Monday, June 30, 2014

ခေါက်ဆွဲစားသူများ (ခေါက်ဆွဲစားသူများ)


မေတ္တာဥာယျာဉ်မှကူးယူပါသည်

ဂန္ထ၀င် ဟော်လန် ပန်းချီဆရာကြီး ဗင်းဆင့်ဗင်ဂိုရဲ့ ကမ္ဘာကျော် ပန်းချီကား “အာလူး စားသူများ”ကို အားကျ တုပ လိုက်တာတော့ မဟုတ်ပါဘူး။ ပရဟိတ လူငယ်မောင်မယ်တွေ ဦးဆောင် ကျင်းပတဲ့ တရားပွဲ တစ်ခုမှာ “ရင်ထဲက ဘောလုံးပွဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောရင်းက စပ်မိပြီး ပြောဖြစ်ခဲ့တဲ့ ခေါက်ဆွဲစားသူများ အကြောင်းပါ။
          “ရင်ထဲက ဘောလုံးပွဲ” ဆိုတာ မိမိက ခေတ်မီအောင် အဆန်းတည်ထွင် အမည်ပေးပြီး ဟောကြားတဲ့ အကြောင်း အရာတော့ မဟုတ်ပါဘူး။ တိပိဋကဓရ (ယော)ဆရာတော် ဘုရားကြီး အမည်ပေး ဟောကြားထားတဲ့ “ခန္ဓာကိုယ်ထဲ ဘောလုံးပွဲ” ဆိုတဲ့ အကြောင်း အရာပါပဲ။
          လူတိုင်းရဲ့ ခန္ဓာကိုယ်ထဲမှာ “စိတ်”ဆိုတဲ့ ဘောလုံး ကလေးကို “ကဏှပက္ခ = အမည်းရောင် အသင်း” လို့ အမည်ရတဲ့ အကုသိုလ် သင်းနဲ့ “သုက္ကပက္ခ = အဖြူရောင်သင်း”လို့ အမည်ရတဲ့ ကုသိုလ် သင်းတို့ အပြိုင်အဆိုင် အလုအယက် ကစားနေတဲ့ ဘောလုံး ပွဲကြီးဟာ နိုးချိန်ကစပြီး အိပ်ပျော်နေချိန် အထိ နေ့စဉ်မပြတ် ဆင်နွှဲနေပါတယ်။
 
          သုဂတိ လူ့ဘုံဆိုတာ ကုသိုလ်ကံကြောင့် ရရှိထားတဲ့ ဘ၀ဖြစ်တဲ့ အတွက် ကိုယ့်အိမ်ကွင်း ဖြစ်တဲ့ ဒီဘောလုံးပွဲမှာ ကိုယ့်အသင်းက အဖြူရောင်ဖြစ်တဲ့ ကုသိုလ်သင်းပါ။ အခုလို သာသနာတော်တွင်း ကာလနဲ့ ကြုံခိုက်မှာ “ဗုဒ္ဓံသရဏံ ဂစ္ဆာမိ = မြတ်စွာဘုရားကို အားထား ကိုးကွယ်ရာဟု သိမှတ် ဆည်းကပ်ပါ၏” လို့ အဓိဋ္ဌာန်ပြု တည်ဆောက် ထားကြတဲ့ ဗုဒ္ဓဘာသာဝင်များ အနေနဲ့ ကိုယ့်အသင်းဟာ ဘုရားရှင် ကိုယ်တော်တိုင် နည်းပြ လမ်းညွှန်ပေးမှုကို ခံယူ ရရှိထားတာ ဖြစ်လို့ နည်းစနစ်ပိုင်းရော နည်းဗျူဟာ ပိုင်းပါ အလွန်ပြည့်စုံ ကောင်းမွန်နေတာ သေချာပါတယ်။ ဒါဟာ ဘုန်းကံပါရမီ အလွန်ကြီးမား သူတို့သာ ရနိုင်တဲ့ အခွင့်ထူးကြီးပါ။
          ဒါပေမယ့် တကယ့် လက်တွေ့ မှာတော့ နည်းပြ ကောင်းနဲ့ လေ့ကျင့်ထားတဲ့ ကိုယ့်အသင်းက ကိုယ့်အိမ်ကွင်းမှာ ကိုယ့်ပရိသတ်ရဲ့ အားပေးမှု နည်းလွန်းတဲ့ အတွက် တစ်နေ့တာ စာရင်းချုပ် လိုက်ရင် အကုသိုလ် အသင်းကချည်း အနိုင်ရသလို ဖြစ်နေပါတယ်။ အဓိက ချွတ်ယွင်း ချက်ကတော့ ကိုယ့်အသင်းရဲ့ ခေါင်းဆောင်ဖြစ်တဲ့ “သတိ”တရား ပေါ့လျော့ မှုကြောင့်ပါ။ ဒါဟာ အခုခေတ် မှာတော့ မဟုတ်ပါဘူး ပဝေသ ဏီကတည်း ကပါ။ ဒါကြောင့်လည်း မြတ်ဗုဒ္ဓ သက်တော်ထင်ရှား ရှိစဉ်က နေ့စဉ်နေ့တိုင်း “အပ္ဗမာဒေန သမ္မာဒေထ ”လို့ အမြဲ တိုက်တွန်းတော် မူနေရတာပါ။
          ကိုယ့်အသင်းအတွက် မြတ်ဗုဒ္ဓ ချမှတ်ပေးထားတဲ့ နည်းစနစ်က “နောက်တန်းမှာ သီလသိက္ခာ မဂ္ဂင်သုံးပါး။ အလယ်တန်းက သမာဓိသိက္ခာ မဂ္ဂင်သုံးပါး။ ရှေ့တန်းက ပညာသိက္ခာ မဂ္ဂင်နှစ်ပါး” ဆိုပြီး ၃-၃-၂ စနစ်ဖြစ်ပါတယ်။ နည်းဗျူဟာ ပိုင်းအရကတော့ နောက်တန်းက “မကောင်းမှုရှောင် (၀ါရိတ္တသီလ)၊ ကောင်းမှုဆောင် (စာရိတ္တသီလ)” ကြရမှာ ဖြစ်ပြီး ရှေ့တန်းကတော့ အမည်းရောင် ဖြစ်တဲ့ တစ်ဖက်အသင်း လုံးဝ ရှုံးနိမ့်ပြီး စိတ်ဘောလုံးကို ကိုယ့်အသင်းက အပိုင် ကိုင်ထားနိုင်ရေး ဖြစ်တဲ့ “ဖြူအောင် စိတ်ကိုထား” နိုင် ကြဖို့ ဖြစ်ပါတယ်။
          ရင်ထဲက ဘောလုံးပွဲ ဆိုတာ ဘ၀ တစ်ခုလုံးကို ပုံလောင်းထားရတဲ့ အရေးအကြီးဆုံး ဘောလုံးပွဲကြီးပါ။ ဘာဖြစ်လို့လည်း ဆိုတော့ ရှုံးရင် သုဂတိဘုံက ထွက်ပြီး အပါယ်လေးဘုံ ဆိုတဲ့ ဒုဂ္ဂတိဘုံကို သွားရမှာဖြစ်ပြီး နိုင်ရင်တော့ အပါယ်ဘုံကို လုံးဝ ပြန်မသွားရတော့ဘဲ သုဂတိ အဆင့်ဆင့်ကနေ နိဗ္ဗာန်အထိ တက်ခွင့်ရကြမည့် “ရှုံးထွက်၊ နိုင်တက်” ပြိုင်ပွဲကြီး ဖြစ်လို့ပါပဲ။
          ကိုယ့်ဘ၀နဲ့ ဘာမျှ မပတ်သက်တဲ့ အပြင် ဘောလုံးပွဲ တွေမှာတော့ လူတွေဟာ ကိုယ့်အသင်း၊ ကိုယ်နိုင်စေချင်တဲ့ အသင်းကို စိတ်အား ထက်ထက်သန်သန် အားပေး တတ်ကြပေမယ့် ကိုယ့်ဘ၀ တစ်ခုလုံး လောင်းကြေး တင်ထားရတဲ့ ကိုယ့်ရင်ထဲက ဘောလုံးပွဲမှာတော့ ကိုယ့်အသင်းဖြစ်တဲ့ ကုသိုလ်သင်းဟာ မြန်မာပြည်သားများ ပီပီ မြန်မာမှုပြုနေ ကြတယ်လို့ ဆိုရ လောက်အောင်ပဲ မြန်မာ့ ဘောလုံးသင်းနဲ့ အတော်လေး တူနေတယ်။
          ဟုတ်တယ်လေ၊ ကြွေးကြော်သံအရ ကြည့်လိုက်ရင် မြန်မာ့ အားကစားကလည်း “ကမ္ဘာကို လွှမ်းစေရမည်” တဲ့။ ဗုဒ္ဓဘာသာ ၀င်တို့ရဲ့ ကြွေးကြော်သံကရော ဘာထူးလဲ၊ ပန်းတစ်ပွင့် ရေတစ်ခွက်ပဲ လှူလှူ “နိဗ္ဗာန ပစ္စယောဟောတု” ပဲ။ နိဗ္ဗာန်ဆိုတာ လောကုတ္တရာတရား။ လူနတ် ဗြဟ္မာဆိုတဲ့ လောက သုံးပါးလုံးကို ကျော်လွန်တဲ့ တရားဆိုတော့ “လောက သုံးပါးလုံးကို လွှမ်းစေရမည်” ဆိုတဲ့သဘောပဲ။
          ကြွေးကြော်သံ ဆိုတာ လုပ်ဆောင်ချက်နဲ့ အကောင်အထည် ဖော်ရမှာလေ။ စာရေးဆရာ ထက်ခေါင် ပြောသလို “လွှမ်း” ချင်တယ်ဆိုရင် “လှမ်း”နေရမှာ။ “လွှမ်း”ဆိုတဲ့ နေရာမှာ ပုဂ္ဂိုလ်ရဲ့တာဝန်က “ဟထိုး” လေးပဲထည့်ပြီး “လှမ်း” ရမှာ။ “၀ဆွဲ”က ပုဂ္ဂိုလ်ရဲ့ တာဝန် (ပုဂ္ဂလဗျာပါရ) မဟုတ်ဘူး၊ လုပ်ဆောင်ချက်ရဲ့ အကျိုးအဖြစ်နဲ့ ရောက်လာရမှာ ဖြစ်လို့ ဓမ္မရဲ့ တာဝန် (ဓမ္မဗျာပါရ) ဖြစ်တယ်။ မှီအောင်လှမ်း နိုင်ရင် ညီသွားမယ်။ ကျော်အောင် လှမ်းလိုက်ရင် လွှမ်းသွား မှာပဲ မဟုတ်လား။
          ပုဂ္ဂလ ဗျာပါရဖြစ်တဲ့ “ဟထိုး” ကိုတော့ မထည့်ကြဘဲ ဓမ္မဗျာပါရဖြစ်တဲ့ “၀ဆွဲ”ကို ဇွတ်အတင်း ထည့် နေကြတော့ ဒီကြွေးကြော်သံကို တွေ့ရတိုင်း ဆရာငြိမ်းကျော်ရဲ့ လူကြိုက်များတဲ့ ၀တ္ထုတစ်ပုဒ်ကို ပြေးပြီး သတိရမိတယ် “လွမ်းလို့ ကျန်ရစ်ခဲ့မှာကို အားနာပါတယ်လေ”တဲ့။
----------------
ဒီနေ့ ပရဟိတ လူငယ် မောင်မယ်တွေရဲ့ ကြိုးစား လုပ်ဆောင်နေမှုကို ကြည့်လိုက်မယ် ဆိုရင် မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်ဆိုတဲ့ သီလသိက္ခာအရ အတော်လေး တာဝန်ကျေကြတဲ့ အတွက် နောက်တန်း ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဘောလုံးပွဲ တစ်ပွဲမှာ နောက်တန်းခံစစ် လုံရင် တစ်ဖက်သင်းက ဂိုးမရှူးနိုင်တဲ့ အတွက် “မရှုံးဘူး”လို့တော့ ပြောလို့ရပါတယ်။ မရှုံးဘူးဆိုတော့ မထွက်ရဘူး ဆိုလည်း ပြောနိုင်ပါတယ်။ ဟုတ်ပါတယ် သီလ သိက္ခာလုံခြုံရင် သုဂတိဘုံက ထွက်ပြီး ဒုဂ္ဂတိဘုံကျရောက်ဖို့ အကြောင်း မရှိပါဘူး။
          မထွက်ရလို့ တက်ရမှာလား ဆိုရင်တော့ ဒီလိုတော့ ပြောလို့ မရသေးပါဘူး။ နောက်တန်းဆိုတာ ရှုံးတယ်နဲ့ မရှုံးဘူးကိုသာ အဆုံးအဖြတ် ပေးနိုင်တာမျိုးပါ၊ မရှုံးရင် မထွက်ရဘူးလို့ပဲ ပြောလို့ ရပါသေးတယ်။ တက်ရမယ် မတက်ရဘူးဆိုတာ ကတော့ ရှေ့တန်းက အနိုင်ဂိုး ရှူးနိုင်တဲ့အပေါ် မူတည်ပါတယ်။ ရှေ့တန်း ပညာသိက္ခာက ၀ိပဿနာ ပညာတာဝန်ကျေလို့ မဂ်ပညာ တစ်ခုလောက် အနည်းဆုံး ရအောင် ရှူးနိုင်မယ် ဆိုရင်တော့ နိဗ္ဗာန်ဖလား အပိုင်ရပြီဖြစ်လို့ အပါယ်လေးဘုံကို ဘယ်တော့မှ ပြန်မသွားရဘဲ တစ်ဆင့် တက်သွားပြီလို့ ဆိုနိုင်ပါတယ်။
ဒီအဆင့် ရောက်အောင် မတက်နိုင် သေးရင်တော့ မထွက်ရသေးဘူး ဆိုပေမယ့် အခိုင်အမာတော့ မဖြစ်သေးပါဘူး။ အချိန်မရွေး အပါယ်လေးဘုံဆီ ပြန်လည် သွားနိုင်ပါတယ်။
အဲ … “ပြန်လည် သွားနိုင်တယ်” ဆိုတာနဲ့ စပ်မိလို့ ပြောရဦးမယ်။ အပြင် ဘောလုံးပွဲ တွေမှာ “ခေါက်ဆွဲစားတယ်”ဆိုတဲ့ ဝေါဟာရတစ်ခု ရှိတယ်။ အမရပူရမှာ နေတုန်းက မန္တလေးတိုင်းမှာ ဘောလုံး ကစားရာမှာ နာမည်ကြီးသလောက် ခေါက်ဆွဲ စားရာမှာလည်း နာမည်ကြီးတဲ့ ရှေ့တန်းတိုက်စစ်မှူး ဘောလုံး သမားကြီး တစ်ဦးအိမ်မှာ ဆွမ်းခံရလို့ အတော် ရင်းနှီးခဲ့ ဘူးတယ်။ မိမိက ခေါက်ဆွဲ စားတယ်ဆိုတာ တကယ့်ခေါက်ဆွဲ ပြောတာမှတ်လို့ “ဘောလုံးသမားတွေ ခေါက်ဆွဲ စားတာဘာဖြစ်လို့ အပြစ်ပြောရတာလဲ” ဆိုတဲ့ အကြောင်း မေးကြည့်တော့ သူကရယ်ပါတယ်။
ခေါက်ဆွဲ စားတယ်ဆိုတာ အပြင်က စားစရာ ခေါက်ဆွဲ စားတာကို ပြောတာမဟုတ်ဘူး။ သရေဖြစ် ရင်တောင် အောက်ကြေး သမားဘက်က အနိုင်ရသွားနိုင်တဲ့ ပွဲမျိုးမှာ အောက်ကြေး ကစားသမား တွေဆီက ငွေကိုယူထားတဲ့ အထက်ကြေး ဘောလုံးအသင်းက ရှေ့တန်း ကစားသမားတွေ တစ်ဖက်အသင်းရဲ့ ဂိုးရှေ့မှာ ကိုယ့်ဆီ ဘောလုံး ရလာပြီဆိုရင် ဂိုးရှူးခွင့် ရပေမယ့် မရှူးဘဲ တစ်ဖက် အသင်းက ဖျက်ထုတ်ဖို့ အချိန်ရအောင် လိမ်ခေါက်ပြီး အချိန်ဆွဲ၊ နောက်ပြန်ဆွဲ လုပ်နေတာကို ပြောတာ။ အမှန်ကတော့ ခေါက်ဆွဲ လုပ်နေတာပါ။ ဒါကိုအပြင်က စားစရာ ခေါက်ဆွဲနဲ့ တင်စားပြီး “ခေါက်ဆွဲ စားတယ်”လို့ ပြောကြတာတဲ့။
အဲဒီသဘောမျိုးနဲ့ ပြောရမယ်ဆိုရင် ရင်ထဲက ဘောလုံးပွဲမှာလည်း ရှေ့တန်းဖြစ်တဲ့ ပညာသိက္ခာပိုင်း ရောက်ပြီဆိုရင် ဗုဒ္ဓဘာသာဝင် တော်တော် များများဟာ ခေါက်ဆွဲ စားသူတွေ ဖြစ်နေကြလို့ အနိုင်ဂိုး မရှူး နိုင်ကြတာကို တွေ့နေရတယ်။
          ဗုဒ္ဓဘာသာတို့ အနေနဲ့ ဘယ်လိုကုသိုလ် ကောင်းမှုမျိုးပဲ လုပ်လုပ် “နိဗ္ဗာန ပစ္စယောဟောတု” လို့ ဆိုကြတာ ချည်းပါပဲ။ တကယ်တန်း အလှူကြီး အတန်းကြီး လုပ်ကြလို့ ရေစက်ချမယ့် အချိန်ရောက်ပြီ ဆိုရင်တော့ လယ်တီဆရာတော် ဘုရားကြီးက “ဥတ္တမပုရိသဒီပနီ” ကျမ်းမှာ ရေးပြသလိုပဲ “နိဗ္ဗာနပစ္စယော”က အသံသဲ့သဲ့ ကလေးနဲ့ ပါလေကာမတ္တပဲ ပါတော့တယ်။ “အကြင်မျှလောက် ကာလပတ်လုံး နိဗ္ဗာန်ချမ်းသာကို မရရှိသေး၊ ထိုမျှလောက်ကာလ ပတ်လုံး သံသရာ၌ ကျင်လည်ရသည် ရှိသော်”ကစပြီး ရေစက်ချဆရာ အာဝဇ္ဇန်း ကောင်းရင် ကောင်းသလောက် သံသရာကျင်လည်ရေး တရားတွေကို တောင်းနေ ကြတဲ့အတွက် နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်တွေ ကြောင်ခြစ်သလို ဖြစ်ကုန်ကြတယ်တဲ့။
“ကုသိုလ်ကြောင်ခြစ် ဖြစ်တယ်” ဆိုတာ သစ်သား သင်ပုန်းကြီး တွေနဲ့ စာရေးတဲ့ခေတ်က သုံးတဲ့ စကားပါ။ သစ်သားမှာ ထမင်းရည်နဲ့ မီးသွေး မှုန့်သုတ်လိမ်းပြီး ရေးထားတဲ့ စာကိုကြောင် ကုတ်ခြစ်ပစ်တဲ့ အခါ စာလုံးတွေ ဖတ်မရ တော့ဘဲ ဖြစ်ကုန်တာကို ပြောတာ။ ကုသိုလ် ကြောင်ခြစ်တွေ လုပ်နေတာဟာ သံသရာ ၀ဋ်ဒုက္ခမှ လွတ်ရာ နိဗ္ဗာန်အတွက် လုပ်တဲ့ ကုသိုလ်တွေကို သံသရာနယ်ထဲ ပြန်လည်အောင် ခေါက်ဆွဲ လုပ်ပစ်ကြတာပဲ မဟုတ်လား။ ဒါကြောင့် ရင်ထဲက ဘောလုံးပွဲ တွေမှာလည်း ရှေ့တန်း ပညာသိက္ခာပိုင်း ရောက်ပြီဆိုရင် ခေါက်ဆွဲ စားသူတွေများပြီး အနိုင်ဂိုး မရှူးကြတဲ့ အတွက် သံသရာက မတက်နိုင်ကြသူတွေ များနေကြတယ်လို့ ပြောတာပါ။
--------------------
လောကီသားတွေဟာ လောကထဲ နေကြသူတွေ ဖြစ်တဲ့အတွက် ရင်ထဲက ဘောလုံးပွဲတွေ ကလည်း နိဗ္ဗာန်ဖလားကို တိုက်ရိုက် ရည်မှန်းတဲ့ ဓမ္မဘောလုံး ပွဲတွေချည်း ကစား နေကြရတာ မဟုတ်ပါဘူး။ ကိုယ်ကျင် လည်ရာ လောက အတွက် ကစားကြရတဲ့ လောက ဘောလုံးပွဲ တွေလည်း အများကြီး ကစား နေကြရတာပါ။ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစတဲ့ ဘောလုံးပွဲတွေပေါ့။
ပညာရေးမှာ ပညာကို အလေးမထားဘဲ အပျော်အပါးတွေ ကာလ ပေါ်ဆေးဝါးတွေ အသုံး ပြုနေကြတဲ့ သူတွေ။ စီပွားရေး လုပ်ရင်းက အပျော်အပါးတို့၊ လောင်းကစားတို့၊ အကြံအဖန် အကပ် အရပ်တွေနဲ့ ဖြတ်လမ်း နည်းစီးပွား ရှာချင်ကြသူတွေ စသည်ပေါ့။ ဒီလိုလူတွေလည်း ခေါက်ဆွဲ စားနေကြသူ တွေပါပဲ။
ဒီနေ့ ပရဟိတ လူငယ်မောင်မယ်တို့ အနေနဲ့ မိမိတို့ ပတ်ဝန်းကျင်မှာ အခုလို ပရဟိတ လုပ်ငန်းတွေကို လုပ်ဆောင် နေကြတာဟာ ကိုယ့်ရင်ထဲမှာ လူမှုရေး ဘောလုံးပွဲကြီး ဆင်နွှဲနေကြတာပါပဲ။ တချို့ဆိုရင် နိုင်ငံရေး အသင်းအဖွဲ့ တွေထဲမှာ ပါဝင်ပြီး နိုင်ငံရေး ဘောပွဲ ဆင်နွှဲနေကြသူတွေ လည်းရှိနေကြမှာပါ။
ဒီနေ့ ဂျာနယ်တွေ သတင်းစာတွေကို ဖတ်ကြည့်တဲ့အခါ နိုင်ငံရေး ဘောလုံးပွဲ ဆင်နွှဲ နေကြသူအချို့ ဆိုရင် စပြီး ကြွေးကြော် တုန်းကတော့ အပျံစား ဒီမိုကရေစီ နိုင်ငံကြီး ဖြစ်အောင် ချီတက်မယ့် အကောင်းစား အစိုးရ ဖြစ်စေဖို့ဆိုတဲ့ အသံတွေ မြည်ဟိန်း နေလို့ လက်ခုပ် လက်ဝါးတွေ အားရပါးရ တီးပြီး အားပေးမယ်မှ မကြံရသေးဘူး လိမ်ကွေ့ ခေါက်ဆွဲ လုပ်နေကြတဲ့ အကြောင်းတွေက နေ့စဉ်သတင်း တွေထဲမှာ အများဆုံး ပါနေကြတာ လူငယ် မောင်မယ်တွေလည်း တွေ့မိကြမှာပါ။
အရှိန်အဟုန်နဲ့ ချီတက်ပြီး ဒီမိုကရေစီ ဖလားကြီးနဲ့ အောင်ပွဲ ခံကြမယ်လို့ ကြွေးကြော်သံ ဟိန်းခဲ့ပြီးမှ ခေါက်ဆွဲ စားသူတွေ များနေရင်တော့ ကိုယ့်အသင်း ကောင်တာ ပေါက်ပြီး တစ်ဖက်အသင်း အချောင် ဂိုးနဲ့ အနိုင်ရသွားရင် ဘာဖြစ်သွားမယ် ဆိုတာ သိတယ်မို့လား။ ရှုံးထွက်ပွဲတို့ရဲ့ ထုံးစံအတိုင်း ရှုံးပြီးရင် ထွက်ရမှာပဲ။ သုဂတိဘုံက ထွက်ရရင် ဘယ်ရောက် သွားမယ်ဆိုတာ အားလုံးသိကြမှာပါ။
အခု တရားပွဲကြီး ကျင်းပတဲ့ လူငယ်မောင်မယ်တွေ အားလုံးဟာ ကိုယ့်လုပ်ငန်းနဲ့ ကိုယ့်ပန်းတိုင်ကို သဘောပေါက်ပြီး မျက်ခြည် မပြတ်ကြစေဖို့ အထူးသတိ ထားကြရပါလိမ့်မယ်။ “ပရဟိတ အလုပ်”ဆိုတာ အများအကျိုးကို ဆောင်ရွက် နေကြတာပါ။ ဘာရည်မှန်းချက်နဲ့ လည်းဆိုတာ အထူး ပြောဖို့ မလိုပါဘူး “အများ ချမ်းသာဖို့”ပါပဲ။
ဒီလုပ်ငန်းမှာ ပါဝင်ကြတဲ့ လူငယ် မောင်မယ်တွေအနေနဲ့ ကိုယ့်ရည်မှန်း ချက်နဲ့ မျက်ခြည်ပြတ်ပြီး ကိုယ်ကျိုး ဖက်လာကြမယ်၊ အနည်းဆုံး ကိုယ့်အတွက် ဂုဏ်သတင်း ကျော်စော ခြင်းတွေကို တောင့်တလာ ကြမယ်။ နေရာရလိုမှု၊ အာဏာပြလိုမှု၊ ဗိုလ်ကျ လိုမှုတွေ ဖက်လာကြမယ် ဆိုရင် သိတယ်မို့လား “အောင်ပွဲ သွားတွေ” ဖြစ်ရမည့်အစား “ခေါက်ဆွဲ စားသူတွေ” ဖြစ်သွားကြမှာပဲ။
ဒီလို ဖြစ်သွားပြီ ဆိုရင်တော့ အချင်းချင်း ညီညွတ်မှုတွေ ပျက်ပြားပြီး ကောင်တာ ပေါက်သွားမှာ သေချာတယ်။ ကောင်တာပေါက်သွားရင် တစ်ဖက်အသင်းက အချောင်ဂိုးနဲ့ အနိုင် ရသွားမှာလည်း မိုးလက်ညှိုးထိုး မလွဲပဲ။ ကိုယ့်ရင်ထဲက ဘောလုံးပွဲဆိုတာ ခဏခဏလည်း ပြောခဲ့ပါပြီ။ ရှုံးရင်ထွက်၊ နိုင်ရင်တက်ရမှာလေ။ နိုင်တက် မဖြစ်ရင်တော့ ရှုံးထွက်က သေချာနေတာပဲ။
သုဂတိ လူ့ဘုံက ထွက်ရပြီဆိုရင် ဘယ်ရောက် သွားမလဲဆိုတာ ကတော့ မေးနေစရာ မလိုပါဘူး။ ငယ်ငယ်တုန်းက နားထောင်ဖူးတဲ့ ထွေးညို ပြဇာတ်ထဲက လိုပဲ “ကိုကြီးသာဒင် မြေကြီးခံ နေလို့နော်၊ မြေကြီးသာ မခံရင် အ၀ီစိ ရောက်သွားမယ်” ဆိုတာ မျိုးပါပဲ။ ဒါကြောင့် မောင်တို့ မယ်တို့ အလေးအနက် မှတ်ထားကြပါ။ ခေါက်ဆွဲ စားသူတွေ ဖြစ်နေရင်တော့ ချောက်ထဲ သွားသူတွေ ဖြစ်မှာလည်း မလွဲပါဘူး။
မောင်တို့ မယ်တို့ အားလုံး “ခေါက်ဆွဲစားပြီး ချောက်ထဲသွားသူ” မဖြစ်ကြဘဲ ရည်မှန်းချက် ပန်းတိုင်ကို မျက်ချည်မပြတ် ဆင်နွှဲနေကြတဲ့ “အောင်ပွဲ သွားသူတွေ” ဖြစ်ကြပါစေလို့ တိုက်တွန်း ဆုတောင်းလိုက်ပါတယ်။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
(၆-၅-၂၀၁၄)   

No comments:

Post a Comment