Wednesday, July 31, 2013

မကျယ်မ၀န်း အလယ်လမ်း (ဓမ္မစကြာ ၂)

copy from http://ashinsirinda.com/
Jan 5 2010

အဘိဓမ္မာတစ်ရပ် ရှင်သန်ဖို့အတွက် အရေးအကြီးဆုံး အသက်သွေးကြောက "အဟောင်း"ကို ကြောင်းကျိုး ခိုင်လုံစွာ ပယ်ရှားနိုင်ခြင်းနဲ့ ကျိုးရှိ မှန်ကန်တဲ့ "အသစ်"ကို အစားထိုးပေးနိုင်ခြင်း ဆိုတဲ့ တာဝန် နှစ်ရပ်လုံး ကျေပွန်ခြင်းပဲ ဖြစ်ပါတယ်။ (နိကာယ်ပညာရှင် မထေရ်မြတ်များ)

မြတ်စွာဘုရားရှင် မဟာသက္ကရာဇ် ၁၀၃-ခု၊ ၀ါဆိုလပြည့်နေ့ ညနေဆည်းဆာ အချိန် လောက်မှာ
မိဂဒါဝန်တောကို ရောက်သွားပါတယ်။ ကြိုတင် သိမြင်ထားတဲ့ အတိုင်းပါပဲ၊ သူလိုကိုယ်လို ခြေကျင်ကြွ လာတဲ့ မြတ်စွာဘုရားရှင်ကို အဝေးကနေ မြင်နေရတဲ့ ပဉ္စ၀ဂ္ဂီငါးဦး တို့ဟာ ဘာမှ အထင်မကြီးရုံ မကဘူး၊ 'တရာပျက်ပြီး အစားမက်တဲ့ တရားလူထွက်ကြီး' ဆိုတဲ့ စွပ်စွဲချက်နဲ့ အထင်တောင် သေးကြပါသေးတယ်။ ဒါက ဆန်းကြယ်လှတဲ့ ကိစ္စတစ်ရပ်တော့ မဟုတ်ပါဘူး။  မြက်ကို အကောင်းဆုံးထင်တဲ့ သားသမင်တို့အတွက်' ပတ္တမြား ဆိုတာ အလကား ပစ္စည်းပဲ' ဆိုတဲ့ မြတ်စွာဘုရားရှင်ရဲ့ ဥပမာအတိုင်းပါပဲ။
အဲဒီခေတ်က မြင့်မြတ်လေးစား ထိုက်တဲ့ ပုဂ္ဂိုလ်အဖြစ် တိုင်းတာတဲ့ 'စံချိန်' ပမာဏ သုံးခုထဲမှာ ပဉ္စ၀ဂ္ဂီတို့ အလေးအထားဆုံးက 'လူခပမာဏ' လို့ခေါ်တဲ့ ခေါင်းခေါင်းပါးပါး ကျင့်သုံးမှု စံချိန်ပဲ ဖြစ်နေ ပါတာပါ။ 'ဓမ္မပမာဏ' ဆိုတဲ့ တရားစံချိန်ကို ဘယ်သူမှ အလေး ဂရုပြုရကောင်းမှန်း မသိကြ သေးပါဘူး။ မြတ်စွာ ဘုရားရှင်က သူတို့ အလေးအထားဆုံး စံချိန်ကို တစ်ချိန်က အပြတ် 'ချိုး' ခဲ့ဖူးပေမယ့် အခု အချိန်မှာ အဲဒီစံချိန်ကို စွန့်ပယ်လိုက်ပြီဆိုတော့ ပဉ္စ၀ဂ္ဂီတို့မှာ တိုင်းတာစရာ စံချိန် ဘာမှ မရှိ တော့တဲ့အတွက် ဘာမှ မသိခြင်းပါပဲ။ ဘုရားရှင်ကို အဝေးက မြင်ရစဉ်တုန်းကတော့ "ဘယ်သူမှ ခရီးဦးကြိုဆို နှုတ်ဆက်မပြုကြဘဲ မသိကျိုးကျွန်ပြုပြီး ခပ်တည်တည် နေကြစို့" လို့တောင် အချင်းချင်း တိုင်ပင်လိုက်ကြသေးတယ်။ တကယ်တမ်း အနားရောက်လာတော့ လည်း ဘယ်သူမှ မနေနိုင်ကြပါဘူး။ ဘုရားရှင်ရဲ့ ကရုဏာတော် အအေးဓာတ်အောက်မှာ ဒေါသမီး၊ မာနမီးဟူသမျှ အားလုံးချုပ်ပျောက်သွားရစမြဲ ဖြစ်တဲ့ အတိုင်း ပဉ္စ၀ဂ္ဂီတို့ လည်း  သပိတ်၊ သင်္ကန်းကို သူ့ထက်ငါ လှမ်းယူသူကယူ၊ ခြေးဆေးရေ၊ ခြေးဆေးအင်ပျဉ် သယ်သူက သယ်၊ ခြေသုတ် အ၀တ် ရှာသူကရှာ ဖြစ်ကုန်ကြတော့တာပါပဲ။
ရူပပမာဏ၊ ဃောသပမာဏ အရှိန်အ၀ါကြောင့် အရိုအသေမပြုဘဲ မနေနိုင်ကြပေမယ့် တရားနာဖို့ကိုတော့ ငြင်းဆန်နေကြပါတယ်။ မြတ်စွာဘုရားရှင်က' ငါ မသေရာတရားကို ရခဲ့ပြီ၊ အဲဒီတရားကို နာယူကျင့်သုံးကြ၊ သင်တို့ရည်မှန်းတဲ့ ဒုက္ခငြိမ်းရာ ပန်းတိုင်ကို မုချ ရောက်စေရ မယ်'လို့ သုံးကြိမ်တိုင်တိုင် တိုက်တွန်းပေမယ့် ငြင်းဆန်မြဲ ငြိမ်းဆန်ပြီး တင်းခံနေကြပါတယ်။
ပဉ္စ၀ဂ္ဂီတို့ကို စည်းရုံးနိုင်ဖို့အတွက် နောက်ဆုံး တစ်ချက်ကတော့ မြတ်စွာဘုရား ရှင်ရဲ့ ဘ၀တစ်လျှောက်လုံး ကျင့်သုံးခဲ့တဲ့'ရိုးသားဖြောင့်မတ်မှုဂုဏ်' ပါပဲ၊ ဒါကြောင့် မြတ်စွာဘုရား ရှင်က "ငါဟာ အရင်က ' မရ၊ မရှိ၊ မမြင်သိတာ' ကို ရတယ်၊ ရှိတယ်၊ မြင်သိတယ်' လို့ ၀ါကြွား လှည့်စား ပြောကြားခဲ့ဖူးတာကို သင်တို့ မှတ်ဖူးပါသလား"လို့ မေးလိုက် တဲ့ အခါမှာတော့ ပဉ္စ၀ဂ္ဂီငါးဦးလုံး တရားကို ဦးမခိုက်သေးပေမယ့် နားစိုက်ဖို့ ၀န်ခံလာကြပါ တော့တယ်။
အစဉ်အလာ တရားများထက် လွန်ကဲထူးမြတ်တဲ့ တရားကို 'အဘိဓမ္မာ'(အဘိ-လွန်ကဲ ထူးမြတ်တဲ့၊ ဓမ္မာ-သဘောတရား) လို့ ခေါ်တဲ့အတိုင်း အခု မြတ်စွာဘုရားရှင် ဟောကြားမယ့် တရားတော်ဟာလည်း 'အဘိဓမ္မာသစ်' လို့ ဆိုနိုင်ပါတယ်။ အဘိဓမ္မာသစ်တစ်ခု သက်ဝင် ရှင် သန်ရေးအတွက် အဓိက အသက် သွေးကြောက 'အဟောင်း'ကိုခိုင်လုံတဲ့ ကြောင်းကျိုးပြ ချက် နဲ့ ဖယ်ရှားနိုင်ခြင်းနဲ့ မချွတ်မယွင်း ပြစ်မဲ့ကျိုးရှိ မှန်ကန်တဲ့ 'အသစ်' ကို အစားထိုးပေးခြင်း ဆိုတဲ့ တာဝန်နှစ်ရပ်ကို ကျေပွန်စေရမှာ ဖြစ်တဲ့ အတိုင်း မြတ်စွာဘုရားရှင်ကလည်း မိမိတွေ့ရှိ တဲ့  အဘိဓမ္မာသစ်ကို မဟောမီ ရှေးဦးစွာ အဟောင်း တရားများကို ကြောင်းကျိုးပြ ဖယ်ရှား လိုတဲ့ အတွက် တရားဦးကို 'ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေ၀ိတဗ္ဗာ' ဆိုတဲ့ စကား နဲ့ စ လိုက်ပါတယ်။
ပထမ ဖယ်ရှားရမယ့် အစွန်းရောက် အကျင့် ဟောင်းက " ကာမသုခလ္လိကာနုယောဂ" လို့ခေါ်တဲ့ ' အာရုံ ငါးပါး ကာမဂုဏ် တရားများကို ရနိုင်သမျှ ရှာဖွေပြီး ခန္ဓာကိုယ်ရဲ့ အလိုကျ သုံး ဆောင်ခံစားခြင်းဟာ ချမ်းသာစစ်ဖြစ်တယ်' လို့ ခံယူကျင့်သုံးနေကြတဲ့ လမ်းစဉ်ဖြစ်ပါ တယ်။ ဒီလို ခံစားခြင်းကို ကျင့်စဉ်တစ်ရပ်၊ ဒဿနတစ်ခုအဖြစ် 'စရ၀ါက' ဆိုတဲ့ ဆရာကြီးက ဟောကြားခဲ့တာ ဖြစ်လို့ ကာမသုခလ္လိကကိုလည်း အနုယောဂ(ကျင့်စဉ်တစ်ခု) အဖြစ် မြတ်စွာ ဘုရားရှင်က သုံးနှုန်းဟောကြားရတာပါ။
ဒီအစွန်းရောက် ကျင့်စဉ်ကို ၀ဋ်ဒုက္ခက လွတ်မြောက်လိုသူတိုင်း စွန့်လွှတ်ရမှာ ဖြစ် ပါတယ်။ ဒီအတွက် မြတ်စွာဘုရားရဲ့ ကြောင်းကျိုးပြချက်ကတော့ ကာမသုခလ္လိက အကျင့် ဆိုတာ အနိမ့်ဆုံးဖြစ်တဲ့ တိရစ္ဆာန် များပင် ကျင့်သုံးခံစားနေတာ ဖြစ်လို့ ယုတ်နိမ့်တယ်(ဟီန) ယဉ်ကျေးတဲ့ခေတ်မှာလူမြင်မခံဝံ့စရာ ဖြစ်လို့ ရိုင်းလည်းရိုင်းတယ်(ဂါမ္မ) လူများစုကြီးဖြစ်တဲ့ လူပြိန်းတို့အကြိုက်သာဖြစ်တယ်။ (ပေါထုဇ္ဇနိက)အရိယာ ပုဂ္ဂိုလ်တို့၏ ကျင့်စဉ်မဟုတ်(အနရိယ) စစ်မှန်တဲ့ ကောင်းကျိုးကို မဖြစ်နိုင်ဘူးး(အနတ္ထသံဟိတ)ဆိုတဲ့ ချွတ်ယွင်းချက်များ ရှိနေလို့ပါပဲ။
ဒီအချက်နဲ့ ပတ်သက်လို့ သိဒ္ဓတ္ထမင်းသား ဘ၀က ကိုယ်တိုင် အစွန်းရောက် ကျင့်သုံး ခဲ့ပြီး စွန့်လွတ်ခဲ့ တာဖြစ်လို့ ပဉ္စ၀ဂ္ဂီငါးဦးတို့ အနေနဲ့" သပျစ်သီးကို မမီလို့ ချဉ်တယ် ပြောနေ တာ" ဆိုတဲ့ သဘောနဲ့ စောဒကတက်စရာ မရှိတော့ပါဘူး။ ခေါင်းညိတ် ၀န်ခံကြရပါတယ်။
နောက်ထပ် အစွန်းတစ်ခုကတော့ " အတ္တ ကိလမထ နုယောဂ" လို့ခေါ်တဲ့ ခန္ဓာကိုယ်ကို ပင်ပန်းအောင် ညှဉ်းပန်းအားထုတ်တဲ့ အကျင့်ပါ။ ဒီအကျင့်က ခန္ဓာကိုယ် ထဲမှာ 'အတ္တ' ကလေး ပျော်မွေ့နေသမျှ ဆင်းရဲတယ်၊ ခန္ဓာကိုယ်ကို ပန်ပန်းအောင် ညှဉ်းဆဲပေး ခြင်းဖြင့် 'အတ္တ' ကလေး ခန္ဓာကိုယ်နဲ့ ခွဲခွာပြီး မူလဖြစ်တဲ့ 'ပရမတ္တမ'နဲ့ ပြန်ပေါင်းမိသွားမှ  ချမ်းသာသုခ ရမယ်"လို့  ယုံကြည်ကြတဲ့ အဲဒီခေတ်က အမြင့်ဆုံး ၀ါဒတစ်ရပ် ဖြစ်ပါတယ်။ ခန္ဓာနဲ့ အတ္တ ကင်းကွာပြတ်စဲရေး (ဘ၀ပြတ်စဲရေး) ယုံကြည်တဲ့
ဥစ္ဆေဒဒိဋ္ဌိ အယူတစ်မျိုး ဖြစ် ပါတယ်။
ဒီ အစွန်းရောက်ကျင့်စဉ်နဲ့ ပတ်သက်လို့လည်း ဘုရားအလောင်းတော်က ဥရုဝေလ တောထဲမှာ စံချိန်ဟောင်း အားလုံးကို ချိုးပြီး ကိုယ်တိုင် စံချိန်သစ်တင် ကျင့်ခဲ့တာဖြစ်လို့ ပဉ္စ၀ဂ္ဂီတို့ အနေနဲ့ ကျေကျေနပ်နပ်ကြီး လက်မခံသေးသည့်တိုင်အောင် ငြင်းပယ်နိုင်စွမ်း တော့ မရှိကြပါဘူး။ ဒါကို ကြည့်လိုက်ရင် ဘုရားအလောင်းတော် ခြောက်နှစ်တိတိ ဒုက္ကရစရိယ အကျင့်ကို ကျင့်တော်မူခဲ့တာဟာ အများသူငါ ပြောမှား၊ ထင်မှားကြသလို ၀ိပါက်တော်ကြောင့်  မဟုတ်ဘဲ အဲဒီခေတ်ရဲ့ စံချိန်အားလုံးကို ချိုးထားခဲ့ဖို့အတွက် ဖြစ်တယ်လို့ မှန်းဆ ကြည်ညိုမိပါတယ်။
အဟောင်းကိုပယ်ဖျက်ရာမှာ မလိုအပ်ဘဲ အတင်းအဖျင်းဆန်တဲ့ ပြစ်ချက်တွေကို ထုတ်ပြ မနေဘဲ ကြောင်းကျိုး ခိုင်လုံရုံလောက်ကိုသာ အတိုချုပ် ထုပ်ပြ ဟောကြားတော်မူ ပေမယ့် အသစ်ကို တင်ပြတဲ့ နေရာမှာတော့ ပြည့်ပြည့်စုံစုံ ထုတ်ဆောင် ဟောပြတော်မူတဲ့ ဘုရားရှင်ရဲ့ ဒေသနာကောသလ္လဉာဏ် တော်ကိုလည်း အတုယူ ကြည်ညိုစရာ ကောင်းလှ ပါတယ်။
မှန်ပါတယ်၊ အသစ်ဖြစ်တဲ့ မဇ္ဈိမပဋိပဒါလမ်းစဉ် နဲ့ ပတ်သက်လို့ ဘုရားရှင်က လမ်းစဉ် အတိုင်း လိုက်နာခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးတရားများကို အပြည့်အစုံ  ကြိုတင် ဟောပြ တော်မူပါတယ်။
အဲဒီ အကျိုးများကတော့--
၁။ စက္ခကရဏီ = ဉာဏ်မျက်စိကို ပြုတတ်၏ဆိုတာ မျက်စိလည်နေတာကို ပျောက်ကင်း စေတယ် လို့ ဆိုလိုတာပါပဲ။ မှန်ပါတယ်၊ ပကတိ မျက်စိလည်သူဟာ အရှေ့ အနောက်၊ တောင် မြောက်တို့ ပြောင်းပြန် လည်နေသလို မှန်ကန်တဲ့အသိမရှိဘဲ ဉာဏ်မျက်စိ လည်နေသူများဟာ လည်း ဒုက္ခ၊ ဒုက္ခရဲ့ အကြောင်း၊ ဒုက္ခချုပ်ငြိမ်းရာ ဒုက္ခချုပ်ငြိမ်းကြောင်းတို့နဲ့ ပတ်သက်ပြီး ပြောင်းပြန်လည်နေကြတာပါ။   ဒုက္ခကို သုခထင် ဒုက္ခတွင်း ပိုပြီးနက်စေတဲ့ အကျင့် တို့ကို ဒုက္ခငြိမ်းကြောင်း ထင်နဲ့ ချာလပတ်လည်နေကြတာတွေဟာ ပုထုဇဉ်တိုင်းရဲ့ ဉာဏ်မျက်စိလည်မှုကြီးပါပဲ။
မဇ္ဈိမပဋိပဒါလမ်းစဉ်ကို လက်ခံကျင့်သုံးသူများဟာ ပထမဆုံး ဉာဏ်မျက်စိလည် ပျောက်ကင်း သွားတဲ့ အတွက် ဒုက္ခ၊ ဒုက္ခရဲ့အကြောင်း၊ ဒုက္ခငြိမ်းရာ၊ ဒုက္ခချုပ်ငြိမ်းကြောင်း အကျင့်တို့နှင့် ပတ်သက်လို့ သတ်မှတ်ချက် မှန်ကန်သွားမယ်လို့ ဆိုလိုပါတယ်။
၂။ ဉာဏကရဏီ = မျက်စိလည် ပျောက်လို့ သက်မှတ်ချက် မှန်ကန်သွားတဲ့အတွက် အသိလည်း မှန်ကန် သွားမယ်၊ မျက်စိလည် ပျောက်သူဟာ အရှေ့၊ အနောက် စသည်ကို အမှန် အတိုင်း သိသလို ဒုက္ခ၊ ဒုက္ခရဲ့အကြောင်း စသည်ကို အမှန်အတိုင်း သိမြင်သွားမယ် လို့ ဆိုလို တဲ့သဘောပါ။
၃။ ဥပသမာယ =  အရပ်မျက်နှာကို အမှန်အကန်သိပြီးသူဟာ အရပ်မျက်နှာ သဲသဲကွဲကွဲ မသိခင်ကလို ပူပင်ကြောင့်ကြစရာ မလိုဘဲ မိမိ သွားလိုရာ အရပ်ကို စိတ်ချ လက် ချ အေးအေးချမ်းချမ်း သွားနိုင်သလို မှန်ကန်တဲ့ လမ်းစဉ်ကို သိပြီးသူဟာလည်း ယုံမှား သံသ ယများနဲ့ ပူပင်ကြေင့်ကြရမှုမျိုး မရှိတော့ဘဲ စိတ်ချလက်ချ အေးအေးချမ်းချမ်း ဖြစ်သွားမယ်။
၎။ အဘိညာယ = အေးအေးချမ်းချမ်း စိတ်ချလက်ချ ဖြစ်သွားပြီ ဖြစ်လို့ သိသင့်သမျှကို ထိုးထိုး ထွင်းထွင်း နက်နက်နဲနဲ သိသွားမယ်။
၅။ သမ္ဗောဓာယ = အဆုံးတိုင် ထိုးထွင်းသိမြင်ပြီး ဖြစ်လို့ အမှန်တရားနဲ့ ပတ်သက်လို့ သူပြောကို ယုံစရာ မလိုဘဲ ကိုယ်ကြုံအဖြစ် ကိုယ်ပိုင်ဉာဏ်နဲ့ မှန်မှန်ကန်ကန် သိမြင်သွားမယ်။
၆။ နိဗ္ဗာနာယ = မှန်မှန်ကန်ကန် ကိုယ်ပိုင်အသိနဲ့ သိမြင်ပြီးတဲ့ အတွက် ဒုက္ခငြိမ်းရာကို ကိုယ်သိ မျက်မှောက် ခံစားနိုင်ပြီး ဒုက္ခအားလုံး ငြိမ်းအေးသွားမယ်။  မဇ္ဈိမပဋိပဒါ လမ်းစဉ်ကို ကျင့်သုံးသူများဟာ ဒီအကျိုးခြောက်မျိုးကို ရစေနိုင်တယ်လို့ အကျိုးကို အရင်းပြုပြီးတော့မှ" သမ္မာဒိဋ္ဌိ အစရှိတဲ့ မဇ္ဈိမကျင့်စဉ်(မဂ္ဂင်ရှစ်ပါး)ကိုထုတ်ပြတော်မူပါတယ်။ မဇ္ဈိမကျင့်စဉ်ရဲ့ အကျဉ်းချုပ်ကတော့ သီလကျင့်စဉ်၊ သမာဓိ ကျင့်စဉ်၊ ပညာကျင့်စဉ် ဆိုတဲ့ ကျင့်စဉ်(သိက္ခာ) သုံးပါး ဖြစ်ပါတယ်။။( အကျယ်ကို "မဂ္ဂသစ္စာ"ရောက်မှ ရေးပါမယ်။)
အစွန်းရောက်တရားနှစ်ပါးနဲ့ မဇ္ဈိမကျင့်စဉ်တို့ရဲ့ ခြားနားချက်ကတော့ အစွန်းတရားနှစ် ပါးတို့က တစ်ခုက တစ်ခုကို ဖြောင့်ဖြောင့် ဆန့်ကျင် ငြင်းပယ်တယ်၊ အတ္တကိလမထသမားက ကာမသုခလ္လိကကို လုံးဝ ဆန့်ကျင်ငြင်းပယ်သလို ကာမသုခလ္လိက သမားများကလည်း အတ္တ ကိလမထကို လုံးဝငြင်းပယ်ပါတယ်။
မဇ္ဈိမကျင့်စဉ်မှာ အစွန်းတရားကို ပယ်ရမယ် ဆိုတာက အဲဒီ အကျင့်များကိုပင် "ပန်းတိုင်" အဖြစ်သတ်မှတ် ကျင့်သုံးခြင်းကိုသာ ပယ်ခြင်း ဖြစ်ပါတယ်။ မဇ္ဈိမအကျင့်ရဲ့ အထောက်အကူ အဖြစ်နဲ့တော့ ကာမသုခလ္လိက သမားတို့ အသုံးပြုတဲ့ အာရုံငါးပါးထဲက စား၊ ၀တ်၊ နေရေး၊ ကျန်းမာရေးအတွက် အထောက်အကူဖြစ်တဲ့ အာရုံတို့ကို သတိတရား အသိ တရား ရှေ့သွားပြု(ပစ္စ၀က္ခဏာဆင်ခြင်)ပြီး သုံးဆောင်ခွင့် ရှိပါတယ်။ (ကာမဂုဏ် တရားတို့မှာ အဿာဒ= သာယာဖွယ်၊ အာဒီန၀= အပြစ်၊ နိဿရဏ=လွတ်မြောက်မှု ဆိုပြီး သဘောသုံး မျိုး ကွဲပြား ပုံကို ဘုရားရှင်က  ဟောတော်မူပါတယ်)။
အလားတူပဲ၊ အတ္တကိလမထသမားတို့ အသုံးပြုတဲ့ ခန္ဓာကိုယ်ကို ငြိမ်သက်အောင် ထားခြင်း စသည်တို့ကို လည်း မဇ္ဈိမ အကျင့်ရဲ့ အထောက်အကူဖြစ်ရုံ အသုံးချပါတယ်။ 'ပန်းတိုင်'အဖြစ် သတ်မှတ်ခြင်းကိုသာ ပယ်ရမှာ ဖြစ်ပြီး ပန်းတိုင်ရဲ့ အထောက်အကူ အဖြစ်နဲ့ တော့ အသုံးချနိုင်တယ်လို့ ဆိုလိုတာပါ။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

No comments:

Post a Comment