်္ဂလိပ်စကားပြောတတ်ချင်လွန်းလို့
ညနေဆိုရင် မန္တလေးတောင်ပေါ်တက်ပြီး နိုင်ငံခြားသားတွေနဲ့
အင်္ဂလိပ်စကားလိုက်ပြောရတာလည်းအမောပါပဲ။

ထိုစဉ်အခါတုန်းက မင်းကွန်းဘက်ကပြန်လာတဲ့ နိုင်ငံခြားသားတစ်ယောက်နဲ့
မန္တလေးတောင်ပေါ်မှာတွေ့တယ်။
အင်္ဂလိပ်စကားထိုက်သင့်သလောက်ပြောတတ်နေတဲ့ စာရေးသူ့ကို
"ဘွဲ့ဘယ်နှစ်ခုရပြီလဲ" လို့ မေးတယ်။
အဲတုန်းက သာသနတက္ကသီလဓမ္မာစရိယဘွဲ့ရပြီးခါစဆိုတော့
"တစ်ဘွဲ့ရပြီးပြီ" လို့ ပြောရတာပေါ့။
ဒီတော့ "ခင်ဗျားက တစ်ဘွဲ့ပဲ ရသေးတာ၊ အင်္ဂလိပ်စကား အတော်ပြောနိုင်သားပဲ၊
ဟိုဘက်ကမ်းက ဘုန်းကြီးတွေက ပြောတယ်၊ သူတို့ ကိုးဘွဲ့ရပြီးပြီတဲ့၊
ဒါပေမဲ့ ခင်ဗျားလို အင်္ဂလိပ်စကား မပြောတတ်ဘူး" လို့
နိုင်ငံခြားသားက အံ့သြတကြီး ပြောတယ်။
နိုင်ငံခြားမှာတော့ မြန်မာပြည်မှာလို ဘွဲ့ကြီးတွေကို
နံရံတွေမှာချိတ်ပြီး လာသမျှ ဒကာ ဒကာမတွေကို
ဘုန်းဘုန်းက ၉ ဘွဲ့ရပါ၊ ဘုန်းဘုန်းက ၁၂ ဘွဲ့ရထားတာပါလို့ပြောပြီး
သာသနာပြုလို့ မရပါဘူး။
လုပ်ရည်ကိုင်ရည်က အရေးကြီးပါတယ်။

အသက်ကြီးတိုင်းလည်း နိုင်ငံခြားမှာ နေရာမရပါဘူး။
သာသနာပြုတဲ့စွမ်းရည်ဟာ အသက်ကြီးတာ (၀ါကြီးတာ)နဲ့ မဆိုင်ပါဘူး။
အရည်အချင်းရှိတဲ့သူက ပလ္လင်ပေါ်တက်ရတာပါ။
အသက်ထက် (၀ါထက်) အရည်အချင်းက ပိုအရေးကြီးပါတယ်။
ဒါဟာ သဘာဝကျပြီး "မြတ်စွာဘုရားရဲ့မူ" လို့ပြောမယ်ဆို ပြောလို့ရပါတယ်။
မြတ်စွာဘုရားက အသက်ကြီးတဲ့ ၀ါကြီးတဲ့ အရှင်ကောဏ္ဍညတို့အဖွဲ့ကို
ရာထူးကြီးကြီးမပေးဘဲ အသက်ငယ်တဲ့ ၀ါငယ်တဲ့
(နောက်မှ သာသနာ့ဘောင်ကို ရောက်လာတဲ့)
အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့ကိုသာ ရာထူးကြီးကြီးပေးထားလို့ပါဘဲ။
ဒါကိုထောက်ရှုပြီး ကမ္ဘာ့စံချိန်နဲ့သာမက မြတ်စွာဘုရားရဲ့မူဝါဒနဲ့ပါကိုက်ညီအောင်
မြန်မာပြည်ရှိ စာသင်တိုက်များ၊ သာသနာ့တက္ကသိုလ်များမှာ
ဝါကြီးတာထက် အရည်အချင်းရှိတဲ့သူများကို ပို၍ ဦးစားပေး စဉ်းစားသင့်ပါတယ်။

ဘာသာစကားနဲ့စပ်လို့ အတွေ့အကြုံလေး ပြောပြအုံးမယ်။
အင်္ဂလိပ်စာမတတ်တဲ့ ဆရာတော်တစ်ပါးနဲ့ အင်္ဂလန်ကို ခရီးအတူထွက်ဖူးတယ်။
အင်္ဂလိပ်စာမတတ်တဲ့အတွက် အသေးအဖွဲလေးတွေမှာ
အကြီးအကျယ် ပြဿနာဖြစ်ခဲ့ရတယ်။
လေဆိပ်ဝင်တာနဲ့ ကျန်းမာရေးအတွက် ဆေးစစ်ရတယ်။
သူများတွေ ငါးမိနစ်နဲ့ပြီးရမဲ့ဟာ သူ့မှာ နာရီဝက်နဲ့ မပြီးနိုင်ဘူး။
ဆေးစစ်တဲ့အခန်းထဲ တစ်ယောက်စီဝင်ရတာဆိုတော့ စာရေးသူလည်း
ဝင်ပြီး ကူညီခွင့်မရပါဘူး။
နောက်မှ သိရတာက ဟိုကပြောတဲ့စကားကို နားမလည်တဲ့အတွက်
ဓာတ်မှန်ရိုက်တဲ့အခါ အနေအထား တလွဲစီ ဖြစ်ဖြစ် နေတာဆိုပဲ။

လေဆိပ်ကနေ ကျောင်းရောက်တော့
ဒကာမကြီးတစ်ယောက်က လှူဖွယ်လေးတွေကို ကိုင်ပြီး လာလှူတယ်။
စာရေးသူလည်း ရေမိုးချိုး အနားယူတယ်။
ခဏနေတော့ ဆရာတော်က စာရေးသူအခန်းထဲဝင်လာပြီး
"မောင်ဣန္ဒက၊ အခုနက ဒကာမကြီးက အလိုက်သိတယ်နော်၊
လန်ဒန်မှာ ရာသီဥတုက အေးတော့ အသားပတ်မှာစိုးလို့ထင်တယ်၊
ဒို့ကို လိမ်းစရာတွေ (Skin Lotion) လာလှူသွားတယ်၊
ကိုယ်တော့ လိမ်းလာခဲ့ပီ" လို့ပြောတယ်။
စာရေးသူလည်း မျက်လုံးပြူးသွားတယ်။
"နေစမ်းပါဦး ဆရာတော်၊ ဆရာတော့် ဗူးကြည့်ပါရစေဦး" လို့ပြောပြီး
သူ့အခန်းထဲ လိုက်ကြည့်တော့ "ဘယ်ကလာ လိမ်းစရာ (Skin Lotion) ဗူး ဟုတ်ရမှာလဲ၊
အဲဒါ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးရိတ်တဲ့အခါ သုံးရမဲ့ဟာ" လို့ ဆရာတော့်ကို ပြောပြရတယ်။

အင်္ဂလိပ်စာ အင်္ဂလိပ်စကား မတတ်လို့ကတော့
သာသနာပြုဘို့ နေနေသာသာ ဒီလိုအသေးအဖွဲလေးတွေမှာကိုပဲ
အမှားမှားအယွင်းယွင်းဖြစ်နေလို့ ဖြေရှင်းလို့ကို မပြီးနိုင်ဘူး။
ဒါက ၀ိဇ္ဇာ (အတတ်ပညာ) နဲ့ပတ်သက်လို့
တတ်သင့်တာတွေ တတ်ထားဖို့ သတိရတုန်း အကြံပေးဖြစ်တာပါ။

စရဏ (အကျင့်)နဲ့ပတ်သက်လို့လည်း ပြောစရာတွေ တပုံတပင်ကြီး။
နိုင်ငံခြားမှာ သာသနာပြုမယ်ဆိုရင် ရိပ်သာတစ်ခုခုမှာ
ဆရာနည်းကျကျ သတိပဌာန်တရားကို အားထုတ်ထားသင့်တယ်။
သောတာပန်စသည်မဖြစ်တောင် နည်းမှန် လမ်းမှန်နဲ့
တစုံတခုသောအတိုင်းအတာအထိ အားထုတ်ထားသင့်တယ်။
ဓမ္မကထိကလေသံတွေကို နားထောင်တဲ့အခါမှာ (၀ါ) တရားနာတဲ့အခါမှာ
တရားအားထုတ်ဖူးတဲ့ ဓမ္မကထိကလေသံက တရားနာသူ့အပေါ်မှာ ခွန်အားပိုရှိပါတယ်။
ဒါ့ကြောင့် တရားအားထုတ်ပြီးမှ တရားဟောသာသနာပြုမယ်ဆိုရင်
ပိုအောင်မြင်မယ်လို့ စာရေးသူတော့ ယုံကြည်တယ်။

အဲ၊ အကျင့် (စရဏ) ဆိုလို့ တရားထိုင်တဲ့အကျင့်သာ မရှိချင်နေမယ်။
ကွမ်းစားတဲ့အကျင့်တော့ ရဟန်းတော်တော်များများရှိကြတယ်။
မြန်မာပြည် လူတော်တော်များမျာွးကလည်း ကွမ်းစားကြတော့
ရဟန်းတော်တွေထံပါ ကွမ်းစားတဲ့အကျင့် ကူးစက်ကုန်ပုံပေါ်တယ်။
အခုနောက်ပိုင်း ရဟန်းတော်တော်များများ (ကိုရင်များပါ)
ကွမ်းစားတဲ့အကျင့်ရှိလာတာကို တွေ့ရတယ်။
ဆွမ်းစားကွမ်းစားဆိုတဲ့ စကားတွဲလုံးတွေကလည်း
ရဟန်းတော်များ ဆွမ်းစားပြီးရင် ကွမ်းစားရမဲ့အလေ့အကျင့်ကို တွန်းအားပေးနေသလိုပဲ။
ဘယ်လိုပဲဖြစ်ဖြစ်၊ ကွမ်းစားတာဟာ မကောင်းပါဘူး။

စာရေးသူ မလေးရှားနိုင်ငံရောက်တာ တစ်နှစ်ကျော် နှစ်နှစ်နီ်းပါးရှိပြီ။
မလေးရှားရောက် ရွှေမြန်မာတွေနဲ့ တရုတ်တွေကို အများဆုံးဆက်ဆံရတယ်။
ရံဖန်ရံခါ သူတို့ရဲ့အိမ်တွေကို သာရေးနာရေးကိစ္စတွေနဲ့ ဆွမ်းစားကြွရတယ်။
အိမ်တစ်အိမ်၊ တိုက်ခန်းတစ်ခန်းမှာ ဗမာရှိ မရှိ လှေကားအတက် ဒေါင့်ကို ကြည်တာနဲ့ သိရတယ်။
ဗမာအများစုဟာ ကွမ်းဝါးလေ့ရှိပြီး ကွမ်းတံတွေးကို
လှေကားအတက်ဒေါင့်တွေမှာ ထွေးလေ့ရှိတာကိုး။

စာရေးသူတော့ ဟိုနိုင်ငံ ဒီနိုင်ငံ အသွားအလာများလာပြီး
နိုင်ငံခြားမှာ အနေများလာလို့လားတော့ မသိဘူး။
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ချစ်တဲ့စိတ် (မျိုးချစ်စိတ်) ပိုကြီးထွားလာတယ်။
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး အနှိမ်ခံရမှာ အရမ်းကြောက်တာပဲ။
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို အထင်သေးစကားပြောလာရင် မခံနိုင်လွန်းလို့
ဖြေရှင်းရတာလဲ အမောပဲ။
ကိုယ့်လူမျိုးကိုလည်း ကြုံတဲ့အခါတိုင်း အသိတရားမြင့်မြင့်နဲ့
အဆင့်အတန်းရှိရှိ နေတတ်အောင် နေနိုင်အောင် ကြိုးစားဖို့ ပြောပြဖြစ်ပါတယ်။

ဆွမ်းစားပင့်လို့ အိမ်တွေ ကြွရတဲ့အခါ
အိမ်ပေါ်တက်လိုက်လို့ လှေကားဒေါင့်တွေမှာများ ကွမ်းတံတွေးတွေတွေ့လိုက်ရရင်
သူတို့အစား ကိုယ်ရှက်မိတယ်။
ဒီလိုတွေ့ကရာနေရာတွေမှာ ကွမ်းတံတွေးတွေ ထွေးတဲ့အတွက်ကြောင့်
ဒို့လူမျိုးတွေကိုတော့ အထင်သေးတော့မှာပဲလို့တွေးပြီး စိတ်မကောင်းဖြစ်မိတယ်။
ကွမ်းတံတွေးကို စည်းမဲ့ကမ်းမဲ့ထွေးတာဟာ
ကိုယ့်မှာ အသိတရားဘယ်လောက်ရှိတယ်ဆိုတာ ဖေါ်ပြနေတာပဲ မဟုတ်လား။
တနည်းပြောရရင် ကိုယ့်အဆင့်အတန်းကို ပြောပြနေတာပဲမဟုတ်လား။

နိုင်ငံခြားမှာ သာသနာပြုမဲ့ရဟန်းတော်ဟာ
ကွမ်းဝါးခြင်းစတဲ့ ဒီလိုအသေးအဖွဲလေးတွေကို ရှောင်ကြဉ်ထားသင့်တယ်။
သာသနာပြုမဲ့မြန်မာရဟန်းတော်ရဲ့သွားတော်က
မီးသွေးထက်မဲနေမယ်ဆိုရင်
သာသနာပြုမဲ့မြန်မာရဟန်းတော်က
Vampire လို့ခေါ်တဲ့ သွေးစုတ်ဖုတ်ကောင်နဲ့တူနေမယ်ဆိုရင်
အသန့်အပြန့်ကြိုက်တတ်တဲ့ တရုတ် အင်္ဂလိပ်စတဲ့လူမျိုးတွေကို
ဘယ်လိုမှ သာသနာပြုလို့ရမယ်မထင်ဘူး။

ဒါနဲ့စပ်လို့ ငယ်ဆရာတစ်ပါးပြောတာကို အမှတ်ရမိတယ်။
"ငါ့ကို ဒကာမကြီးတစ်ယောက်က လျှောက်တယ်ကွာ၊
အရှင်ဘုရား၊ တပည့်တော်ရဲ့သားသမီးတွေကို
ကွမ်းမစားရ၊ ဆေးလိပ်မသောက်ရလို့ စည်းကမ်းထုတ်ထားတာ၊
အခု သူတို့တွေ အသက် ၃၀ ကျော်ကုန်ပြီ။
တစ်ယောက်မှ ဆေးမသောက် ကွမ်းမစားကြဘူးဘုရား၊
အရှင်ဘုရားကော၊ အရှင်ဘုရားတပည့်တွေကို
ဒီလိုစည်းကမ်း မထုတ်နိုင်ဘူးလားဘုရား၊
သူတို့ပါးစပ်တွေ သွားတွေ အကုန်လုံး နီရဲနေတာပဲ”တဲ့၊
“ငါ့တပည့်တွေကွမ်းစားတာကို ကြည့်ပြီး ငါ့ကို ဒီလိုလျှောက်တော့
ငါဖြင့် ရှက်လိုက်တာကွာ" တဲ့။

(လွန်ခဲ့တဲ့ ၇ နှစ်ခန့်က နပသ စာစောင်အတွက် ရေးခဲ့တာ)

ဆူးလေစေတီတော်ကိုဖူးတွေ့ရတိုင်း



 
         ဦးချန်ထွန်းကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွှေစလွယ်ရ သူဌေးကြီး ဦးရဲကျော်သူ၊ ဒေါ်သံ
ဒါဖြူတို့မိဘနှစ်ပါးမှ မွေးဖွားသန့်စင်ပြီး၊ အဖေ့ခြေရာနင်းခဲ့၍ ထိုခေတ် ထိုအချိန်က မြန်မာနိုင်ငံ
သာမက ဥရောပနိုင်ငံများ တလွားအထိပင် သူ၏အရှိန်အ၀ါ လွှမ်းမိုးခဲ့သော နာမည်ကြီး ဥပဒေ
ပါရဂူတစ်ဦး ဖြစ်ပါသည်။
           ဦးချန်ထွန်းသည် ဥပဒေဘွဲ့ နောက်ဆုံးနှစ်ဖြစ်သော (၁၈၈၁) ခုနှစ်တွင် ရောမဥပဒေ
ဘာသာရပ်၊ ဥပဒေအတတ်ပညာ ဘာသာရပ်၊ အင်္ဂလိပ်လူမျိုးတို့၏ ရှေးဟောင်းထုံးတမ်းစဉ်လာ
ဘာသာရပ်များ အားလုံးမှာ အမှတ်အများဆုံး ဂုဏ်ထူးနှင့် အောင်မြင်ခဲ့၍ ၀ိတိုရိယ ဘုရင်မကြီး
ကိုယ်တိုင် ၀ိတိုရိယရွှေတံဆိပ်ဆုကို ချီးမြင့်ခဲ့သည်။ ဘာသာရပ်တိုင်းတွင် ထူးချွန်ဆု(ဂုဏ်ထူး)
ရရှိခဲ့၍ ဘာသာရပ်တစ်ခုလျှင် ထိုခေတ်က ပေါင်စတာလင် (၁၀၀)စီ ချီးမြင့်ခြင်း ခံရသူဖြစ်သည်။
         ဦးချွန်ထွန်း ရရှိခဲ့သော ဂုဏ်ထူးဆောင် အမှတ်မျိုးကို ဒုတိယ ကမ္ဘာစစ်ဖြစ်ခဲ့သောအချိန်
ထိ နောက်ထပ် ထိုဆုမျိုးရရှိသူ လုံးဝ(လုံးဝ) မရှိခဲ့ဟုသိရသည်။ ရန်ကုန်သို့ပြန်လာပြီး ၀ိတိုရိယ
ဘုရင်မဆုကို လည်ပင်းတွင်ဆွဲ၍သွားလျှင် ဦးချန်ထွန်းနှင့် မျက်နှာချင်းဆိုင်ဆုံမိသောလူတိုင်း
သူ့ကို အလေးပြုကြရသည်။ စက်ဘီးစီးလာသူ ဖြစ်နေလျှင် စက်ဘီးမှဆင်းပြီး ရပ်၍ အလေးပြု
ကြရသည်။
         ၀ိတိုရိယ ဘုရင်မကြီးက သူတို့အုပ်စိုးသော ကိုလိုနီနိုင်ငံများထဲမှ ဤမျှလောက် ပညာ
တော်သော ကလေးမျိုး ရှိသည်ကို တအံတသြ ဖြစ်မိသည်ဟု သိရသည်။ တွေ့ချင်လွန်း၍ အခေါ်
ခံရသော မောင်ချန်ထွန်းကို ဘုရင်မကြီးက လက်ဆွဲနုတ်ဆက်ပြီး လက်ဖက်ရည် ဧည့်ခံပွဲနှင့် ဧည့်
ခံခဲ့သည်။ ၀ိတိုရိယ ဘုရင်မကြီးဆုကို သူကိုယ်တိုင်ချီးမြှင့်ပြီး ဘုရင်မကြီး၏ သားတော်နှင့် တော်
ဝင်နန်းသုံး မြင်းရထားကို အတူစီးခွင့်ရသော ဆုလည်းပါဝင်သည့်အပြင် နန်းတော်ထဲ အချိန်မရွေး
ဝင်ထွက်သွားလာနိုင်ခွင့် အခွင့်အရေးကိုပင် ဘုရင်မက ပေးအပ်ခဲ့သည်ဟု သိရပါသည်။
         ဦးချန်ထွန်းသည် အင်္ဂလန်တွင်နေစဉ် The Nature and Value of Jurisprudence စာ
အုပ်ကို Messrs Sweet And Maswell စာအုပ်တိုက်မှ ထုတ်ဝေခဲ့သေးသည်။ ယင်းစာအုပ်သည်
အလွန်လူကြိုက်များခဲ့၍ တတိယအကြိမ်ထိပင် ထုတ်ဝေခဲ့ရသည်ဟု သိရပါသည်။ ဦးချန်ထွန်း
ရန်ကုန်ပြန်ရောက်သောအခါ Leading Cases in Burmese Law စာအုပ်နှင့် Burmese
Buddhist Law စာအုပ်(၂) အုပ်ကို ရေးသားခဲ့သည်။ ယင်းစာအုပ် (၂)အုပ်သည် ယနေ့ထက်တိုင်
မြန်မာတရားရေးဌာနတွင် လက်သုံး (Manual) အဖြစ် အသုံပြုနေဆဲဟု သိရပါသည်။
         ဗြိတိသျှအစိုးရသည် စီမံကိန်းချ၍ ရန်ကုန်မြို့ကို ခေတ်မီမြို့တော်ပြုလုပ်ခဲ့ရာ အကွက်
ရိုက်ပြီး အိမ်ရာတိုက်တာများ ဆောက်လုပ်ခဲ့ပါသည်။ ထိုစဉ်က ယခုသိမ်ကြီးဈေးနေရာတွင်
ဆူးလေစေတီလောက်ကြီးသော “ကျိုက်မြတ်သံချို” စေတီတစ်ဆူ ရှိခဲ့သည်ကို လမ်းနှင့်မလွတ်၍
ဖြိုဖျက်ပစ်ခဲ့ပါသည်။ ရန်ကုန်မြို့ရှိ ဘုန်းတော်ကြီးကျောင်း အားလုံးနီးပါးကို အကွက်များချရာတွင်
မလွတ်ဆိုပြီး ယခုလမ်းမတော်မြို့နယ် ကျုံးကြီးလမ်း သရက်တောဥယျာဉ်အတွင်း စုပေါင်း၍
ရွှေ့ပြောင်းခဲ့သည်။ (ယနေ့တိုင် သရက်တော ကျောင်းဝင်းအတွင်း ထိုစဉ်ကအမည်အတိုင်း ဘုန်း
ကြီးကျောင်း မြောက်များစွာ ရှိနေပါသေးသည်။)
         ဒုတိယအကြိမ် လမ်းများတိုးချဲ့ရာတွင် လမ်းမလွတ်ဟုဆိုပြီး ဆူးလေစေတီကို ယခုနေရာ
မှ အခြားနေရာသို့ ရွှေ့ပြောင်းရန် အစည်းအဝေးပြုလုပ်ပြီး ဆွေးနွေးခဲ့ကြပါသည်။ ထိုစဉ်က ဗြိတိ
သျှအရာရှိများ တင်ပြချက်တွင် နောက်အနှစ် (၅၀-၁၀၀) အတွင်း ရန်ကုန်မြိုကသည်  ကမ္ဘာ့အ
ဆင့်မီ မြို့တော်ကြီးတစ်မြို့ ဖြစ်လာမည်ဖြစ်ရာ ပတ်ချာလည်ဝိုင်းရံလျက်ရှိသော မိုးထိမြင့်မား
သည့် တိုက်တာ  အဆောက်အအုံများ၏ အောက် ရောက်နေမည် ဖြစ်ပါ၍ မသင့်လျော်ဟု   အ 
ကြောင်းပြခဲ့ပါသည်။ မြန်မာလူမျိုးများစိတ်ကြိုက် သင့်လျော်သော နေရာတစ်ခုသို့ ရွေး၍ ပုံတူ
ဆောက်လုပ်ပေးမည်ဟု အကြောင်းပြခဲ့ပါသည်။ ယင်းကိစ္စကို အင်္ဂလိပ်အရာရှိများ အပါအ၀င် မြန်
မာအရာရှိများက ကန့်ကွက်သူမရှိ သဘောတူခဲ့ပါသည်။
         ဦးချန်ထွန်းတစ်ယောက်သာ အကြီးအကျယ် ဒေါသူပုန်ထပြီး ကန့်ကွက်ပါတောံသည်။
အင်္ဂလိပ်ခေတ်တွင် အထက်မှချမှတ်သော အမိန့်တစ်ခုကို လုပ်သင့်သည်ဖြစ်စေ၊ မလုပ်သင့်သည်
ဖြစ်စေ မပြောရဲသောခေတ် ဖြစ်ပါသည်။ အလုပ်ပြုတ်မှာ ကြောက်သည်က တစ်ကြောင်းကြောင့်
မည်သူမျှ ဦးချန်ထွန်းဖက်မှ မားမားမတ်မတ်ရပ်၍ ပြောမည့်သူ မရှိခဲ့ပါ။ ဦးချန်ထွန်းစကား လုံးဝ
အရာမရောက်ခဲ့ပါ။ မြန်မာလူမျိုးများ၏ ထုံးတမ်းစဉ်လာတွင် ဘုရားတည်ပြီးလျှင် ရွှေ့ပြောင်းခြင်း
ဖျက်ခြင်း ပြုလုပ်ရိုးထုံးစံမရှိဟု တင်ပြခဲ့ပါသည်။
         အလားတူ အင်္ဂလန်ကို ခေတ်မီမြို့ဆောက်လုပ်စဉ်ကလည်း Square Building အ၀ိုင်းကို
ရှေးဟောင်းအဆောက်အအုံ တစ်ခုအနေဖြင့် “ဘာကြောင့်ချန်ထားခဲ့သလဲ” လို့ အရေးဆိုခဲ့ပါသေး
သည်။ ဦးချန်ထွန်း ကန့်ကွက်ချက်များသည် လုံးဝ အရာမရောက်ခဲ့၍ စနေထောင့်မှစ၍ ဆူးလေ
စေတီကို ဖျက်ပါတော့သည်။ ဦးချန်ထွန်းက အာဂသတ္တိရှင်တစ်ဦး ဖြစ်သည်။ လုပ်ရဲသောသတ္တိရှိ
သည်။ အလုပ်ပြုတ်ချင် ပြုတ်ပါစေ။ သူ လုံးဝနောက်မဆုတ်ခဲ့ပါ။ သူ့ကို ရွှေတံဆိပ်ဆု ပေးထား
သော ၀ိတိုရိယဘုရင်မကို ချက်ချင်း သတိရလာသည်။ မကြာပါ။ ကြေးနန်းရိုက်ပြီး၊ စာတစ်စောင်
လည်း ဘုရင်မထံ အကျိုးအကြောင်း ရေးသားပေးပို့လိုက်ပါသည်။
         ဦချန်ထွန်း၏ကျေးဇူး၊ ၀ိတိုရိယဘုရင်မကြီး၏ အမိန့်ကြောင့် ယနေ့မြန်မာလူမျိုးတို့ ဆူးလေ
စေတီကို ရန်ကုန်မြို့လယ်တွင် တွေ့နေရခြင်း ဖြစ်ပါသည်။ ဦးချန်ထွန်း၏ ကျေးဇူးကား
အလွန်ကြီးမားပါသည်။ ဆပ်၍ကုန်နိုင်မည် မဟုတ်ပါ။ ဆူးလေစေတီကို ဖူးတွေ့ရတိုင်း ဦးချန်ထွန်း
ကို သတိရသင့်ပါသည်။
  {အေးသိန်း၏ နိုင်ငံအကျိုးပြု အဖိုးတန်ရတနာများမှ ကောက်နုတ်ရေးသားပါသည်။}
   ဦးသိန်းဝေ။
   http://www.facebook.com/damanady.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

Monday, June 23, 2014

မဟာသန္တိသုခအရေး (သို့မဟုတ်) ဂုဏ်သိက္ခာ မာန်မာနတွေ အားပြိုင်တဲ့ ပွဲတစ်ခုလား


တောင်ကြီးတိုင်းမ်မှကူးယူပါသည်

ခုတလော အွန်လိုင်းမှာ ပေါ်ပြူလာအဖြစ်ဆုံး လူအများ စိတ်အ၀င်စားဆုံးနဲ့ လူပြောအများဆုံးကတော့ မဟာသန္တိသုခ သတင်းပါပဲ။ အဲဒီဖြစ်ရပ်ကြောင့် သံဃာအချင်းချင်း စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာနိုင်တယ်လို့ ပြောကြသလို သံဃာနဲ့ပြည်သူလဲ စိတ်ဝမ်းတွေကွဲလာနိုင်တယ်လို့ တော်တော်များများ ရေးသားကြတာကိုလဲ တွေ့ရပါတယ်။ အဲဒီရေးသားချက်တွေကို မမှန်ဘူးလို့တော့ ငြင်းချက်မထုတ်လိုပါဘူး။ ဒါပေမယ့် စိတ်ထဲမှာ သတိပြုမိတာက အဲဒီဖြစ်ရပ်ကြောင့် ပဋိပက္ခဖြစ်ပွားလာမှာထက် အဲဒီဖြစ်ရပ်ကို ရေးပြထားတဲ့ သတင်းအရေးအသားတွေကြောင့် ပဋိပက္ခကို ပိုပြီးတွန်းအားပေးနေတယ်လို့ ထင်မြင်မိတယ်။ မီးထက် လောင်စာက ပိုကြောက်စရာ ကောင်းတတ်လို့ပါ။ ဒီလိုပြောလိုက်တော့ တစ်ချို့က ပြောကြလိမ့်မယ်။ မဟန ဘက် ပါတယ်။ အစိုးရလက်ကိုင်တုတ် အစရှိသဖြင့်ပေါ့။

အမှန်အတိုင်းပြောရရင် မဟန ဆိုတာကိုလဲ ရာနှုန်းပြည့် မယုံသလို အစိုးရကိုလဲ သန့်ရှင်းတဲ့ အစိုးရလို့ မိမိကိုယ်တိုင်လဲ မယူဆထားတာ အမှန်ပါပဲ။ ဒါပေမယ့် အဲဒီလို မကြည်ညိုတိုင်း မယုံကြည်တိုင်း သူများတွေ ပြောနေကြဆိုနေကြသလို ပြောချင်တဲ့စိတ်တော့ မရှိပါဘူး။ ကိုယ်မြင်ရင် မြင်တဲ့အတိုင်းပဲ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဟနဆိုတာ မြန်မာနိုင်ငံမှာ သံဃာ့ထိပ်ခေါင် အဖွဲ့အစည်းတစ်ခု ဖြစ်နေတာကြောင့် လူကြီးကလေးသူငယ်က အစ မကောင်းချည်းပဲ မြင်သွားရင် နိုင်ငံအတွက် မကောင်းသလို သံဃာ့အဖွဲ့အစည်းအတွက်လဲ ကောင်းစရာ မရှိဘူးလို့ မြင်လို့ပါပဲ။ (တိတိကျကျ ခိုင်ခိုင်လုံလုံ အခြေမြစ်မြစ် သိလာမှပဲ ပြောချင်ပါတယ်။) ဒါကြောင့် အများစု မတွေးမိ မရေးမိတဲ့ ရှုထောင့်ကနေပဲ ပြောချင်ပါတယ်။ မိမိဘာသာ မြင်မိထင်မိတဲ့ အယူအဆဆိုလဲ မမှားပါဘူးလို့ ရှေးဦးစွာ အသိပေးပါရစေ။

(၁) မဟန ဆိုတာ အများတွေ ပြောနေသလို ဟိုကျောင်းလိုက်သိမ်း ဒီကျောင်းလိုက်သိမ်းနဲ့ ကျောင်းသိမ်းတဲ့ ရာဇ၀င်တွေ များပြားနေတဲ့ အဖွဲ့အစည်း တစ်ခုလား။

ဒီအချက်ကိုတော့ ယေဘုယျအားဖြင့် မဟုတ်ဘူးလို့ပဲ ပြောရမှာပါ။ စစ်အစိုးရ လက်ထက်တုန်းက သံဃာ့ကိစ္စ တော်တော်များများမှာ အမုန်းခံ ၀င်မပြောဘဲ နှုတ်ဆိတ်နေခဲ့တာကို တစ်ချို့က အားမလိုအားမရစိတ်နဲ့ မဟန ဆိုရင် အလိုလိုနေရင်း အကောင်းမမြင်တတ်ကြပါဘူး။ မိမိကိုယ်တိုင်လဲ ဒီလိုပဲ ဖြစ်ခဲ့ပါတယ်လို့ ရိုးသားစွာ ၀န်ခံပါတယ်။ နောက်တစ်ချက်က စစ်အစိုးရလက်ထက်မှာ အစိုးရရဲ့ သဘောထားအရ မဟန အမည်သုံးပြီး ကျောင်းတွေကို ချိတ်ပိတ်ခဲ့တာတွေလဲ ခပ်များများ ရှိခဲ့ပါတယ်။ (အာဏာရှင်ကို ဖီဆန်ရဲဖို့ဆိုတာ လူတိုင်း မတတ်နိုင်ပါဘူး၊ မရဲဝံ့ပါဘူး။) အဲဒီလို အာဏာရှိသူတွေ အလိုကျ အသုံးချခံနေခဲ့ရတာကို အကြောင်းပြုပြီးတော့လဲ မဟနကို အဆိုးပဲ မြင်ခဲ့ကျပါတယ်။ မြင်သူတွေအတွက်လဲ သဘာဝကျပါတယ်။ ဒါပေမယ့် သတိပြုမိသလောက်တော့ လတ်တလော ဖြစ်ပွားခဲ့တဲ့ သန္တိသုခလို မဟနတွေ ကိုယ်တိုင် သံဃာတော်တွေကိုယ်တိုင် အင်အားသုံးပြီး ကာယကံမြောက် ၀င်ရောက်ချိတ်ပိတ်တာမျိုး သိမ်းဆည်းတာမျိုးတော့ မကြားရဖူးသလောက်ပါပဲ။ (ဟုတ် မဟုတ် စဉ်းစားကြည့်ကြဖို့ပါ)။ အစိုးရက သိမ်းတယ်။ မဟနက ငြိမ်နေတယ်။ အမည်အသုံးခံတယ်။ အဲဒီလိုပဲ တွေ့မိပါတယ်။ ကိုယ်တိုင်ကိုယ်ကျ ၀င်ရောက်သိမ်းဆည်းတာ စာရေးသူအနေနဲ့ကတော့ ဒီတစ်ကြိမ်ပဲ ကြားဖူးသေးတယ်လို့ပဲ ပြောပါရစေ။ လက်လှမ်းမမီတာ ဆိုရင်တော့ မိမိရဲ့ ညံ့ဖျင်းမှုကို ခွင့်လွတ်ပါ။

(၂) ဒီကျောင်းတော်ကြီးက အများပြောဆိုရေးသားနေကြသလို ပီနန်ဆရာတော်ပိုင် ဟုတ်မဟုတ်၊ တစ်နည်းပြောရရင် မဟနနဲ့ သက်ဆိုင်ခြင်း အစိုးရနဲ့ သက်ဆိုင်ခြင်း လုံးဝကင်းလွတ်မှု ရှိမရှိ။ ( မြေဂရန် ကိစ္စကို အဓိက မဆိုလိုပါ။)

ဒီအချက်အနေနဲ့ ကြည့်ပြန်တော့ ပီနန်ဘက်က အင်အားသာတယ်လို့ ပြောနိုင်ပေမယ့် မဟနနဲ့ အစိုးရအနေနဲ့ကလဲ ပြောစရာတွေ ရှိနေလိမ့်မယ်လို့ ယူဆတယ်။ ဆိုလိုတာက ဒီကျောင်းကို စတင်တည်ဆောက်ချိန် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်း အကူအညီ ပါမပါ၊ ပါရင်လဲ ရာခိုင်နှုန်း အတိုင်းအတာ ဘယ်လောက်ထိ ပါတယ်ဆိုတာ သိဖို့ လိုအပ်ပါတယ်။ မဟန အနေနဲ့ကတော့ ပါစရာ မရှိပါဘူး။ အစိုးရအဖွဲ့ အစည်းအနေနဲ့ ပါမပါ ဆိုတာပဲ အဓိက ပြောလိုရင်းပါ။ တကယ်လို့သာ ရာခိုင်နှုန်း ထက်ဝက်လောက် ပါဝင်နေမယ် ဆိုရင်တော့ မဟနနဲ့ (အစိုးရနဲ့) ပီနန်ဆရာတော်တို့ သူပိုင်ကိုယ်ပိုင် အငြင်းပွားကြတာ သဘာဝ ကျတယ်လို့ ယူဆမိပါတယ်။ နောက်ထပ်စဉ်းစားနိုင်တာက အဲဒီအချိန်တုန်းက အဲဒီကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်အောင် လုပ်ဆောင်တဲ့နေရာမှာ ပီနန်ဆရာတော် ဦးဆောင်တယ်ဆိုရင် ပီနန်ဆရာတော်က ဌာနဆိုင်ရာအကူအညီ မပါဘဲ လုပ်ဆောင်နိုင်ခြေ ရှိမရှိ၊ ဌာနဆိုင်ရာတို့ လုပ်ကိုင်ဆောင်ရွက်ပေးခဲ့ခြင်း ရှိမရှိ၊ ဌာနဆိုင်ရာက လုပ်ဆောင်ခဲ့တယ်ဆိုရင်လဲ ဌာနဆိုင်ရာအနေနဲ့ ပီနန်ဆရာတော်ရဲ့ အကူအညီ မပါဘဲ လုပ်ဆောင်နိုင်ခြေ ရှိမရှိ၊ ပီနန်ဆရာတော်ရဲ့ အရှိန်အ၀ါကို သုံးခဲ့ခြင်း ရှိမရှိလဲ ထဲ့သွင်းစဉ်းစားသင့်ပါတယ်။

နောက်တစ်ခု ထောက်ပြစရာ ရှိတာက ကြားရသလောက် (ဖတ်မိသလောက်ပေါ့) ဒီကျောင်းကို အပ်တာဟာ ဦးခင်ညွန့်လက်ထက်လို့လဲ ကြားတယ်။(ဦးခင်ညွန့်အပ်တယ်လို့လဲ ပြောကြတယ်)။ အဲဒီအချိန်က ဦးခင်ညွန့်ခေတ်လို့တောင် ပြောနိုင်တဲ့ကာလ။ ဒါပေမယ့် ဦးခင်ညွန့်ဆိုတာက တစ်နည်းအားဖြင့် အစိုးရရဲ့ ကိုယ်စားလှယ်၊ အဲဒါကြောင့် ခင်ညွန့်အပ်(လှူ)တယ်ဆိုရင် အစိုးရကလဲ အပ်(လှူ)တယ်လို့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ ဒီလိုဆို စဉ်းစားစရာ တစ်ခုရှိလာတာက နဂိုရ်ထဲက ကိုယ်ပိုင်ပစ္စည်းဆိုရင် သူတစ်ပါးက မိမိကို အပ်စရာ လိုသလား။ သူတစ်ပါး အပ်မှ ပိုင်တာ ဟုတ်ပါ့မလား။ (ခုဖြင့် ပီနန်ဆရာတော်ကို ဦးခင်ညွန့်အပ်တယ်ဆိုတော့ တစ်မျိုးဖြစ်နေသလားလို့ပါ) ဒီအချက်တစ်ချက်နဲ့တင် အငြင်းပွားဖို့ ခိုင်မာလုံလောက်တယ်လို့ ဆိုနိုင်ပါတယ်။ သူတစ်ပါး အပ်မှ ပိုင်တယ်ဆိုရင် မူလထဲက မိမိပိုင်တဲ့ သဘော ဟုတ်ပါတော့မလား။ ဒါလဲ စဉ်းစားရမယ့် အချက်တစ်ခုလို့ မြင်ပါတယ်။

(၃) ပီနန်ဆရာတော်ကို ပုဂ္ဂလိကပိုင် အပ်နှင်းထားခြင်း ဟုတ်မဟုတ်။ အစိုးရပိုင် အဆောက်အအုံကို ပုဂ္ဂလိကသို့ ပေးခွင့်ရှိ မရှိ၊ ပုဂ္ဂလိကပိုင် အပြီးအပ်နှံရိုး ထုံးစံ ရှိမရှိ။ (အထူးသဖြင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ)

ဒီအချက်နဲ့ ပတ်သက်ရင်လဲ ဂျာနယ်တစ်စောင်ပါ သီတဂူဆရာတော်ကြီးရဲ့ မိန့်ကြားချက်အရ ရေစက်ချစဉ်က ပုဂ္ဂလိက ရေစက်ချခြင်း မဟုတ်ဘူးလို့ သိရတဲ့အတွက် ပုဂ္ဂလိက အပ်နှံခြင်း မဟုတ်ဘူးလို့ ပြောနိုင်ပါတယ်။ နည်းနည်းထပ်ဖြည့် ပြောချင်တာက အစိုးရကိုယ်စားလှယ်လို့ ဆိုနိုင်တဲ့ ဦးခင်ညွန့်က ပီနန်ဆရာတော်ကို အပ်တယ်ဆိုတော့ အစိုးရအဖွဲ့အစည်း အနေနဲ့ သူတို့ပိုင်ဆိုင်တဲ့ ကျောင်းကန် အဆောက်အအုံတွေကို အပ်နှင်းတဲ့အခါမှာ ခဏတာ အပ်နှံခြင်းထက် အပြီးအပ်နှံခြင်း ဘယ်ဟာက ပိုများမလဲ။ အပြီးအပိုင် အပ်နှံတဲ့ ထုံးစံ ရှိပါရဲ့လား။ ဥပမာ အစိုးရပိုင်(မဟနပိုင်)လို့ ဆိုနိုင်တဲ့ ပရိယတ္တိစာသင်တိုက်တွေနဲ့ သာသနာ့တက္ကသိုလ် ကြီးတွေကို အပြီးအပိုင် အပ်နှံမှုမျိုး ပြုလုပ်ပါရဲ့လား။

(၄) မဟန အနေနဲ့ တစ်ဘက်သတ် အင်အားသုံးခဲ့တယ် အနိုင်ကျင့်ခဲ့တယ် ဆိုတာ ဟုတ်မဟုတ်။

သိရသလောက်တော့ မတ်လကုန်ခါနီးလောက်ထဲက ပီနန်ဆရာတော်ကို ကျောင်းတော်ကနေ ထွက်ခွါပေးဖို့ စာထုတ်အသိပေးခဲ့ပါတယ်။ ဒီလိုထွက်ခွါဖို့ သတိပေးလိုက်တဲ့စာဟာ မတရားပါဘူးဆိုရင် ပီနန်ဆရာတော်အနေနဲ့ မဟနထဲမှာ ပါဝင်နေတဲ့ ဆရာတော်ကြီး နှစ်ပါးသုံးပါးနှင့် တွေ့ဆုံလျှောက်ထားပြီး အကျိုးအကြောင်း ရှင်းပြသင့်ပါတယ်။ သက်သေသာဓက ခိုင်ခိုင်မာမာ ရှိရင်လဲ တင်ပြသင့်ပါတယ်။ မဟန ထဲမှာ မပါလဲ အများ လေးစားကြည်ညိုရတဲ့ သက်ကြီးဝါကြီး ဆရာတော်ကြီးတွေကို လျှောက်ထားပြီး မဟနကို မေတ္တာရပ်ခံပေးဖို့ လျှောက်ထားသင့်ပါတယ်။ အခွင့်လဲ သာမယ်ဆိုခဲ့ရင်ပေါ့။ အဲဒီလို ကြိုးစားခဲ့ပေမယ့် မဟန ဘက်က လက်မခံခဲ့တာ ဒါမှမဟုတ် အဲဒီလို ကြိုးစားဖို့ အခွင့်အလမ်းတောင်မှ မဟနဘက်က မပေးခဲ့တာမျိုး ဆိုရင်တော့ ပီနန်ဆရာတော်အလွန် မဟုတ်တော့ပါဘူး။ မဟန အလွန်လို့ပဲ ပြောရတော့မှာပါ။ အဲဒါမျိုးဆိုရင် တစ်ဘက်သတ် အင်အားသုံးတယ် အနိုင်ကျင့်တယ်ဆိုတာ မှန်တယ်လို့ ပြောရပါလိမ့်မယ်။

ခုတော့ အဲဒီလိုချည်း မဟုတ်ခဲ့ဘဲ သတင်းစာ ရှင်းလင်းပွဲတွေလုပ် ကျောင်းတိုက်က တစ်လက်မမျှ ခွါပေးမှာ မဟုတ်ဘူးလို့ ပြောဆိုတုန့်ပြန်လိုက်တာဟာ နိုင်ငံရေးမှာ ပြောပြောနေတဲ့ ထိပ်တိုက်တွေ့ဆုံရေး လမ်းစဉ်လိုပါပဲ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ကိန်းကို ဦးတည်စေခဲ့ပါတယ်။ ဒီအချက်က ပြေရာပြေကြောင်း ဖြစ်အောင် မကြိုးစားဘဲ ငါလဲငါ့ပရိသတ်နဲ့ ဆိုတဲ့ မာန်မာနတွေ ရှေ့တန်းတင်တဲ့သဘောများ သက်ရောက်နေမလား။ နိုင်ငံတစ်ခုမှာ အဓိကအကျဆုံးဖြစ်တဲ့ အဖွဲ့အစည်းတစ်ခုကို အဲဒီနည်းနဲ့ တုန့်ပြန်တာဟာ တကယ်လို့များ အထမြောက်သွားမယ်ဆိုရင် နောင်လာနောင်သားတွေအတွက် မဟနကို မထီလေးစားပြုဖို့ လမ်းပြတစ်ခု ဖြစ်သွားခဲ့ရင်လဲ မကောင်းဘူးလို့ ယူဆမိပါတယ်။ တစ်နည်းအားဖြင့် မဟနရဲ့ လုပ်ပိုင်ခွင့် အာဏာကို သေးသိမ်အောင် ဖျက်ဆီးရာများ ရောက်နေမလားလို့ပါ။ ပီနန်ဆရာတော်ဘက်က လုံးဝကို တစ်ရာ ရာခိုင်နှုန်း မှန်ကန်နေပါတယ်ဆိုရင်တော့ ဒါဟာလုပ်သင့်တဲ့ ကိစ္စပါ။ ဒါပေမယ့် ခုကိစ္စမှာက အငြင်းပွားစရာတွေ များစွာရှိနေတဲ့အတွက် စောလွန်းတယ်လို့ ယူဆပါတယ်။

(၅) အမှန်တရား အားပြိုင်တဲ့ပွဲလား။ မာန်မာနတွေ ဂုဏ်သိက္ခာတွေ စီးချင်းထိုးတဲ့ပွဲလား။ အမုန်းတရားနဲ့ အာဃာတတွေ နိုးထလာတဲ့ပွဲလား။

ဖြစ်ရပ်ကို ခြုံကြည့်မိတဲ့အခါကျတော့ မဟနအနေနဲ့ ထောက်ထားစရာတွေ မရှိရင် ခုလောက်အရုပ်ဆိုး အကျည်းတန်တဲ့ လုပ်ရပ်မျိုးကို ဒီခေတ်ဒီကာလကြီးမှာ ဂုဏ်သိက္ခာ အပျက်ခံပြီး လုပ်ပါ့မလား။ ဒီကျောင်းကို မဟနက ပိုင်တော့ကော တစ်ပါးပိုင်အနေနဲ့ ခြယ်လှယ်လို့ ရပါသလား။ တစ်ပါးချင်းအနေနဲ့ ကိုယ်ကျိုးဘယ်လောက်ရှိမလဲ။ သူတို့လဲ သူတို့ကျောင်းပိုင် ကိုယ်စီရှိပြီးသားလေ။ ဒါကြောင့် အမှန်တရား တစ်ခုခု မရှိဘဲ ခုလို ကိစ္စမျိုးကို လုပ်ပါ့မလားဆိုတာ စဉ်းစားစရာပါ။ လူပြိန်းစဉ်းစားနည်း စဉ်းစားမိတာပါ။

ပီနန်ဆရာတော်အနေနဲ့ ကြည့်ပြန်တော့လဲ မြန်မာသာမက ကမ္ဘာကို ခြေဆန့် သာသနာပြုနေတဲ့ ဆရာတော်ကြီး၊ နိုင်ငံတကာမှာလဲ သူ့ကျောင်းက တစ်ကျောင်းမက ရှိနေတာ အမှန်။ ကျောင်းလေးတစ်ကျောင်း ပိုင်ရဖို့အတွက်နဲ့ သူ့ရဲ့ ဂုဏ်သိက္ခာတွေ နာမည်တွေ အပျက်ခံပါ့မလား။ ဒီကျောင်းကို သူမအုပ်ချုပ်ရတော့ကော သူ့အတွက် ဘာအကျိုးယုတ်သွားမလဲ။ နိုင်ငံတကာက သူ့ကျောင်းတိုက်ဟာ မြန်မာထက်တော့ အပုံကြီး သာမှာပဲလေ။ ဒါ့ကြောင့် သူလဲ မှန်တယ်လို့ ယူဆလို့ ခုလို လုပ်ဆောင်တာလို့ ပြောနိုင်ပါတယ်။

အဆိုးဘက်က ပြောမယ်ဆိုရင်တော့ မဟနကလဲ မမှန်မှန်း သိသိနဲ့ မတရားမှန်း သိသိနဲ့ ငါတို့က သံဃာ့အဖွဲ့အစည်းမှာ အမြင့်ဆုံးအဖွဲ့အစည်းပဲ၊ ငါတို့အဖွဲ့အစည်းရဲ့ လုပ်ပိုင်ခွင့်အာဏာကိုတော့ မလေးမစား လုပ်လာရင်တော့ နှိပ်ကွပ်ရမှာပဲ။ ငြိမ်နေရင် အညံ့ခံရာကျတယ် သိက္ခာကျတယ် ဆိုပြီးတော့ ဇွတ်လုပ်တာမျိုးလဲ ရှိနိုင်တာပါပဲ။

ပီနန်ဆရာတော်လဲ တစ်ဦးတည်းပိုင် မဟုတ်မှန်း သိသိနဲ့ မဟနကို တိုက်ခိုက်ချင်တဲ့သဘော၊ စစ်အစိုးရသက်တမ်း တစ်လျှောက်လုံး အလိုတူအလိုပါ နေခဲ့တဲ့ မဟနကို အငြိုးအတေးနဲ့ ဂုဏ်နှိမ်ချင်တဲ့ သဘော၊ (စစ်အစိုးရနဲ့ ပနံသင့်တဲ့ သူကို ရှင်လူရဟန်း အမြင်မကြည်တတ်တာ များတယ်လေ) တစ်ပါးပိုင်လို့ အများက မြင်ပြီးမှ မပိုင်ဘူးဆိုရင် သိက္ခာကျရချည်ရဲ့ဆိုပြီး ကမ္ဘာ့တစ်လွားမှာ ကျင်လည်လာတာ သာသနာပြု ဆိုတဲ့ ဂုဏ်သိက္ခာတော့ အပွန်းပဲ့ မခံနိုင်ဘူးဆိုတဲ့ သဘောနဲ့ ဒီကိစ္စတွေကို လုပ်ဆောင်နေတာမျိုးလဲ ဖြစ်နိုင်ခြေ ရှိနိုင်တာပါပဲ။ (ဖြစ်နိုင်ခြေတော့ အတော့်ကို နည်းတာပေါ့။)

ဒါ့ကြောင့် အဲဒီလို နှစ်ဦးနှစ်ဘက်က သူမှန်တယ် ငါမှန်တယ်နဲ့ အငြင်းအခုံ ပဋိပက္ခတွေ လုပ်ဆောင်နေကြတာဟာ အမှန်တရားအတွက် ယှဉ်ပြိုင်နေကြတာ ဖြစ်နိုင်သလို မာန်မာနနှင့် ဂုဏ်သိက္ခာအတွက် ယှဉ်ပြိုင်နေကြတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါထက်မက အမုန်းတရားနဲ့ အငြိုးအတေး အာဃာတတွေအတွက် တုပြိုင်နေကြတာလဲ ဖြစ်တတ်ပါသေးတယ်။ ဒါ့ကြောင့် ဘေးလူတွေ အနေနဲ့ အခြေခံကအစ ခြေခြေမြစ်မြစ် တကယ်တိတိကျကျ မသိဘဲ ဆရာတော်ကြီးတွေကို ပြစ်မှားနေတာဟာ (အထူးသဖြင့် ဆဲဆိုနေတာတွေဟာ) ဓားခုတ်ရာကို လက်ဝင်လျှိုတာမျိုးလို မကောင်းမှုအကုသိုလ် တိုးပွားလာမှာ စိုးပါတယ်။ ဒါ့ကြောင့် အပြုသဘော ပြောဆိုဝေဖန်တာမျိုးကိုသာ လုပ်သင့်ပြီး ဆဲဆိုတာမျိုးကိုတော့ မလုပ်သင့်ဘူးလို့ ယူဆပါတယ်။ စာရေးသူ အနေနဲ့ကတော့ နှစ်ဦးနှစ်ဘက်မှာ အမှန်တရားဆိုတာ ရှိနေနိုင်သလို အမှားကိုယ်စီ အားနည်းချက်ကိုယ်စီလဲ ရှိနေကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ (ဖတ်ရသူတိုင်း ကွဲလွဲခွင့် ရှိပါတယ်။)

ရဝေသျှင်-မြိုင်နန်းမြေ ၁၉-၆-၂၀၁၄

သံပုရာသီးအစွမ်း အံမခန်း

copy from Khin Saw Mon`FB



*ခံတွင်း ကျန်းမာရေး*

သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံ တင်မကဘူး။ တောက်ပစေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက် နေရင်လည်း သံပုရာရ ည်နဲ့ ပလုတ်ကျင်းပေးပါ။

*နှုတ်ခမ်းကွဲခြင်း*
မျက်နှာလိမ်းခရင်မ်တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါလိမ့်မယ်။

*ဆံပင်ကျွတ်ခြင်း*
အုန်းရည်လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။

*ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက်*
ကြက်ဥအကာရည်နှင့် သံပရာရည် (သံပုရာသီးတစ်လုံးစာ) တို့ရောပြီး ဆံနွယ်အမြစ်ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီးဆေးကြောပေးပါ။ တစ်လလောက် လုပ်ပေးရုံနဲ့တင် ဦးရေပြားသန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင် သွားပါ လိမ့်မယ်။

*အသားအရေခြောက်သွေ့ခြင်းအတွက်*
ငှက်ပျောသီးမှည့်တစ်လုံးကို ယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာရည် တစ်စက် နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီးတို့ကို ရောစပ်ပေးပါ။ ပြီးရင်တော့ မျက်နှာနဲ့ လက်ကို လိမ်းပေးရမှာ ဖြစ်ပါ တယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။ နောက်တစ်နည်းကတော့ ပျားရည်တစ်ဇွန်း (လက်ဖက် ရည်ဇွန်း) ကို ဟင်းသီးဟင်းရွက် ဆီနဲ့ရောပေးပါ။ ပြီးရင် သံပုရာရည်တစ်စက် လောက်နဲ့ ထပ်ရောပြီး လက်တွေ၊ တံတောင်ဆစ်တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော်နေတဲ့နေရာတွေကို လိမ်းပေးပါ။
လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီးဟာ အရေပြားအလှအပအတွက် အကောင်းဆုံး ပေးစွမ်းစေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသ ဖြင့် ဝက်ခြံနဲ့ ယားနာတွေ ကို ပျောက်ကင်းစေတဲ့ သတ္တိရှိပါတယ်။ မှဲ့ခြောက်တွေကိုလည်း ပျောက်ကင်း စေပါတယ်။ သံပုရာရည်နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။

*အဆီပြန်တဲ့အသားအရေပိုင်ရှင်များအတွက်*
သံပုရာရည်နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက်ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီး စိတ်ကိုချေပြီး ပျော့ဖတ် သဖွယ် ရအောင်လုပ်ပါ။ ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံး ကို ရောစပ်ပြီး မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်း ပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂၀ ခန့်ကြာ အောင် စောင့်ပေးပါ။ ပြီးမှ ရေနဲ့ တစ်ဖန် ပြန်ဆေးကြောပေးပါ။

*တံတောင်ဆစ်မည်းခြင်းအတွက်*
သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေးပေးပါ။ နည်းနည်းတော့ကြာပေမယ့် အရေပြားကို သန့်စင် သွားပြီး တောက်ပြောင်ဝင်း လက်လာ ပါလိမ့်မယ်။ တချို့ အသားအရေ တွေဟာ မှောင်မှောင်မှိုင်းမှိုင်းနဲ့ ခြောက်ခြောက် သွေ့သွေ့ဖြစ်နေတတ်ပါတယ်။ အရောင်အဝါ လင်းလက်ချင်တယ် ဆိုရင်တော့ လတ်လတ် ဆတ်ဆတ် သံပုရာသီး တစ်လုံးရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့ အိပ်ရာမဝင်ခင် ပွတ်လိမ်းပေး ပါ။ မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို တောက်ပြောင်ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ်။ အိပ်ရတာ စေးထန်း ထန်းနဲ့ မအိပ်ချင်ဘူးဆိုရင်တော့ ရေချိုးတဲ့အခါမှာ ချိုးမယ့်ရေထဲ သံပုရာရည် တစ်ခွက် တစ်ဝက် ခန့် ထည့်ပြီး အဲဒီ့ ရေနဲ့စိမ်ချိုးပေးပါ။

*လက်သည်းဆေးစွန်းတာ ဖျောက်ချင်ရင်*
သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကိုစိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်း အထင်း တွေကို ချက်ခြင်းချေ ချွတ်ပေးသွား ပါလိမ့်မယ်။ ပြီးသွားရင် လက်သည်းကို ပြန်ဆိုး မယ်ဆို ရင်လည်း ပိုပြီးတောက်ပြောင်လာပါလိမ့် မယ်။သံပုရာရည်ထဲ လက်သည်း ခြေသည်းကို ဆယ်မိနစ်ခန့် စိမ်ပေးပါ။ ပြီးလို့ရှိရင် ဘရက်ရှ်နဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက်ပေးပါ။ ပြီးမှ ရေနွေး နွေးနဲ့ ဆေးကြော ပေးပါ။ ဒီနည်းဟာ လက်သည်းကို သန်စွမ်းစေပြီး တောက်ပြောင် စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီဂါဖြူ ဇွန်းဝက်ခန့်နဲ့ ရေနွေးတစ်ဝက်တို့ ရောပြီး ဘရက်ရှ်နဲ့ တိုက်ပေးရင် ပိုကောင်းပါတယ်။

*ခြေထောက်*
သံပုရာရည်တစ်ခွက်စာ (ကော်ဖီခွက်တစ်ခွက်စာ)၊ သစ်ဂျပိုး(အနံ့အတွက်)၊ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင် ဇွန်း)၊ နွားနို့လေးပုံတစ်ပုံ (ခွက်တစ်ခွက်)၊ ရေသန့် (ရေကို သင့်တော်သလို ထည့်နိုင်ပါတယ်၊ အနည်း၊ အများ အရေး မကြီးပါ) တို့ရောစပ်ပေးပါ။ တကယ်လို့ သစ်ဂျပိုး မသုံးချင်ဘူးဆိုရင် တခြားအနံ့ ပစ္စည်း တို့ သုံးနိုင် ပါတယ်။ နှင်းဆီပွင့်ချပ် တို့ဖြင့်လည်း အစားထိုး အသုံးပြုနိုင်ပါတယ်။ အားလုံးရော စပ်ပြီးရင် တော့ အဲဒီ့အရည်ကို ခြေထောက်စိမ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားမှ ရေနဲ့ ဆပ်ပြာ (Mild) နဲ့ သေချာ ဆေး ကြောသန့်စင်ပေးပါ။ တစ်ပတ်လောက်လုပ်ကြည့်လိုက်တာနဲ့ ခြေထောက် အသားအရေဟာ သိသိ သာသာ ချောမွေ့လာပါလိမ့်မယ်။

*နွေအပူမှာ ချွေးဆုနေခြင်းအတွက် အကောင်းဆုံးသစ်သီး*
ပူပြင်းခြောက်သွေ့တဲ့နွေရာသီလို ဥတုမျိုးမှာ ချွေးထွက်သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူသက်သာ အောင်လုပ် ဖို့ပဲ ဖြစ်ဖြစ် သံပုရာ သီးရည်ကို ပျားရည်တစ်ဇွန်းနဲ့ရောပြီး သောက်ပေးပါ။ သွေးလေ လည်ပတ်မှု ကို ကောင်းမွန်စေရုံမျှမက ချွေးထွက်ခြင်းကိုလည်း သက် သာစေပါတယ်။
သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့်နဲ့ သတ္တုဓာတ်တွေကြောင့် ခန္ဓာကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ် ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင်ပေးပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဂျာနယ် တစ်စောင်မှာ ဒီဆောင်းပါးကို ဖတ်မိရင်း အော် သံပုရာသီးရဲ့ ကောင်းကျိုးက ဒီလောက်ရှိနေတာ၊ နောက်ပြီး နေရာတိုင်းမှာလည်း သံပုရာ သီးကို လွယ်လွယ်ကူကူ ရနိုင်တယ်၊ ရေးကူးထားမှပဲ ဆိုပြီး ဒိုင်ယာရီ ထဲမှာကို ကူးထားပြီး သွားလေရာကို ယူသွားတတ် ပါတယ်၊ အခုတော့ ဘာရယ်မဟုတ်၊ ကျမ္မာရေး လိုက်စား သူ တွေအတွက် တစုံတခု အသုံးတည့်မယ် ထင်လို့ မှတ်တမ်း အဖြစ် တင်ပြလိုက်ပါတယ် …
------------------------------------------------------------------
၁။သံပုရာရည်ကို သောက်ခြင်းအားဖြင့် မောပန်းနွမ်းနယ်မှုကို ပြေစေပြီး လူ၏ ခန္ဓာကိုယ်တွင် ဖြစ်ပွားတတ် သော အထူး သဖြင့် ၀မ်းဗိုက်တွင် ဖြစ်ပေါ်တတ်သော ရောဂါများကို ကာကွယ်နိုင်ပါတယ်၊
၂။ သံပုရာ ရည်ကို သကြားအနည်းငယ်ထည့်ကာ များများ သောက်ပေးပါက အစာအဆိပ်သင့်ခြင်း၊ အရက်မှ ဖြစ်သော အဆိပ်၊ ဘိန်းမူးလွန်နာ စသည်များကို ပျောက်ကင်းစေသည်။
၃။ ထမင်းစားပြီးနောက် အော့အန်ခြင်း ဖြစ်တတ်လျင် လပ်ဆတ်သော သံပုရာရည်ကို သောက်ရပါမည်။
၎။ သံပုရာရည်ကို သကြားခတ်၍ သောက်ပါက ခန္ဓာကိုယ်တွင် အဆီများ၍ ချောင်းဆိုးခြင်း၊ သည်းခြေ အား နည်းခြင်း၊ ကိုယ်လက် အဆစ် အမြစ် ကိုက်ခဲခြင်းများ ပျောက်ကင်းစေပါတယ်။
၅။ သံပုရာရည်တွင် သကြားခတ်ကာ နံနက်/ည တကြိမ်စီ သောက်ပေးပါက သွားမှ သွေးယိုစီးခြင်းကို ပျောက်ကင်း စေသည်။
၆။ သံပုရာဖျော်ရည်ကို နေ့စဉ်သောက်ပေးပါက အထိုင်အထ လုပ်စဉ် ဖြစ်တတ်သော မူးဝေခြင်း၊ မိုက်ကနဲ ဖြစ်ခြင်း များကို ပျောက်ကင်းစေသည်။
၇။ သံပုရာသီး အစိမ်း၏ အခွံကို စားပေးပါက လေနာ/ ရင်နာ များ ပျောက်ကင်းစေသည်။
၈။ ယားနာ ပွေးနာ၊ အရေပြားတွင် အမည်းကွက်များ ပေါ်လာခြင်း ၊ အမွှေးများ ကျွတ်ခြင်း ဖြစ်ပါက သံပုရာ ခြမ်း နှင့် ပွတ် တိုက်ပေးရပါမည်။
၉။ သံပုရာသီး သနပ်ကို ထမင်းနှင့် နေ့စဉ် စားသုံးပါက သရက်ရွက် ကြီးသော ရောဂါကို ပျောက်စေသည်။
၁၀။ သံပုရာရည် နွေးနွေးကို ပျားရည်နှင့် ရောစပ်ကာ တနေ့ နှစ်ကြိမ်မျှ လျက်ပေးပါက လည်ချောင်း နာခြင်းကို ပျောက် စေသည်။
၁၁။ သံပုရာသီးတလုံးကို မီးကျွမ်းအောင်ဖုတ်ကာ လေးညှင်းတပွင့်နှင့် ထည့်ကျိတ်ပြီး သွားဖုံးရင်းတွင် သိပ်ပေး သော် သွားကိုက် သွားနာ ပျောက်ကင်းစေပါသည်။
၁၂။ ဆီးဆေးဖြူ ( တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် ၂၁ ) နှင့် သံပုရာရည်ကို ဖျော်၍ သောက်ပေးပါက ဆီးအောင့်ခြင်း ဝေဒနာကို ပျောက်စေသည်။
၁၃။ သံပုရာခေါက်ကို နံနက် ည တကြိမ်စီ ရေနှင့် ကြိုချက်ကာ သောက်ပေးပါက အဖျား ပျောက်ကင်း စေသည်။
၁၄။ သံပုရာခေါက် ၅ ကျပ်သား၊ ရေ ၇၅ ကျပ်သားနှင့် ထက်ဝက်ခန့် ကျို၍ တခွက်စာ (၂ ကျပ်သားခန့်မျှ) တနေ့ ၂ ကြိမ် သောက်ပေးပါက မပြတ်နိုင်သော အဖျားရောဂါများ ပြတ်သွားနိုင်သည်။
၁၅။ အစာမကြေ၊ လေထိုး၊ လေအောင့်၊ လေပြည့် ဖြစ်နေခဲ့သော် ဂျင်းခြောက်မှုန့် ၂ ပဲ၊ သိန္ဓော ၄ ပဲကို အမှုန့်ထောင်း၍ သံပုရာရည်နှင့် ဖျော်ကာ တနေ့ သုံးကြိမ် သောက်ပေးပါက ပျောက်ကင်းစေနိုင်သည်။
၁၆။ သံပုရာဖျော်ရည် ချိုချိုကို သောက်ပေးခြင်း၊ သံပုရာရည် နှင့် ဆားမီးဖုတ်ကို လျက်ပေးခြင်းဖြင့် နှလုံးတုန်ခြင်း၊ ရင် ခုန်ခြင်း၊ မူးဝေ မောပန်းခြင်း များကို သက်သာပျောက်ကင်းစေသည်။
၁၇။ မူးလျင် သံပုရာသီးကို ရှုပေးပါ၊ ရွဲ့စောင်းသော လေငန်းရောဂါများ၊ အာလေး လျှာလေး၍ စကားမပီ သသော သူများ ပုံမှန် သံပုရာသီးတလုံးကို ငုံထားသင့်ပါသည်။
၁၈။ ခေါင်းတွင် ပေါက်တတ်သော ဒက်များ၊ ဘောက်များ ရှိနေပါက သံပုရာသီးအခွံနှင့် ခေါင်းကို ပွတ်တိုက် ပေးရပါမည်။ ယားယံသော နေရာများကိုလည်း ပွတ်တိုက်နိုင်ပြီး အမျိုးသမီးများအတွက် သံပုရာသီးအခွံကို ခေါင်းလျော် ရည်တွင် ထည့် ကာ ခေါင်းလျော်နိုင်ပါသည်။ ၁
၉။ သံပုရာအစေ့ကို ကြိတ်ကာ ချက်မှာ အုံပြီး ၄င်းအပေါ်၌ ဆန်ဆေးရည်ကို အနည်းငယ် ဆွတ်ဖြန်း ပေးပါက ဆီး ရွှင်စေပါတယ်။
၂၀။ သံပုရာချဉ် ပြုလုပ်၍ ထမင်းစားတိုင်း စားသုံးပေးပါက လေကြောင့်ဖြစ်ရသော သွက်ချာပါဒ၊ေ လငန်း၊ လေထိုး၊ လေအောင့်၊ အစာအိမ်ရောဂါ မှန်သမျှကို ကာကွယ်နိုင်သော အထူးစိတ်ချရသော အာဟာရ တစ်မျိုး ဖြစ်ပါသည်။ ( ကြည်ကြည်ခင်၊ တိုင်းရင်းဆေး ) စာရေးသူ အထင်တော့ သံပုရာသီးဟာ ၀မ်းဗိုက်နဲ့ ပက်သက်တဲ့ ရောဂါမှန်သမျှ၊ လေနဲ့ ပက်သက်တာ မှန်သမျှကို ကာကွယ်နိုင်ပါတယ်၊
သူ့ရဲ့ ဘေးထွက်ဆိုးကျိုးကို မမြင်မိသလိုပဲ၊ ချွင်းချက်အနေနဲ့ တနေ့ကို ( ၃ ) လုံးထက် ပိုစား မိရင် တော့ အစာအိမ် အချဉ်ပေါက်တဲ့အနာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်၊ ပိန်နေသူများ ၀စေသည် ရှေးရှေးသော ဆရာတော်ကြီးများကတော့ ညနေပိုင်းမှာ သံပုရာသီး( ၁) လုံးနှင့်၊ ပျားရည် ထမင်းစားဇွန်း ( ၃ ) ဇွန်း လောက်ကို ဖန်ခွက်ကြီး တခုထဲမှာ ထည့်ပြီး ရေနွေးအဖြူနှင့် သမအောင် မွှေကာ သကြား အနည်းငယ် ထည့်ပြီး သောက်လေ့ရှိခဲ့ကြတယ်၊ ရောဂါ မျိုးစုံကို ကာကွယ်နိုင်သလို၊ ညနေပိုင်းမှာလည်း ဗိုက်မဆာ တော့ဘူး၊
သံပုရာက လေကို နိုင်သလို ပျားရည်ကလဲ ၀မ်းတွင်းကလီစာများကို ဆေးကုပေးတတ်တယ်၊ စားကောင်း အိပ်ပျော်၊ ဆီးမှန် ၀မ်းမှန် ဖြစ်ပြီး လူကိုလဲ ၀ဖြိုးစေတယ်။ အသားအရေကိုလည်း ကြည်လင်စေတယ်။ အထူး သဖြင့် အစာအိမ် သမားများအတွက် ပျားရည်ဟာ အသင့်လျော်ဆုံး ဆေးကောင်းပါ၊ ပျားရည်က အစာ အိမ် နာကြောင့် အစာအိမ်နံရံမှာ ဖြစ်ပေါ်နေတဲ့ အနာများကို ကျက်စေပါတယ်၊ စတုမဓူဟာလဲ အစာအိမ် အတွက် တော်တော် ကောင်းမွန် တဲ့ ဆေး စွမ်းတလက်ပါပဲ။
ဒီနေရာမှာ ကိုယ့်ကိုယ်ကို ပိန် လွန်းလို့ စိတ်ညစ်နေသူများ၊ ၀ချင်သူများ အထက်ပါနည်းကို ပုံမှန်လေး သောက်ပေး ကြည့်ပါ၊ မယုံမရှိပါနဲ့၊ ကိုယ်တွေ့ပါပဲ၊ စာရေးသူ မြန်မာပြည်မှာ ရှိနေစဉ်က ညနေပိုင်းမှာ အထက်ပါ နည်းကိုပဲ စွဲစွဲမြဲမြဲ သောက်လာပြီး ၂ လလောက်လဲ နေရော၊ ခန္ဓာကိုယ်ပေါင်ချိန်က ( ၂၀ ) လောက် တက်လာလို့ ဆက်မသောက် ရဲတော့ဘူး၊ အစား လျော့ စားပေး ရင်တော့ ကိုယ်အလေးချိန် သိပ်မတက် နိုင်ပါဘူး၊ ၀နေသူကို ပိန်စေသည် ၀လွန်းလို့ ပိန်ချင်သူများကတော့ ပျားရည် နှင့် မသောက်ပဲ သံပုရည် သက်သက် သောက်တာ ကောင်းပါတယ်၊
အထူးသဖြင့် သံပုရာရည်သောက်ပြီးလျင် ၀မ်းဗိုက်အတွင်းက ဟာနေတဲ့ အတွက် ညနေစာကို ၀ိတ်ချ တာကို သတိမေ့ပြီး စိတ်ကြိုက် စားလေ့ရှိကြပါတယ်၊ အဲဒီမှာ ဘရိတ်မရှိလေတော့ ခန္ဓာကိုယ်က ပိန်မလာပဲ ၀မြဲ ၀နေတာ မျိုးဖြစ် တတ် ပါ တယ်၊ အဲဒီလို အစား မလျော့လျင်လည်း စားလိုက်သမျှ အာဟာ ရက ခန္ဓာကို အကျိုးပြုစေတာမို့ သတိထားစရာပါပဲ၊ အထူးသဖြင့် သံပုရာရည် သောက်ထားလေတော့
ဝမ်းဗိုက်က ရှင်းလင်းထားသလို ဖြစ်ပြီး ပိုစားနိုင်လာတတ်တယ်၊
ဒါဆိုရင်တော့ ရည်ရွယ် ချက်ပြည့်ဖို့ ခဲယဉ်းသွားပါလိမ့်မယ်၊ အခုခေတ်ပေါ်နေတဲ့ ပိန်ဆေးတွေက ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိတာကို ဆရာဝန်တိုင်းက ထောက်ခံထားကြပါတယ်၊ သံပုရာကတော့ မရှိသ လောက်ပါပဲ၊ သံပုရာကို လိုသလို အသုံးချနိုင်ကြ ပါေ စ လို့ တင်ပြရင်း .. ရောက်လေရာတွင် သံပုရာ ဆောင် ထားလျင် ကျမ္မာပကတိ ချမ်းသာစွာ ရှိနိုင်ပါကြောင်း စေတနာစကား ပါးလိုက် ပါရစေ တော့…
ဗိုက်ခေါက်ထူ/ ဗိုက်ပူလို့ အလှပျက် နေသူများအတွက် မိန်းခလေး ဘဲဖြစ်ဖြစ် ယောင်္ကျားလေး ဘဲဖြစ် ဖြစ်... အလှ အပကို မြတ်နိုး တတ်ကြတာ... သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ ဗိုက်ပူပြီး အဆီ များနေ သူတွေအတွက်... လက်တွေ့... ၇ ရက်အတွင်း... သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျ စေတဲ့ဆေးနည်း လေးကို မျှဝေလိုက်ပါတယ်...
ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်... အိမ်မှာရှိတတ်တဲ့ ပစ္စည်း လေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ.. ပါဝင်တဲ့ ပစ္စည်းတွေကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေ လိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ... ရောစပ်ပြီး လိမ်းပေးရမှာပါ... ဖေါ်စပ်နည်း သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး...
အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ... အကြမ်းပုဂံလုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော် ထည့်ပြီး... မွှေပေးပါ... အသုံးပြုနည်း ညအိပ်ယာဝင်ခါနီးတိုင်း...... ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက် သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ...
ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်... တစ်ပါတ်အတွင်း သိသာစွာ... ဗိုက်ချပ် လာသည်ကို... လက်တွေ့... တွေ့မြင် ခံစားရမှာပါ... မှတ်ချက်- ညစာကို ပုံမှန် ထက်... လျှော့စား ပေးရင်... ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်...တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျ သွားမှာဖြစ်ပါတယ်ခင်ဗျာ ။
Credit to နန်းအိအိဇာ
Photo by ပျိုမေတို့သိစေဖို့

Saturday, June 21, 2014

အစားအစာ ရွေးစားပါ - ဒေါက်တာသက်ဦး


 

လွမ်းမပြေသုတရပ်ဝန်းမှကူးယူပါသည်


လူဖြစ်လာရင် မကင်းဆုံးအရာက အစားအသောက် မဟုတ်လား။ ရှင်သန်ဖို့၊ ဖွံ့ ဖြိုးဖို့၊ ကျန်းမာဖို့ အစား အသောက်ကို မှီခိုရပါတယ်။ စားကြတယ်၊ သောက်ကြတယ်။ နံနက်စာ၊ နေ့လယ်စာ၊ ညစာ၊ ညလယ်စာ၊ သရေစာ အချိန်တိုင်းမှာ စားကြတယ်။ တချို့ကျတော့ အစားတွင်မက လာဘ်ပါ စားကြပြန်တယ်။ စားတိုင်း ကောင်းတာတော့ မဟုတ်ပါဘူး။ စားတတ်မှသာ အစားအသောက်ရဲ့ အကျိုးကျေးဇူးတွေ ခံစားရမှာပါ။ ကျန်းမာရေးနဲ့ပြည့်စုံပြီး သင့်တင့်မျှတတဲ့ အစားအသောက်တွေကသာ နေကောင်းထိုင်သာ အကျိုးရှိစေ မှာပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားသုံးဖို့ သော့ချက်လေးတွေ ရှိပါတယ်။

ကိုယ့်အတွက် ကိုက်ညီမယ့် ကယ်လိုရီပမာဏကို ချင့်ချိန်စားသုံးဖို့ပါ။ ကိုယ်က ဘယ်လောက် စွမ်းအင် သုံးသလဲ၊ ကိုယ်က ဘယ်လောက်စားသလဲ ဆိုတာပေါ့။ အဲဒါကို မချင့်ချိန်ရင်တော့ ကိုယ်အလေးချိန်တွေ တက်လာမှာပေါ့။ လူ့ခန္ဓာကိုယ်အတွက် တနေ့တာ လိုအပ်တဲ့ ကယ်လိုရီပမာဏက အကြမ်း အားဖြင့် ယောကျာ်းတစ်ယောက်မှာ ၂၅၀ဝ ကယ်လိုရီနဲ့ မိန်းမတစ်ယောက်မှာ ၂၀ဝ၀ ကယ်လိုရီမျှပါ။ လူများစုကို ကြည့်လိုက်ရင် ပိုစားနေတာတွေ့ရမှာပါ။ ဘယ်အစားအသောက် ဘယ်လောက်က ကယ်လိုရီ ဘယ်လောက်ဆိုတာကို မသိကြတာလည်းပါမှာပေါ့။

ကိုယ့်လူမျိုး ထုံးစံအရလည်း တွေ့ရင် စားလိုက်တာပဲ။ ဘာတွေညာတွေ ကြည့်မနေတော့ဘူး။
အစားအသောက်ကို အမည်စုံအောင် စားရမှာပါ။ ဒါမှလည်း အာဟာရဓာတ် မျိုးစုံအောင် ခန္ဓာကိုယ်က ရရှိမှာပါ။ ဓလေ့ထုံးစံအရ တစ်မည်တည်းကို တပုံတပင်စားကြတာ တွေ့ရမှာပါ။ ဒါလည်း မကောင်းတဲ့ အလေ့အထပါ။ ထမင်း၊ သားငါး၊ အသီးအရွက် စုံလင်ဖို့ လိုအပ်တာပါ။

အစားကောင်း အသောက်ကောင်း ဆိုတာ
အရသာတွေ စုံလင်နေတာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ အခြေခံဖြစ်တဲ့ ကစီဓာတ်ပါတဲ့ ပင်မ အစာတွေ (ထမင်း၊ ပေါင်မုန့် စသဖြင့်)၊ ဟင်းသီး ဟင်းရွက်နဲ့  သစ်သီးဝလံတွေ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ အသား၊ ငါး၊ ဥ နဲ့ ပဲမျိုးစုံတွေ၊ အဆီနဲ့ သကြား ဓာတ်ပါဝင်တဲ့ အစာတွေ။ အဲသလို အခြေခံအစာ ၅ မျိုး ပါဝင်ရပါတယ်။
အဲဒီ အစာတွေထဲကမှ စားရမယ့် ပမာဏ အနည်းအများကို ချင့်ချိန်ပြီး လိုအပ်တဲ့ ကယ်လိုရီရအောင် တွဲစပ်စားသောက်ရပါတယ်။ အသေးစိတ် သိပ္ပံနည်းကျ လုပ်စားနေဖို့က နေ့စဉ်ဘဝမှာ အဆင်ပြေတာမှ မဟုတ်လေတော့ လက်တွေ့ကျကျ ကျန်းမာတဲ့ အစားအသောက်တွေ စားနိုင်ဖို့ နည်းလမ်းလေးတွေ ရှိပါတယ်။

ကစီဓာတ်များတဲ့ အစာတွေကို အခြေခံစားသုံးပါ
ကစီဓာတ်များတဲ့ အစားအသောက်တွေက လွယ်လွယ်ကူကူပဲ အနီးအနားမှာရှိနေတာပါ။ ထမင်း၊ ပေါင်မုန့်၊ အာလူး၊ ဂျုံ စတာမျိုးတွေပေါ့။ အဲဒီထဲကမှ ဂျုံကြမ်း၊ ဆန်ကြမ်းနဲ့ အခွံမနွှာတဲ့ အာလူးတွေကတော့ အမျှင် ဓာတ်တွေ ပိုပါဝင်ပြီး အဆာကြာကြာ ခံစေတာမို့ ပိုပြီးသင့်လျော်တယ်လို့ ညွှန်းကြပါတယ်။ အစာစားတဲ့ အချိန်တိုင်းမှာ ကစီဓာတ် ပါဝင်တဲ့အစာကို စားသုံးသင့်ပါတယ်။ အချို့က ကစီဓာတ်များများစားရင် ဝစေ တယ်ထင်ကြပေမယ့် တကယ်က အဆီတွေနဲ့ယှဉ်ရင် ကယ်လိုရီ ပိုနည်းပါတယ်။ ဆီးချို၊ သွေးချိုလို ရော ဂါတွေ ရှိနေရင်တော့ ချင့်ချိန်စားရမှာပေါ့။

သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပါ
တနေ့တာ စားသောက်မှုထဲမှာ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ မပါမဖြစ်ပါအောင် ကြိုးစားတာက ကျန်းမာရေးကို ဂရုစိုက်တာပေါ့။ ဘာမှရောစွက်မထားတဲ့ သဘာဝသစ်သီး ဖျော်ရည်မျိုး သောက်သုံးတာ၊ ဟင်းအားလုံးမှာ အသီးအရွက်တွေ ထည့်ချက်တာကလည်း အလွန်အဖိုးတန် အကျိုးရှိတာပါ။ နံနက်စာ စားချိန်မှာ ငှက်ပျောသီးလေးတလုံး စားလိုက်တာမျိုး၊ နေ့လယ် မုန့်စားတဲ့အခါ အသီးတခုခု စားလိုက် တာမျိုး အလေ့အကျင့်လေးတွေက မခက်လှပါဘူး။

ငါး များများစားပါ
ငါးဆိုတာက အသားဓာတ်အတွက် ကောင်းမွန်တဲ့ စားစရာဖြစ်ရုံမက ဗီတာမင်တွေ၊ သတ္တုဓာတ်တွေလည်း ပါဝင်တာပါ။ ဖြစ်နိုင်ရင် နေ့တိုင်းတောင် စားသင့်ပြီး အဆီကြွယ်ဝတဲ့ ငါးတွေလည်း စားဖြစ်အောင် ကြိုးစား ပါ။ အဲဒီအဆီများတဲ့ ငါးတွေမှာပါဝင်တဲ့ လူတွေသိကြတဲ့ အိုမီဂါသရီးဆိုတဲ့ အဆီက နှလုံးရောဂါကို ကာကွယ်ပေးလို့ပါ။ ငါးတွေကို ငါးသေတ္တာလို ဘူးတွေ၊ ရေခဲစိမ်ထားတာတွေ၊ ကျပ်တင်ထားတာတွေ ဘယ်အရာမဆို စားသုံးနိုင်ပါတယ်။ သတိပြုစရာက ငါးသေတ္တာလို၊ ငါးကျပ်တင်လို အစာတွေမှာ ဆားဓာတ် များတတ်တယ် ဆိုတာပါပဲ။ ရေချို၊ ရေငန် ငါးမျိုးစုံ စားပါ။ အဆီများတဲ့ ငါးတွေစားပါ။ ငါးမရွေးပါနဲ့။ ဒါက ကျန်းမာရေးအတွက် အထောက်အကူပါ။

ပြည့်ဝအဆီတွေနဲ့ သကြားတွေ လျှော့ပါ
အစားအသောက်မှာ အဆီဓာတ် မပါမဖြစ် ပါဝင်သင့်ပေမယ့် ကိုယ်စားသုံးနေတဲ့ ဆီအမျိုးအစားနဲ့ ပမာဏ ကိုတော့ ချိန်ဆရပါလိမ့်မယ်။ ဆီမှာက ပြည့်ဝအဆီနဲ့ မပြည့်ဝအဆီဆိုပြီး အဓိကခွဲ ထားတာပါ။ ပြည့်ဝ အဆီတွေက ကိုလက်စထရောလို မကောင်းတဲ့အဆီတွေ သွေးထဲမှာ တိုးလာစေပြီး နှလုံးရောဂါဖြစ်စေ တာပါ။ ပြည့်ဝအဆီတွေကို ချိစ်၊ မလိုင်၊ ထောပတ်၊ ဝက်အူချောင်းတွေနဲ့ ကိတ်မုန့်၊ ဘီစကစ် စတဲ့ သရေစာတွေမှာလည်း တွေ့ရပါတယ်။ အဲဒါတွေကို လျှော့ချပြီး မပြည့်ဝဆီ ပါဝင်တဲ့ ဟင်းသီးဟင်းရွက် ဆီတွေ၊ ငါးအဆီတွေနဲ့  အစားထိုး စားသုံးသင့်တာပါ။ အသားတွေကို ဝယ်ယူရင်လည်း အဆီနည်းတာကို ဝယ်ယူတာ၊ အဆီတွေကို လှီးထုတ်ပစ်တာ လုပ်ရမှာပါ။ အဆီတုံးကြီးတွေက သွားရည်တောက်တောက် ကျချင်စရာ ကောင်းပေမယ့် ကျန်းမာရေးတော့ မကောင်းစေဘူးလေ။

ခုခေတ်ထဲမှာ ဖောင်းပွများပြားလာတဲ့အရာကို ပြောပါဆိုရင် အချိုရည်ကလည်း ထိပ်ဆုံးလောက်က လိုက်နေတာပါပဲ။ တခြား သကြားဓာတ် အများကြီးပါဝင်တဲ့ စားစရာတွေနဲ့အပြိုင်ပေါ့။ အရက်ကိုတောင် အဝင်ကောင်းအောင် အချိုရည် ရောသောက်တဲ့ အလေ့အထ ဖြစ်လာသေးတာပဲ။ တပိုင်း နှစ်ဖုံးဆိုတာ မျိုးတွေ (အရက်တပိုင်းနဲ့ လစ်ပိုနှစ်ဖုံး) ပေါ့။ တကယ်တော့ သကြားဓာတ်က ကယ်လိုရီတွေ များလွန်းပြီး ဝိတ်တက်စေတဲ့ အရာပါ။ သွားပိုးစားစေတာမှာလည်း သူက တရားခံတဦးပေါ့။ သကြားပါတဲ့ အချိုရည်တွေ၊ အရက်ပါတဲ့အဖျော်ရည်တွေ၊ သကြား များတဲ့ သရေစာ မုန့်မျိုးစုံတွေက တတ်နိုင်သမျှ လျှော့ချပစ်ရမှာပါ။ သဘာဝအလျောက် သကြားပါဝင်တဲ့ သစ်သီးတို့ ၊ နို့တို့က အန္တရာယ်နည်းပါတယ်။ အစားအသောက်ဝယ် တိုင်း သကြားပါဝင်မှုကို ဖတ်ကြည့်ပါ။ ၁၀ဝ ဂရမ်မှာ သကြား ၂၂ ဒသမ ၅ ဂရမ် ထက်ပိုပြီး ပါဝင်နေရင် သကြားဓာတ် များနေပြီလို့ မှတ်လိုက်ပြီး ရှောင်ကြဉ်ပါ။ အညွှန်းမှာ ရေးထားတဲ့ အတိုင်း အမှန်ဆိုရင်ပေါ့။

ဆားလျှော့စားပါ
ဆားကို အစားအသောက်တွေထဲ သီးသန့် ထည့်မစားဘဲတောင်မှ ဆားကို အစားလွန်နေတတ်ပါတယ်။ အသင့်စား အစားအသောက်တွေမှာ ဆားမပါတာ မရှိသလောက်မို့ပါ။ ဆားဓာတ်တွေ အစားများတာ က သွေးတိုးတက်စေပါတယ်။ နောက်ဆက်တွဲအဖြစ် နှလုံးရောဂါတွေ၊ လေဖြတ်တာတွေက အဆစ် လိုက် လာမှာပါ။ ဝယ်ယူလိုက်တဲ့ အစားအသောက်မှာ ဆား (salt) ပါဝင်မှုကို ဖတ်ကြည့်ပါ။ ၁၀ဝ ဂရမ်မှာ ဆား ၁ ဒသမ ၅ ဂရမ်ထက် ပိုပြီး ပါဝင်နေရင် ဆားဓာတ်များနေပြီလို့ မှတ်လိုက်ပြီး ရှောင်ကြဉ်ပါ။ အသက် ၁၁ နှစ် ကျော်လာပြီဆိုရင် တနေ့ ဆား ၆ ဂရမ်ထက် ပိုမစားသင့်တော့ပါဘူး။ ကလေးတွေကတော့ ပိုပြီးလျှော့စား ရမှာပါ၊ ဆားလေး၊ ငံပြာရည်လေး ထပ်ထည့်ပြီးမှ စားတတ်တဲ့ အလေ့ကြီး ကို မြန်မာတွေ ဖျောက်ပစ် သင့် ပါပြီ။

ရေသောက်ပါ
တစ်နေ့ကို အရည် ၁ ဒသမ ၂ လီတာထက်ပိုပြီး သောက်သုံးရပါလိမ့်မယ်။ ဒီပမာဏက ကိုယ်သောက်ထား တဲ့ တခြားအရည်တွေအပြင် ထပ်ဆောင်းဖို့ပါ။ အယ်လ်ကိုဟောမပါတဲ့ အရည်တွေ၊ ရေ၊ နို့၊ သစ်သီး ဖျော် ရည်တွေသာ သောက်သင့်တာပါ။ အချိုရည် တွေကတော့ ရှောင်ကြဉ်သင့်တာပေါ့။ ရာသီဥတု ပူရင်၊ လှုပ်ရှားမှုများရင် အရည်ပိုသောက်ရပါလိမ့်မယ်။

နံနက်စာ မစားဘဲ မနေပါနဲ့
တချို့တွေရဲ့ မှားယွင်းတဲ့ အယူအဆက ဝိတ်လျှော့တယ်ဆိုပြီး နံနက်စာ မစားကြတာပါ။ လေ့လာသုတေ သန ပြုချက်တိုင်းလိုလိုက နံနက်စာစားတာကသာ ခန္ဓာကိုယ်အလေးချိန် ထိန်းနိုင်တယ်လို့ ဆိုပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နံနက်စာစားတာကသာ ဝိတ်ထိန်းနိုင်တာပါတဲ့။ ဂျုံကြမ်းနဲ့လုပ်တဲ့ အစာတွေ၊ သစ်သီးဝလံတွေ ပါဝင်စေတာက ပိုပြီး အကျိုးရှိစေပါသတဲ့။

တက်ကြွလှုပ်ရှားစွာ နေထိုင်ပါ
အစားအသောက်တွေကို ကျန်းမာအောင် စီမံစားသုံးနေရုံနဲ့တော့ မပြည့်စုံပါဘူး။ စားတာတွေကို ပြန်ပြီး အသုံးချဖို့ လှုပ်ရှားမှုတွေ လိုအပ်ပါတယ်။ သီးသန့် လေ့ကျင့်ခန်းတွေ မလုပ်နိုင်သည့်တိုင် အညောင်း ထိုင်တာ မများစေဘဲ လှုပ်ရှားမှုလေးတွေတော့ လုပ်ပေးရမှာပါ။ စားတာများရင် များသလို ပိုလျှံသွားတဲ့ စွမ်းအင်တွေကို ပြန်လည်လျှော့ချဖို့ ပုံမှန်လမ်းလျှောက်တာလေး လောက်ကတော့ အပန်းမကြီးလှပါဘူး။

လူဖြစ်လာရင် အဓိကလိုအပ်တဲ့ အစားအသောက်ပင်လျှင် ချင့်ချိန်မျှတ စားသုံးတတ်မှသာ ကျန်းမာ သက်ရှည်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ ပါဝင်တဲ့ အာဟာရနဲ့  ပမာဏကို မျှတစေမှ အဆင်ပြေမှာပါ။ အစာကို ချင့်ချိန်စားသုံးပြီး ရှည်နေတဲ့ အသက်တာမှာ ကောင်းရာကောင်းကြောင်းလေးတွေ မလုပ်ဘဲ လူ့အဖွဲ့အစည်းကို ဒုက္ခပေးနေသူ ဆိုရင်တော့ ကြိုက်သလို စားပါစေလေ။ တန်ဖိုးရှိ၊ အဓိပ္ပာယ်ရှိတဲ့ ဘဝကို ပိုင်ဆိုင်ချင်ရင်ဖြင် စားသင့်တာပဲစားပါ၊ စားသင့်တဲ့ ပမာဏသာစားပါ။ မသင့်တာတွေကို အလွန်အကျူး မစားကြပါနဲ့။

ဧရာဝတီ Blog

သံဃာ့ဂိုဏ်း မသင့်စေဖို့

ဝီရဓမ္မမှကူးယူပါသည်

 မိမိသည် နိုင်ငံရေး ဘုန်းကြီးမဟုတ်ပါ။ နိုင်ငံရေးပိုစ့်များလည်း မရေးပါ။ သို့သော် ရေးချိန်တန်လာသောကြောင့် ရေးလိုက်ပါသည်။
အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ
သံဃာတော်များအတွက် ပရိယတ္တိသာသနာနှင့်ဆိုင်သော ကျမ်းစာအားလုံး ရေးသားတော်မူခဲ့သည်။ သုတ္တန်ဘာသာဋီကာ တစ်အုပ်သာ ရေးဖို့ကျန်ခဲ့သည်။ ရုပ်ပုံ ရှင်ကျင့်ဝတ်မှစ၍ အခြေပြုသဒ္ဒါ နာမ်ဂိုဏ်းစဉ် အာချာတ်ဂိုဏ်းစဉ်မှသည် အဆင်မြင့်မားလွန်းသောစာပေများ သံဃာထုအားလုံး အသုံးပြုကြရသည်။ လူများအတွက် ရတနာဂုဏ်ရည် ကိုယ်ကျင့်အဘိဓမ္မာမှသည် အဆင့်မြင့် ပုဂ္ဂိုလ်ဖြစ်နိုင်သည့်အထိ ကျမ်းစာပေါင်းများစွာ ရေးသားတော်မူခဲ့သည်။ သာသနာတော်ဝယ် နေလိုလလို ထွန်းတောက်တော်မူခဲ့၍ ၂၁ရာစု ဗုဒ္ဓဃောသဟုပင် နာမည်တွင်ခဲ့ နာမည်တွင်နေဆဲဖြစ်သော ဆရာတော်ဖြစ်ပါသည်။
တိပိဋကဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ
အမရပူရ မဟာဂန္ဓာရုံဆရာတော်၏ တပည့်အရင်းတစ်ပါး ဖြစ်တော်မူသည်။ သက်တော် ၂၇ သိက္ခာဝါတော် ၇ဝါမျှဖြင့် တိပိဋကဓရဖြစ်တော်မူခဲ့၍ တိပိဋကဓရ ဖြစ်သည့်နှစ်တွင် ရန်ကုန်မြို့ ကမ္ဘာအေး မဟာဂန္ဓာရုံ ကျောင်းတိုက်ကို တည်ထောင်တော်မူသည်။ တစ်ကြိမ်ပို့ချလျှင် တစ်နာရီခွဲဖြင့် တစ်နေ့လျှင် စာဝါ ၇ဝါ၊ ၈ဝါမျှ ပို့ချတော်မူခဲ့သည်။ မန္တလေးမြို့တွင် သံဃာတော်များကို စစ်တပ်မှ ပစ်ခတ်၍ မန္တလေးသံဃာထုမှ ဗိုလ်ချုပ်မှူးကြီးစောမောင်ဦးဆောင်သော နဝတအစိုးရအား သပိတ်မှောက် သံဃာကံပြုတော်မူကြသည်။ သာသနာအတွက် အသက်စွန့်လှူထားတော်မူသော တိပိဋကဓရဆရာတော်သည် သပိတ်မှောက် ကံဆောင်သောသတင်းကို ကြားသောအခါ မိမိတပည့်များအား သြဝါဒပေးတော်မူသည်။ သံဃာဆိုတာ ညီညွတ်ရသည်။ သံဃာအဆက်ဆက် ညီညွတ်ခဲ့၍ ယနေ့တိုင်အောင် သာသနာတော်တည်နေခြင်း ဖြစ်သည်။ မန္တလေးသံဃာက အစိုးရကို သပိတ်မှောက် ကံဆောင်၍ ရန်ကုန်သံဃာက သပိတ်မမှောက်ခဲ့ သော် သံဃာညီညွတ်ရေး ပျက်ပြားလိမ့်မည်။ သံဃာညီညွတ်ရေးကို ရှေးရှု၍ သာသနာအတွက် တာဝန် ကျေရမည်ဟု မိန့်တော်မူသည်။အင်းစိန်ရွာမတိုက်အုပ်ဆရာတော်၊ ရွှေဘုန်းပွင့်ဆရာတော်၊ ကျောက်ကုန်း မေဒိနီဆရာတော် ၊စသော ထင်ရှားသော ဆရာတော်များကို ပင့်ဖိတ်၍ ဆရာတော်ကဥက္ကဋ္ဌ၊ အင်းစိန်ရွာမ တိုက်အုပ်ဆရာတော်ကအတွင်းရေးမှူး၊ တာဝန်ယူကာ စစ်အစိုးရအား သပိတ်မှောက်ကံပြုကြောင်း လက်မှတ်ရေးထိုးပေးပို့ခဲ့သည်။

တပည့်စာချဘုန်းတော်ကြီးများကို စေလွှတ်၍ ၆ထပ်ကြီးဘုရားတွင် အစိုးရအား သပိတ်မှောက်ကံ ပြု စေတော်မူသည်။ဒီသံဃာသပိတ်မှောက်လျှင် ကိုးကွယ်စရာ သံဃာများစွာရှိသည်ဟု သဘောထားသော စစ်အစိုးရသည် ထိုသို့ သပိတ်မှောက်ကံပြုခံသည်ကို အစပိုင်းတွင် မမှုခဲ့ပါ။ နိုင်ငံတော်လမ်းဖွင့်ပွဲစသော ပွဲလမ်းများတွင် သံဃာများကို ပင့်သည်။ မက်မောလောက်အောင် TVအောက်စက်မှအစ လှူသည်။ သို့သော် ငယ်ဖြူသံဃာများ ကြွရောက်တော်မမူကြ။ အစိုးရပြုလုပ်သော သံဃာအခမ်းအနားများတွင် သံဃာ့ထိုင်ခုံနေရာများစွာ လွပ်လပ်နေကြသည်။ ထို့ထက်ဆိုးသည်ကား စစ်တပ်မိသားစုဝင်များ ကွယ်လွန်သော် အသုဘသို့ ကြွရောက်ခါ ရေစက်ချ သရဏဂုံတင်ပေးမည့် သံဃာတော်မရှိ၊ ဖြစ်ရသည်။ မိမိတို့ တိပိဋကမဟာဂန္ဓာရုံကျောင်းသည် ချော်တွင်းကုန်း ကပစ ၁၀၆စစ်တပ်နှင့်နီး၍ ထိုသတင်းများကို သိခဲ့ရသည်။ မိသားစုဝင်သေလို့မှ အသုဘရေစက်ချ သရဏဂုံ တင်ပေးမည့် ဘုန်းကြီးမရှိသော် မျက်ရည် ကျကြရသော အောက်ခြေစစ်တပ် မိသားစုနှင့် အထက်အရာရှိများမှတဆင့် ထိပ်တန်းခေါင်းဆောင်များ ပြဿနာတက်ရတော့မည့် အခြေအနေတွင် နဝတအစိုးရမှ အမိန့်ထုတ်သည်။ သပိတ်လှန်မပေးလျှင် ပြင်းထန်စွာ အရေးယူမည်ဟု ဆရာတော့်ထံ စာပို့သည်။ မြန်မာ့အသံမှ တစ်နာရီခြား တစ်ခါ ထိုအမိန့်ကို အသံလွှင့်သည်။ အမိန့်ကြေငြာစာ ထုတ်လွှင့်ပြီးချိန်အတွင်း စစ်ချီတေးများ အဆက်မပြတ် ထုတ်လွှင့်ခဲ့ သည်။
ဆရာတော်က သပိတ်လှန်လက်မှတ် ထိုးမပေးလိုသော်လည်း အစိုးရအကြောင်းကို သိတော်မူသော ဆရာတော်၏ဆရာ မန္တလေးမဟာဝိသုဒ္ဓါရုံတိုက် သံတော်ဆင့် ဆရာတော်မှ ဖျောင်းဖျပြောဆို လက်မှတ်ရေးထိုးစေတော်မူသည်။ ဆရာ့စကားကို မပယ်ရှားလို၍ သပိတ်လှန်ကြောင်း လက်မှတ်ထိုး ပေးခဲ့သည်။ ထိုညက မှတ်မှတ်ရရ မိုးကြိုး(၁၂) ကြိမ်ကျော်မျှ ပစ်သံကြားရသည်။ နဝတအစိုးရ သတ်မှတ်ချိန် အတိုင်မီ သပိတ်လှန်လက်မှတ် ထိုးပေးခဲ့သော်လည်း စစ်အစိုးရမှ အာဃာတတရားကြီးမား စွာဖြင့် လက်မှတ်ထိုးပြီး နောက်တစ်နေ့ သံဃာတော်များ ဆွမ်းခံကြွတော်မူကြချိန် ဆရာတော်အား ဖမ်းခေါ်သွားကြသည်။ ဆရာတော် ဘယ်ဆီဘယ်ဝယ်သို့ ရောက်သည်ဟု သတင်းမကြား တစ်လ လောက်ကြာမှ မြစ်ကြီးနားထောင်သို့ ပို့ဆောင်ခံရကြောင်း သိကြရသည်။ မြစ်ကြီးနားထောင် မပို့ခင် စစ်ခုံရုံးသို့ပို့သည်။ ဆရာတော်အား စစ်ဆေးမည့် ဗိုလ်မှူးကြီးအား အခြားဗိုလ်မှူးတစ်ဦးမှ မင်းစစ်ဆေး ရမည့်သူက တခြားသူမဟုတ်ဘူး။
 
 တိပိဋကဆရာတော်ဖြစ်သည်ဟု ပြောဆိုပြီး စာရေးဆရာ ကုသလဗုဒ္ဓိ(ကောင်းကြွယ်) ရေးသားသော တိပိဋကဆရာတော်ကြီးငါးပါး စာအုပ်ကိုပေးခဲ့သည်။ ထိုစစ်ဆေးရန် တာဝန်ကျ ဗိုလ်မှူးကြီးလည်း ထိုတာဝန်ကို ရှောင်လွှဲခဲ့သည်။ ထိုခေတ် ထိုအခါကသတင်းစာများတွင် ဘယ်ရဟန်းသည် ဘယ်နေရာမှာ အရက်မူးနေသည်။ ဘယ်မိန်းကလေးကို ဆွဲလားရမ်းလားလုပ်သည်ဟု သတင်းစာများတွင် ဓာတ်ပုံများဖြင့် သတင်းများစွာ လွှင့်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးစောမောင် မြစ်ကြီးနားသို့ ခရီးစဉ်ထွက်သောအခါ တိပိဋကဆရာတော်ဖြစ်လျှက် နိုင်ငံရေးလုပ်သော ဘုန်းကြီးများလည်းရှိဟု သတင်းစာတွင် ၈ Point စာလုံးမဲကြီးများဖြင့် ရေးသားခဲ့သည်ကို သတိထား သတိရသူများ ရှာဖွေကြပါကုန်။ တိပိဋကဆရာတော်သည် သံဃာညီညွတ်ရေးနှင့် သာသနာ့အရေးကိုသာ ကြည့်၍ နဝတအစိုးရအား သပိတ်မှောက်ပြုခဲ့ခြင်းသာဖြစ်သည်။ နိုင်ငံရေးလုပ်သော ဘုန်းကြီးလည်းမဟုတ်ပါ။
၂၀၀၇ စက်တင်ဘာတွင် လမ်းပေါ်ထွက်၍ မေတ္တာပို့ကြသော သံဃာတော်များမှာ အစိုးရမှ ယာယီသင်္ကန်းပတ်ပေးသော အတုအယောင်များမှလွဲ၍ သံဃာတော်အစစ်အမှန်များသည် ဖြစ်သည်။ ယာယီအတုအယောင်များသည်လည်း မိဘဆွေမျိုး အသက်စည်းစိမ်အိုးအိမ်ကို ကြောက်လန့်၍သာ လုပ်ကြရသည်ဟု ယူဆမိသည်။

သီလကြီးလေးပါး လုံခြုံလျှင်
သီလကြီးလေးပါးလုံခြုံလျှင် သံဃာစစ် သံဃာမှန်သာဖြစ်သည်။ သံဃာဟူသည် ဘယ်ခေတ် ဘယ်အခါကမှ အတုအယောင်မရှိခဲ့ပါပေ။ သံဃာတော်အဆက်ဆက်သည် ဒကာ ဒကာမတို့အပေါ်ဝယ် တာဝန်ကျေခဲ့ကြသည်ချည်းဖြစ်သည်။ ကိုယ်တိုင်ပရိယတ် ပဋိပတ် သာသနာ့တာဝန်များ ကျေပွန်တော်မူကြရုံသာမက ဒကာ ဒကာမတို့အား သံသရာဝယ် အထက်တန်းဘဝများသို့ တိုင်အောင် တဆင့်တက်၍ နိဗ္ဗာန်တိုင်အောင် ပို့ဆောင်ပေးတော်မူကြသည်။ သတ္တိဗျတ္တိရှိ၍ ထက်မြက်သော အတိုက်အခံလုပ်သည်ဟု အစိုးရမှယူဆသော သံဃာများမှာ အကြောင်းတစ်မျိုးမျိုးဖြင့် မိနှိပ်၍ လူဝတ်လဲ ခံခဲ့ရသည်ချည်းဖြစ်သည်။ ဟိုးယခင် ခေတ်အခါက သာသနာတော်သန့်ရှင်းရေး အမည်တပ်လျှက် ထူးကြီးဆရာတော်၊ ဦးစံတင့်၊ စတုနိကာယကောဝိဒစသော ပုဂ္ဂိုလ်များ လူဝတ်လဲခံရသည်ကို ကြည့်လျှင် သိနိုင်ပေသည်။ နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများသည်လည်း ထိုအကြောင်းကို သိ၍ ထိုသို့ပြုလုပ်ခံခဲ့ရလျှင် သက်တော်ရွယ်တော်နှင့် မိမိတို့ကိုယ်ကျင့်သိက္ခာကို ငဲ့ကွက်တော်မူကြရ သောကြောင့် ရေငုံနှုတ်ပိတ်သာ နေတော်မူကြရကုန်သည်။ ယခုအခါ သံဃာတု သံဃာယောင်ဟူသော စကားလုံးများ ကျယ်လောင်စွာ သုံးလာကြသည်။ မြန်မာနိုင်ငံတော်ဝယ် သံဃာဦးရေ အရမ်းများနေသည်။ သံဃာအတွက် ခေါင်းခဲရ၍ နောင်တချိန် သာသနာတော်သန့်ရှင်းရေး အမည်ပေးကာ နှိပ်ကွက်ဖို့ အစပျိုးခြင်းလားဟု ထင်မိပါသည်။
အထူးသတိပေးချက်
သံဃာတော်များညီညွတ်တော်မူကြသည်မှာ ဘုရားရှင်၏ ဝိနည်းဥပဒေတော် ပယ်နှုတ်စရာ ပြင်ဆင်စရာ ရှိသည်ဟု ပြောစရာမလိုလောက်အောင် ဥပဒေတိကျမှန်ကန်ခဲ့၍ ဖြစ်သည်။ အကယ်၍များ မြန်မာနိုင်ငံသည် မှန်ကန်၍ အများလက်ခံသော စစ်မှန်သောဥပဒေပေါ်ပေါက်လာပါက စီးပွားရေး ခိုင်မာဖွံ့ဖြိုးလာပေမည်။ ထိုအခါ သာသနာဘောင်ဝယ် အချောင်နေသည်ဟု ယူဆသူတို့က ယူဆနေကြသော သံဃာတော်များလည်း ယခုလောက် များတော့မည်မဟုတ်ပါ။ ဥပဒေမှန်ကန်ဖို့နှင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ဖို့သာ လိုပေသည်။ တာဝန်ကိုယ်စီကျေပွန်ကြဖို့ အရေးကြီးသည်။ ဘုရားလောင်း ဆဒ္ဒန်ဆင် မင်းသည် သောနုတ္ထိုမုဆိုးအား အသေသတ်နိုင်ပါသော်လည်း မုဆိုးခြုံထားသော သင်္ကန်းကို မြင်ရ သောအခါ ဘုရား ပစ္စေကဗုဒ္ဓါတို့၏ အသုံးအဆောင်ကို ငါ့အားလာပြပေသည်။ ဒီလိုအဝတ်မျိုး ဘဝသံသရာတွင် တွေ့ကြုံရဖို့ အလွန်ခဲယဉ်းသည်။ ငါသည်လည်း ပါရမီဖြည့်နေသော ယောက်ျားကောင်း ယောက်ျားမြတ်ဖြစ်သည်။ သူ့အသက်ကို မသေစေကောင်းဟုသာ ကြည်စွာလွှတ်ပေးရုံမက ဆင်စွယ်တစ်စုံ၊ မုဆိုးအတွက် ၇ရက်အတွင်း ပြည်တော်ပြန်ရောက်စေရန် ပရိတ်အရံအတားများဖြင့် ချီးမြှောက်တော်မူခဲ့သည်။
သြကာသပင် ဖြောင့်အောင်မရသော တချို့သော လူတန်းစားများသည် သာသနာတော်၏ ဂုဏ်ကျေးဇူး သံဃာတော်တို့၏ ဂုဏ်ကျေးဇူးဆိုသည်ကို သိဖို့ အင်မတန်မှ ခက်ခဲလေသည်။ မိမိဘဝကို မိမိမတူးဖြိုမှီ အသိနောက်မကျသေးခင် မပြစ်မှားသင့်သောသူများအား မပြစ်မှားမိစေဖို့ စေတနာဖြင့် ရေးသားရပါသည်။ သာသနာတော်အတွက် အန္တရာယ်ကျရောက်မည့် အခါတိုင်း သံဃာတော်သည် ကြောင့်ကြမဲ့ နေတော် မမူကြပါပေ။မိမိရေးသားသောစာသည် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမျှ ရည်ရွယ်၍ ရေးသားသည် မဟုတ်ပါ။ နိုင်ငံရေးဆိုသည်ကိုလည်း စိတ်မဝင်စား၊ မပျက်စီးသင့်သောသူများ ဘဝသံသရာ မပျက်စီးစေဖို့၊ သံဃာဂိုဏ်းမသင့်စေဖို့ မိမိကိုယ်ကိုယ် မိမိပြန်လည်၍ တူးဖြိုဖျက်ဆီးသူများ မဖြစ်စေဖို့ သာသနာ အရှည်ခံ့၍ တည်တံ့စေဖို့သာ ရည်ရွယ်ပါသည်။ ဤသစ္စာစကား မှန်ကန်ပါက အမိမြန်မာပြည် အေးချမ်း သာယာ၍ သာသနာတော်သည် နေလိုလလို ထွန်းလင်းတောက်ပပါစေသတည်း။ အမြဲတမ်း ဘေးမသင့်ဘဲ အေးချမ်းသာယာ သံသရာဝယ် ချမ်းသာပျော်ရွှင်စွာ ဘဝခရီးကို ဖြတ် နိဗ္ဗာန်အထိတက်လှမ်း နိုင်ကြပါစေ။ (ဘဒ္ဒန္တတိက္ခဥာဏာလင်္ကာရ)
ဆရာတော်ကြီး ပျံလွန်တော်မူတဲ့ အချိန်မှာ ဦးခင်ညွန့် အကျယ်ချုပ်ဘဝနဲ့ သွားကန်တော့သည်ဟု သိရ သည်။ သို့သော် အချိန်နှောင်းခဲ့ပြီ။ ဆရာတော် ဘဒ္ဒန္တတိက္ခဥာဏာလင်္ကာရ၏ သံဃာ့ဂိုဏ်းမသင့်စေဖို့ ဆောင်းပါးအား မူရင်းအတိုင်း မျှဝေသည်။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)